နိုင်ငံသားများ တရားဝင်ပိုင်ဆိုင်သော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်း နိုင်သည့်ပစ္စည်းများ
ကို ထိခိုက်နစ်နာစေရန် အာဏာအလွဲသုံးမှုများ ရှိခဲ့ပါက ထိုသူတို့အား သက်ဆိုင်ရာဥပဒေများဖြင့်
အရေးယူမည်ဖြစ်ကြောင်း၊ ၎င်းတည်ဆဲဥပဒေများကို ခေတ်စနစ်နှင့် လျော်ညီစွာ ပြင်ဆင်ဖြည့်စွက်
အတည်ပြု ပြဋ္ဌာန်းသင့်ကြောင်း၊ ထိုသူတို့အား အရေးယူနိုင်ရန် ရှင်းလင်းပြတ်သားမှုရှိပြီး ပြည်သူ
လူထုအား အကာအကွယ် ပေးမည့် အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်း ပေးရန်အဆိုကို လွှတ်တော်က
မှတ်တမ်း တင်သင့်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက
ဖေဖော်ဝါရီ ၆ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။
"နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တာဝန်များအရ ပုဒ်မ ၃၄၇ နဲ့အညီ ဥပဒေနဲ့ အကာအကွယ်
ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမှာဖြစ် ကြောင်း၊ ပုဒ်မ ၃၅၆ မှာ နိုင်ငံသားများ၏
တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်း နိုင်သော ပစ္စည်းများနှင့်
စပ်လျဉ်း၍ ဥပဒေအရအကာအကွယ်ပေးရမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိ
အလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ပစ္စည်းများနဲ့ စပ်လျဉ်းလို့ ထိခိုက်နစ်နာစေရန် ဖန်တီးထားတဲ့၊
အာဏာကို အလွဲသုံးစား ဆောင်ရွက်မှုများ ရှိခဲ့မည် ဆိုပါက အာဏာအပ်နှင်းခြင်းခံရသူ အနေဖြင့် ကျူးလွန်တဲ့ပြစ်မှုအလိုက် ပြစ်မှုဆိုင်ရာဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်တဲ့ဥပဒေ၊
အများ နှင့်သက်ဆိုင်သောပစ္စည်း ကာကွယ် စောင့်ရှောက်သည့်ဥပဒေ၊ ရာဇဝတ် ဥပဒေ ပြင်ဆင်
ချက်ဥပဒေ၊ တရားမဝင် သော နည်းလမ်းနဲ့ရရှိတဲ့ ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ အပါ
အဝင်သက်ဆိုင်ရာဥပဒေများနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။
"သို့ပါ၍ တည်ဆဲဥပဒေများကို ခေတ်စနစ်နဲ့ လျော်ညီစွာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်
အတည်ပြုပြဋ္ဌာန်းပေးရန် သင့်ပါကြောင်းနှင့် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့
ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်းများနှင့် ပတ်သက်၍ ထိခိုက်နစ်နာနေသော
ပြည်သူများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် တည်ဆဲ
ဥပဒေများကို ပြန်လည်သုံးသပ်ပြီး အာဏာအလွဲသုံးစား ဆောင်ရွက်ခဲ့သူများအား အရေုးယူနိုင်ရန်
ပြည်ထောင်စု အစိုးရအဖွဲ့က ရှင်းလင်းပြတ်သားမှုရှိပြီး ပြည်သူလူထုအား အကာအကွယ် ပေးမည့်
အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်း ပေးရန်အဆိုကို မှတ်တမ်းတင်သင့်ပါ ကြောင်း ရှင်းလင်းဖြေကြားအပ်
ပါတယ်"ဟု ရဲချုပ်ကျော်ကျော်ထွန်းက သင်္ဃန်းကျွန်း မဲဆန္ဒနယ် ဦးသိန်းညွန့်၏ အဆိုကို ထောက်
ခံပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒီအဆိုကိုတင်သွင်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားအခွင့်
အရေးများကို နိုင်ငံသားများ ပြည့်ပြည့်ဝဝ ရရှိခံစားနိုင် ဖို့ ဖြစ်ပါတယ်။ စာအုပ်ပေါ်မှာ ပြဋ္ဌာန်းထား
တဲ့နေရာကနေ လက်တွေ့ အသက်ဝင်လာဖို့ လိုအပ်ပါတယ်။ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့ ပတ်သက်
ပြီး သာဓကနှစ်ခု တင်ပြပါ့မယ်"ဟု လက်တွေ့၌ နိုင်ငံသားများ ကြံုတွေ့ခံစားနေရသည့် ထိခိုက်
နစ်နာမှုများနှင့် ပတ်သက်၍ ပြည်သူလူထုအား အပြည့်အဝ အကာအကွယ် ပေးနိုင်သည့် အထူး
ဥပဒေတစ်ရပ် လိုအပ်ကြောင်းကို ဦးသိန်းညွန့်က ထောက်ပြရှင်းလင်းပြီး အဆိုတင်သွင်းခဲ့ ခြင်းဖြစ်
သည်။
၎င်းထောက်ပြသည့် ပထမသာဓကမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်တွင် ၀န်ဆောင်မှုကုမ္ပဏီအချို့၏
မသမာမှု ကြောင့် ပြည်သူတို့ ထိခိုက်နစ်နာခဲ့ရခြင်းများ ဖြစ်သည်။
ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ ဆုံးရှုံးကြပြီး လူလတ်တန်း စားဘဝမှ လူဆင်းရဲအဖြစ်သို့ ရောက်ရှိ
ခဲ့သောကိစ္စများအတွက် တည်ဆဲဥပဒေ များက အကာအကွယ် အပြည့်အဝ မပေးနိုင်ခဲ့ခြင်းကို
ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်။
ထိုစဉ်က အကျိုးဆောင် ကုမ္ပဏီများသည် နိုင်ငံတော်အစိုးရထံ အလှူငွေမျိုးစုံ လှူဒါန်းလျက် ပြည်
သူလူထု၏ ယုံကြည်မှုကို ရယူခဲ့ကြသည်ဆို၏။
"အဲဒီတုန်းက နိုင်ငံတော်ရဲ့တာဝန် ရှိတဲ့လူတွေကိုယ်တိုင်က အဲဒီဝန်ဆောင် မှုကုမ္ပဏီတွေနဲ့ ရုပ်မြင်
သံကြားမှာ အလှူငွေလက်ခံရယူတာတွေကို မူတည်ပြီး ပြည်သူတွေက ယုံကြည်ခဲ့ကြလို့ ကိုယ့်ငွေ
တွေကို အပ်နှင်းခဲ့ကြတဲ့ကိစ္စပါ။ ကုမ္ပဏီအနည်းအပါးကတော့ ထည့်ဝင်တဲ့ငွေရင်းတွေကို ပြန်ထုတ်
ပေးလို့ ကျေးဇူးတင်ရပါသေးတယ်။ တချို့ ကုမ္ပဏီတွေကိုလည်း တရားစွဲဆိုနိုင်ပေမယ့် အဲဒီလို
တရားစွဲဆိုဖို့ ငွေထပ်မလိုက် နိုင်ပါဘူး။ ဒီကိစ္စမှာ အဲဒီကုမ္ပဏီတွေရဲ့ အလှူငွေတွေကို တပြံုးပြံုးနဲ့
ယူထားတဲ့ အစိုးရမင်းများက 'ငါတို့နဲ့ မဆိုင်ဘူး၊ မင်းတို့ပြည်သူတွေ နုံလို့၊ အလို့ မင်းတို့ ထိုက်နဲ့
မင်းတို့ကံ နင်သာခံပေတော့' လို့ အဖေအမေခေါ်စရာ မရှိခဲ့ပါဘူး။ ခုချိန်မှာ အဲဒီအကျိုးဆောင်
ကုမ္ပဏီ လူကြီးမင်းများ ပြန်လည်ကြီးပွားပြီး သူဌေးပြန်ဖြစ်နေကြပါပြီ။ အဲဒီတုန်းက ဆုံးရှုံးနစ်နာခဲ့ရ
သူတွေကို ဘယ်သူကမှ အကာအကွယ်မပေးခဲ့ပါဘူး ဆိုပြီးတော့ အငြိမ်းစား အလယ်တန်းပြ
ဆရာမ တစ်ဦးက ရွှေ့ပြောင်းနိုင်တဲ့၊ သူတို့ ပိုင်ဆိုင်တဲ့ ပင်စင်စုဆောင်းငွေလေးများ ဆုံးရှုံးခဲ့ရတာ
ကို The Voice ဂျာနယ်မှာ ရင်ဖွင့်ခဲ့ပါတယ်"ဟု ဦးသိန်းညွန့်က ထောက်ပြခဲ့သည်။
ထို့ပြင် ဒုတိယသာဓကတစ်ခုနှင့် ပတ်သက်၍လည်း- "နောက်တစ်ခုက တရားဥပဒေအရ အင်မ
တန်ဆိုးတဲ့ ကိစ္စတစ်ခုပါ။ ကျွန်တော်တို့ မော်လမြိုင်ဘက်မှာ တရားမဝင် ခွဲသားများ တင်ဆောင်
လာတဲ့ ကြယ်တံခွန်အမည်ရှိတဲ့ စက်လှေကို တပ်မတော်(ရေ)က သိမ်းခဲ့ပါတယ်။ သိမ်းပြီး ရုံးတင်
တော့ ဥပဒေအရ လုပ်ရမယ့် စက်လှေကို ရုံးမတင်ခဲ့ပါဘူး။ အမှုပြီး တစ်နှစ်ကြာတဲ့အခါမှာ အဲဒီ
စက်လှေ ဟာ နိုင်ငံတော်ဆီလည်းမရောက်ဘူး၊ တရားဝင်ပိုင်ဆိုင်တဲ့ ပိုင်ရှင်ဆီကိုလည်း ပြန်မ
ရောက်ဘူး။ မော်လမြိုင် သံလွင်တံတားတစ်ခုမှာ ယခုထက်ထိထားပြီး တော့ တစ်နေ့ ဘယ်သူယူ
မလဲဆိုတဲ့ ပြဿနာ၊ ဥပဒေအရ မလုပ်ဘဲ ဥပဒေ ပြင်ပနဲ့လုပ်တဲ့ ဖြစ်ရပ်မျိုးတွေဟာ မဖြစ်သင့်ပါ
ဘူး။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၅၀၇ အရ ချမှတ်ပြီး နိုင်ငံတော်က သိမ်းရင်သိမ်း၊ မသိမ်းရင်လည်း
မူလပိုင်ရှင်ကို ပြန်ပေးရမယ်။ အခုတော့ ဒီအတိုင်း မိုးထဲ ရေထဲမှာပျက်စီးပြီး လွဲလွဲမှားမှား အသုံးချ
တော့မယ့်အနေအထားမျိုးတွေဟာ နိုင်ငံသားတွေအတွက် အင်မတန် ထိခိုက်ပါတယ်"ဟု ၎င်းက
ရည်ညွှန်း ပြောကြားခဲ့သည်။
ထို့ပြင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် ပတ်သက်၍ စာချုပ်သက်တမ်း မှတ်ပုံတင်ဥပဒေအရ
မှတ်ပုံတင်ခြင်း၊ နိုင်ငံပိုင်သတင်းစာ၌ ထည့်ခြင်းမျိုးများ ရှိသော်လည်း ၎င်းမှတ်ပုံတင်ထားရှိမှုကို
တရားရုံးက မျက်ကွယ်ပြုကာ စီရင်ချက်ချမှတ်ခဲ့သဖြင့် အိမ်ကို ၀ရမ်းကပ်ပြီး လေလံတင်ရောင်းချခံ
ရသည့် အမှုတစ်မှုကိုလည်းကောင်း၊ အသက် ၈၅ နှစ်ရှိ နိုင်ငံသိ စာရေးဆရာကြီး မင်းယုဝေ (ခ)
ဦးဝင်းမောင်၏ နေအိမ်နှင့် မြေသည် ကာလတန်ဖိုး သိန်းခြောက်ထောင် (သိန်း ၆,၀၀၀) တန်သော်
လည်း တရားရုံးက သိန်း ၂၈၀ ကျော်ဖြင့် ရောင်းစေဟူသော စီရင်ချက်ကြောင့် အဖြစ်ဆိုး နှင့် ကြံု
တွေ့ရမှုကိုလည်းကောင်း ဦးသိန်းညွန့်က ဆက်လက်ဖော်ထုတ် ပြောကြားကာ "တရားရေးမဏ္ဍိုင်
ယိုယွင်းပျက်စီးသဖြင့် သားကောင်ဖြစ်ရ သော ကျွန်တော် မင်းယုဝေမိသားစု၏ အဖြစ်ဆိုးကို
စာနာထောက်ထား၍ အမှန်တရားပေါ်ပေါက်အောင် အရေးယူ ကူညီပေးပါရန်" ဟူသည့် ဆရာ
မင်းယုဝေကိုယ်တိုင် လွှတ်တော်ရေးရာ ကော်မတီများထံသို့ ရေးသားပေးပို့သော စာကို
ဦးသိန်းညွန့်က ပြည်သူ့လွှတ်တော် သို့ ဖတ်ကြားပြခဲ့သည်။
"ဒီလို နိုင်ငံသားအခွင့်အရေးတွေကို ပြန်လည်ကုစားဖို့ အခြေခံဥပဒေမှာတော့ စာချွန်တော်လွှာ
ပြဋ္ဌာန်းထားပါတယ်။ ဒီစာချွန်တော်လွှာအခွင့်အရေး လိုချင်တယ်ဆိုရင် နေပြည်တော်
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လာပြီး တင်ရပါမယ်။ ဒီနေ့ နိုင်ငံသားအများစု ဟာ
နေပြည်တော်ကိုလာဖို့၊ ရှေ့နေ ငှားရမ်းပြီး တင်ဖို့ဆိုတာ အင်မတန်မှ အခက်အခဲ အကျပ်အတည်း
ရှိပါ တယ်။ ဒါတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းပေးနိုင်မလဲ၊ ပြန်လေ့လာကြည့်တဲ့အခါ နိုင်ငံသားများ
ရဲ့ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်တဲ့ဥပဒေမှာ ဒီလို စောင့်ရှောက်ဖို့ ဗဟိုအဖွဲ့၊ ဒေသ
ဆိုင်ရာ အာဏာပိုင်အဖွဲ့၊ ၀န်ထမ်းအဖွဲ့တွေ အထိ ကာကွယ်စောင့်ရှောက်ပေးရမယ် လို့ ပြဋ္ဌာန်း
ထားပါတယ်။ အဲဒီ ကာကွယ် စောင့်ရှောက်မှုမရဘူးဆိုရင်လည်း ဒီ အာဏာအလွဲသုံးစားလုပ်တဲ့
ပုဂ္ဂိုလ်တွေ ကို အခွင့်အာဏာ အလွဲသုံးစားပြုသဖြင့် နစ်နာ၍ အရေးယူခြင်းဆိုတာ ပြဋ္ဌာန်းထားပါ
တယ်။ ပြည်သူတို့က အကြံဉာဏ် တောင်းရင်လည်း ပေးရမယ်ဆိုတာ ပြဋ္ဌာန်းထားတဲ့အတွက်
နိုင်ငံသားတွေ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးကို နေပြည်တော် ပြည်ထောင်စု တရားရုံး
ချုပ်အထိ မလာဘဲနဲ့ မိမိမြို့နယ်၊ မိမိခရိုင်၊ မိမိပြည်နယ်မှာပဲ နစ်နာမှု အခွင့်အရေးတွေကို ရယူနိုင်
တဲ့ အခွင့် အလမ်းတွေရှိပါတယ်။ ဒါကြောင့် အခုလို ကျွန်တော် အဆိုတင်သွင်းရခြင်းဖြစ်ပါတယ်"
ဟု ဦးသိန်းညွန့်က ဖြည့်စွက် ရှင်းလင်းပြီး ပြည်သူ့လွှတ်တော်သို့ အဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။
၎င်းအဆိုနှင့်ပတ်သက်ပြီး တည်ဆဲဥပဒေအား ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်၊ ပယ်ဖျက်၊ ပြဋ္ဌာန်း
နိုင်ရေးအတွက် သက်ဆိုင်ရာတို့မှ ဆောင်ရွက် နေသောကြောင့် ထိုအဆိုကို အကျယ်တဝင့်
ဆွေးနွေးရန် မသင့်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက
ဖြေကြားခဲ့သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက- "ရှေ့နေချုပ်တို့၊ ပြည်ထောင်စု
အစိုးရ အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က နိုင်ငံသားများရဲ့ တရားဝင်ပိုင်
ဆိုင်ထားသော ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍
ထိခိုက်နစ်နာ နေသော ပြည်သူများအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်
ရရှိစေရန် တည်ဆဲဥပဒေကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည်များကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊
အစားထိုး ခြင်းကို ဆောင်ရွက်နေကြာင်း သိရ၍ ဦးသိန်းညွန့်၏အဆိုအား လွှတ်တော်က မှတ်တမ်း
တင်ထားရှိ၍ (အစိုးရဘက်က ဥပဒေပြင်ဆင်၊ ပြဋ္ဌာန်းမှု၊ ဆောင်ရွက်မှုများကို) လွှတ်တော်က
စောင့်ကြည့်သွား မည်ဖြစ်ကြောင်း ကြေညာပါတယ်"ဟု လွှတ်တော်၏သဘောဆန္ဒကို ရယူပြီး
အတည်ပြုနိုင်ခဲ့သည်။















