မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် နေရာများအဖြစ် ထိန်းသိမ်းထားရှိသော သရေခေတ္တရာ၊
ဗိဿနိုးနှင့် ဟန်လင်းမြို့ဟောင်းများကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းပြီးဖြစ်ရာ
ယခု နှစ်အတွင်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်မှ လာရောက်စစ်ဆေးသွားမည် ဖြစ်ကြောင်း ပျူ
ယဉ်ကျေးမှုမြို့တော် သုံးခုအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းသို့တင်သွင်းနိုင်ရေး မူကြမ်း
ပြုစု ရေးကော်မတီမှ သိရသည်။
"World Heritage Center ရဲ့ လက် အောက်က ICOMOS-International Council of
Monumnet and Sites ကပညာရှင်အဖွဲ့ ဇွန်၊ ဇူလိုင်လလောက် မှာလာပြီး ပျူမြို့သုံးမြို့လုံးကို
လက်တွေ့ ကွင်းဆင်းစစ်ဆေးမယ်။ တင်သွင်းချက်မှာပါတဲ့ အချက်တွေထဲက မြို့တွေရဲ့ ရှေးမူ
လက်ရာမပျက်မှု (Authenticity) ၊ စုစည်းခိုင်မာမှု (Integrity)၊ ထူးခြားချက် အရည်အသွေး
(Attribution) တွေကို အဓိက တိုင်းတာစစ်ဆေးမယ်။
"နောက် လက်ရှိယဉ်ကျေးမှုဒေသအတွင်းမှာ သတ်မှတ်ထားတဲ့ဥပဒေနဲ့ ပိုင်းခြား၊ ထိန်းသိမ်းထား
တဲ့ယဉ်ကျေးမှုဇုန်၊ ကာကွယ်ထိန်းသိမ်းရေးဇုန်၊ အထိမ်းအမှတ်ဇုန်တွေနဲ့ ကြားခံဇုန်တွေအကြားမှာ
လူနေဧရိယာ၊ လုပ်ငန်းဧရိယာ၊ မြို့ပြချဲ့ထွင်မှုစတဲ့ အပိုင်းတွေရှိမရှိကို တင်သွင်းထားတဲ့ အချက်
တွေနဲ့ညီမညီ စစ်ဆေးသွားမှာပါ" ဟု မူကြမ်းပြုစုရေး ကော်မတီဥက္ကဋ္ဌ (ယဉ်ကျေးမှုဝန်ကြီးဌာန၊
ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန) အငြိမ်းစား ညွှန်ကြားရေး
မှုးချုပ် ဦးစန်းဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါအဖွဲ့၏ ကွင်းဆင်းစစ်ဆေးမည့်အချက်များသည် ပျူမြို့သုံးမြို့အား ကမ္ဘာ့အမွေအနှစ်စာရင်း
သို့ ဇန်နဝါရီ ၂၂ ရက်က အပြီးသတ်တင်သွင်းထားပြီး သော စာရင်းသွင်းပါအချက်များကို အဓိက
အခြေခံသွားမည်ဖြစ်သည်။
စစ်ဆေးရသောရလဒ်များကို ၂၀၁၄၊ ဇွန်လတွင်ကျင်းပမည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံ
၌ မြန်မာနိုင်ငံ၏ ပျူမြို့များအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်းအတွက် ဆုံးဖြတ်ဆွေးနွေး
သွားမည်ဖြစ်ကြောင်း သိရသည်။
"ပျူမြို့သုံးမြို့ဟာ ပြုပြင်ပြင်ဆင်မှု မလုပ်ရသေးတဲ့ သူ့နဂိုသဘာဝအတိုင်း ထိန်းသိမ်းထားလို့ ရှေးမူလက်ရာအတိုင်း ပါပဲ။ ဒါကြောင့်လည်းကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"ဟု ဦးစန်းဝင်းက ပြောသည်။
အဆိုပါမြို့များအား ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖြစ်လာပါက မြန်မာ နိုင်ငံ၏ ယဉ်ကျေးမှုအမွေ
အနှစ်များကို ကမ္ဘာ့နိုင်ငံများက သိရှိလာမည်ဖြစ်ပြီး ပြည်တွင်းပြည်ပခရီသွားများ လာရောက်
လည်ပတ်မှုများပြားလာနိုင်ပြီး ဒေသအတွင်း ခရီးသွားလုပ်ငန်း ဖွ့ံဖြိုးလာမည် ဖြစ်သည်။
၎င်းဖွံ့ဖြိုးမှု၏ အကျိုးရလဒ်အဖြစ် ဒေသခံများအတွက် အသိအမြင်ကျယ် ပြန့်လာခြင်း၊ အလုပ်
အကိုင်အခွင့်အလမ်းများလည်း ရရှိလာနိုင်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါ်စန္ဒာခင်က ပြောသည်။
သို့ရာတွင် ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ဖြစ်လာပါက ကော်မတီကချမှတ်ထားသော စည်းမျဉ်း
စည်းကမ်းများကို လိုက်နာရန် အထူးလိုအပ်ကြောင်းနှင့် ၀န်ကြီးဌာနအနေဖြင့်လည်း ဒေသခံများ
နှင့် ပြည်သူများသိရှိနားလည်စေရန် အသေးစိတ် ကွင်းဆင်း ကူညီ ပူးပေါင်း ဆောင်ရွက်ပေးသွား
မည်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။
၁၉၉၄ ဧပြီလတွင် မြန်မာနိုင်ငံက ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး သဘောတူညီမှုစာချုပ် (World
Heritage Convention) ကို ပါ၀င်လက်မှတ် ရေးထိုးခဲ့သည်။
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တွင် Tentative list (ပဏာမသဘော အဖြစ်) ယဉ်ကျေးမှု
ဒေသကြီး ရှစ်နေရာကို တင်သွားခဲ့ရာ ယခုပျူရှေးဟောင်း ယဉ်ကျေးမှုမြို့သုံးမြို့သည် ၎င်းရှစ်နေရာ
တွင် အပါအဝင်ဖြစ်သည်။
ပျူရှေးဟောင်းမြို့များသည် မြန်မာ နိုင်ငံ၏ အရေးပါထင်ရှားသည့် ယဉ်ကျေးမှုအမွေအနှစ် နေရာ
ဒေသများဖြစ်၍ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့် ကာလ ရှေးပျူတို့ အခြေချနေထိုင်သည့်
အထောက်အထားများကိုလည်း ထိန်းသိမ်းထားလျက်ရှိသည်။
အဆိုပါ လုပ်ငန်းများကို ၂၀၀၈ ခုနှစ် တွင်စတင်ခဲ့ပြီး ၂၀၁၁ တွင်လုပ်ငန်း စီမံကိန်းများ အကောင်
အထည်ဆောင်ရွက်ခဲ့သည်။
လုပ်ငန်းစီမံချက်အား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် အီတလီ
အစိုးရက ဥရောပသုံးငွေ ယူရို ၄၀၀,၀၀၀ ထောက်ပ့ံ ပေးခဲ့သည်။
ပျူမြို့သုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရပြီးပါက ဆက်လက်၍
ပဏာမသဘောအဖြစ် တင်သွင်းထားသော ရှစ်နေရာထဲ မှ အခြားသင့်တော်ရာ နေရာများကို
လည်း ဆက်လက်၍ အမွေအနှစ်တင်သွင်းသွားမည်ဖြစ်ကြောင်း ဦးစန်းဝင်းက ပြောသည်။
"ပုဂံရှေးဟောင်းနယ်မြေက လက်ရှိအနေအထားမှာ နယ်မြေတစ်ခုလုံး စာရင်းတင်သွင်းဖို့ မလွယ်
တော့ဘူး။ ဒါပေမဲ့လည်း တချို့ဘုရားတစ်ဆူချင်းဆီမှာ သူ့ရဲ့ရှေးဟောင်းလက်ရာနဲ့ သမိုင်းတန်ဖိုး
တွေရှိတယ်။ ပုဂံက ဘုရားအစု လိုက်ကိုအမွေအနှစ်စာရင်းတင်သွင်းဖို့တော့ အစီအစဉ်ရှိတယ်။
တခြားနေရာ တွေလည်း ဒီလိုပဲတစ်ခုပြီးတစ်ခု လုပ်သွားရမှာပါ"ဟု ဦးစန်းဝင်းက ပြောသည်။















