ကိုယ်ဝန်စောင့်ရှောက်နေစဉ် မွေးဖွားချိန်နှင့် မွေးဖွားပြီးချိန် မှားယွင်းမှုများကြောင့် မွေးကင်းစ
ကလေးငယ် သေဆုံးခဲ့ရသည့်အတွက် တာဝန်ရှိသူ သားဖွားမီးယပ်ဆရာဝန်တစ်ဦးကို ဆေးကုသ
ခွင့် လိုင်စင် ငါးနှစ်ပိတ်သိမ်းလိုက်သည် ဟု မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပြန်ခဲ့သည်။
အဆိုပါ အမျိုးသမီးသားဖွားမီးယပ်ဆရာဝန်ကို ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ အတွင်းက မီးဖွားချိန်
မှားယွင်းတွက်ချက်ခဲ့ပြီး ခွဲစိတ်မွေးဖွားခဲ့ခြင်းကြောင့် မွေးကင်းစကလေးငယ် သေဆုံးခဲ့ရသည့်
အပေါ် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆေးကုသခွင့် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံ၌ ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်တွင် လူနာရှင်
က တိုင်တန်းခဲ့ပြီး နောက်တွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
လူနာရှင်ဘက်မှ အဆိုပါ သားဖွား မီးယပ်ဆရာဝန်ကို မြောက်ဥက္ကလာပ တရားရုံးတွင် ၂၀၁၀
ဩဂုတ်လအတွင်း က ပုဒ်မ ၃၀၄ (က)ပေါ့လျော့မှုကြောင့် လူသေစေမှုဖြင့် တရားစွဲဆိုခဲ့သည်။
အဆိုပါဖြစ်ရပ်အပြီး ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က လူနာရှင်ဘက်မှ ပြုလုပ်ခဲ့သော
သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ သားဖွားမီးယပ်ဆရာဝန် သည် ကလေးမွေးဖွားမည့်ရက်အား
မှားယွင်းတွက်ချက်ခဲ့ပြီး မွေးဖွားချိန်တွင် သန္ဓေသားမှာ ရက်သတ္တပတ် ၃၀ သာ ရှိနေကာ လမစေ့
ဘဲ မွေးဖွား၍ သေဆုံးခဲ့ရသည်ဟု လူနာရှင်များကပြောသည်။
မွေးဖွားပြီးချိန်တွင် ကလေးငယ်မှာ သုံးပေါင် ငါးအောင်စသာရှိပြီး ပေါင်မပြည့်သဖြင့် မြောက်
ဥက္ကလာဆေးရုံကြီးရှိ ကလေးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့ရပြီး မွေးဖွားပြီး တစ်ပတ်အကြာ
တွင် သေဆုံးခဲ့သည်။
မြောက်ဥက္ကလာ ဆေးရုံကြီး၏ သေဆုံးမှုမှတ်တမ်းအရ ကလေးငယ်မှာ လမစေ့ဘဲမွေးဖွား၍
သေဆုံးခဲ့ရသည်ဟု ကလေးငယ်၏မိခင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
"ကျွန်မ စပြီးပြတဲ့အချိန်ကတည်းက သူ (သားဖွားမီးယပ်ဆရာဝန်)တွက်ပေးထားတဲ့ မွေးရက်က
အမှားကြီးဖြစ်နေပြီး အဲဒီအမှားကိုပဲ နောက်ဆုံးအထိ တောက်လျှောက်မှားလာတာကို တွေ့ရပါ
တယ်"ဟု ၎င်းက ပြောသည်။
အဆိုပါ သားဖွားမီးယပ်ဆရာဝန်သည် လူနာဖြစ်သူအား ကိုယ်ဝန်စောင့် ရှောက်စဉ် ခန့်မှန်းမွေးဖွား
ရက် တွက်ချက်ရာတွင် မှားယွင်းခြင်း၊ ခွဲစိတ် မွေးဖွားရန် ဆုံးဖြတ်ချက် မှားယွင်းခြင်း၊ ခွဲစိတ်ခြင်း
မပြုခင် လူနာအား လုံလောက် သော ရှင်းပြခြင်းမရှိခြင်းနှင့် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် ကလေးနုနေ
မှန်းသိပြီး လုံလောက်သောကုသမှုများ လုပ်ဆောင်ခဲ့သော်လည်း လူနာရှင်နှင့်ဆက်ဆံရာတွင်
လိုအပ်ချက်များရှိနေခြင်းများရှိ ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မြန်မာ နိုင်ငံ ဆေးကောင်စီ၏
ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဆေးကောင်စီထံသို့ မြန်မာတိုင်း(မ်)က ဇန်နဝါရီ ၃၀ ရက်နေ့
တွင် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားရန် ငြင်းဆိုခဲ့သည်။
"ဥပဒေကြောင်းအရ ဆရာဝန်တစ်ယောက်ကို အရေးယူတယ်၊ ဘာ ကြောင့် အရေးယူတယ်ဆိုတာ
အများ ပြည်သူကို ထုတ်ပြန်ပိုင်ခွင့်မရှိပါဘူး" ဟု ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးမြင့်
က ပြောသည်။
အဆိုပါထုတ်ပြန်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဦးစီးမှူးရုံးနှင့် သက်ဆိုင်ရာ ကျန်းမာရေးဦးစီး
ဌာနများသို့ အကြောင်းကြားထားပြီး ဖြစ်သည့် အတွက် ထပ်မံပြောကြားရန် မရှိကြောင်း ၎င်းက
ပြောသည်။
သို့သော်လည်း ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလက ဗဟန်းမြို့နယ် အထူးကု ဆေးရုံတစ်ရုံ၌
မှားယွင်းကုသမှုကြောင့် ၁၅ နှစ်အရွယ် မိန်းကလေး သေဆုံးခဲ့ ရမှုအပေါ် ဆရာဝန်အား ဆေးကုသ
ခွင့် ငါးနှစ်ပိတ်သိမ်းရာတွင် မြန်မာနိုင်ငံ ဆေးကောင်စီမှ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပေး
ခဲ့ရသည်။
မြန်မာနိုင်ငံဆရာဝန်အသင်းမှ အသင်းဝင်ဆရာဝန်တစ်ဦးက ဆရာဝန် ၏ မှားယွင်းကုသမှုကြောင့်
လူနာသေဆုံးမှုကိစ္စများ ယခင်ကရှိခဲ့သော်လည်း ယခုအခါ မီဒီယာများတွင် ရေးသားဖော်ပြခွင့်
ရရှိလာပြီဟု ဆိုသည်။
"အရင်က ဖြစ်ခဲ့တာတွေကလည်း လူမသိ သူမသိနဲ့ ပြီးသွားတာမျိုးတွေ ရှိပါတယ်"ဟု ၎င်းက
ပြောသည်။















