နိုင်ငံရေး အကျဉ်းသားများ ကော်မတီ ဖွဲ့စည်းမှုကို ကြိုဆို

နိုင်ငံရေး အကျဉ်းသားများ ကော်မတီ ဖွဲ့စည်းမှုကို ကြိုဆို

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းအား ဥက္ကဋ္ဌ
အဖြစ် ဦးဆောင်စေကာ သမ္မတက ဖွဲ့စည်းပေးခဲ့မှုကို ကြိုဆိုကြောင်း အမေရိကန်အစိုးရက
ထုတ်ပြန်ကြေညာခဲ့သည်။

"ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်လာစေရေးအတွက် အားလုံးပါ၀င်စေကာ
ထင်သာ မြင်သာရှိစေမည့် စိစစ်ရေးလုပ်ငန်းစဉ်ကို တည်ထောင်လိုက်ခြင်းအားဖြင့် အမျိုးသား ပြန်
လည်စည်းလုံးရေးလုပ်ငန်းစဉ်ဆီသို့ အစိုးရက အရေးကြီးသော ခြေလှမ်း လှမ်းလိုက်ခြင်းဖြစ်သည်"
ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန် က သတင်း
ထုတ်ပြန်ခဲ့သည်။

အဆိုပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးတွင်လည်း ကူညီသွားမည်ဟု ၎င်းကပြောသည်။

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား
ပြန်လည်လွှတ်ပေးနိုင်ရေးအတွက် စိစစ် ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားခဲ့ကြောင်း
ဖေဖော်ဝါရီ ရ ရက် နေ့ သတင်းစာများတွင်ဖော်ပြခဲ့သည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ဦးစိုးသိန်း ဦးဆောင်ပြီး အစိုးရဝန်ကြီးဌာန
များမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ဆောင်ရွက်သွား
ရန် ညွှန်ကြားခဲ့သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲတွင် ဦးစိုးသိန်းက
၎င်းတို့အနေဖြင့် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရန် မကြာမီ
ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ
အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လွတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ ညှိနှိုင်းရေးဆွဲခြင်း၊ လက်ရှိနိုင်ငံရေး
အကျဉ်းသားများအား စိစစ်ပြီး လွှတ်ပေးသင့်သူများအား လွှတ်ပေးရေး ညှိနှိုင်း ဆောင်ရွက်ခြင်းတို့
ကို ဆောင်ရွက်ပြီး စိစစ်တွေ့ရှိချက်များအား နိုင်ငံတော် သမ္မတထံ တင်ပြသွားရမည်ဖြစ်ကြောင်း
သမ္မတရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်
ရှောက်ရေးအသင်း (မြန်မာ)မှ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြည်ထောင်စုဝန်ကြီး ဦးဆောင်
သော ကော်မတီတွင် ပါ၀င်ရန် သူတို့အဖွဲ့ မှ ကိုယ်စားလှယ်တစ်ဦး တောင်းခံသော စာကို ရရှိထား
ပြီဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းတို့စာရင်းအရ ကျန်ရှိနေသေး သော နိုင်ငံရေးအကျဉ်းသားပေါင်းမှာ ၂၁၈ ဦးရှိသည်ဟု ၎င်းက
ပြောသည်။

"ရန်ကုန်ကို ရောက်လာတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တချို့နဲ့ နိုင်ငံရေးခေါင်း
ဆောင်တချို့ကို ကွာဟနေတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို
အဖြေရှာကြမလဲဆိုတဲ့ ကိစ္စတွေ ဆွေးနွေးဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ရဲ့ စာရင်းအရ
၂၃၄ ယောက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း သူတို့စာရင်းနဲ့သူတို့ရှိ တယ်"ဟု ၎င်းက
ပြောသည်။

သို့သော်လည်း ကွာဟနေသည့် စာရင်းမှာ သိပ်ပြီးပြဿနာမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်မှ ဦးနိုင်း နိုင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်တော်တို့စာရင်းက အကုန်မှန်တယ်လို့ ပြောလို့မရဘူး။ ဝေးလံ ခေါင်းပါးတဲ့ နေရာတွေကဟာ
ဆိုလည်း ရုတ်တရက်တော့ မသိဘူးလေ။ သူတို့ မသိတာလည်း ရှိမှာပေါ့"ဟု ၎င်းက ပြောကြား
သည်။

အစိုးရအနေဖြင့် ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသားဟူသည့် စကားလုံးကို အသုံးပြုလာခြင်းမှာပင်
အမှန်တကယ် အပြုသဘောဆောင်ပြီဖြစ်သဖြင့် ကြိုဆိုကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ
အဖွဲ့ (နိုင်/ကျဉ်းရေးရာကော်မတီ ၀င်) ဦးထွန်းကြည်နှင့် ဦးနိုင်းနိုင်းက ပြောကြားသည်။

"အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အရုဏ်ဦးလို့လည်း ပြောလို့ရတာပေါ့။ ကျန်တဲ့ နိုင်ငံ
ရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်တို့တော့ ဆွေးနွေးရဦးမှာပေါ့။ အကြမ်းဖျင််းကတော့ နိုင်ငံရေး
အကျဉ်းသား ၂၀၀ ကျော်ရှိပါတယ်။ နိုင်ငံပိုင် သတင်းစာကကြေညာပြီးတဲ့ နောက် ကျွန်တော်တို့
အဖွဲ့ထဲမှာ အကြိတ်အနယ် ဆွေးနွေးနေကြပါပြီ" ဟု ဦးထွန်းကြည်က ပြောသည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသား မရှိပါဟု အစိုးရတာဝန်ရှိသူများက တရားဝင်ပြောဆိုထုတ်ပြန်ခဲ့
မှုများရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟူသည့် စကားလုံး အသုံးပြုခြင်းကို အစိုးရက အစဉ်တစိုက်
ရှောင်ကြဉ်လာခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဟု နောက်ပိုင်းတွင် ဖော်ပြခဲ့သည်။

ယခုကော်မတီဖွဲ့စည်းရာတွင်မှ နိုင်ငံရေးအကျဉ်းသားဆိုသည့် စကားလုံးကို တရားဝင် အသုံးပြုခြင်း
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး