ရခိုင်ပြည်နယ်တွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေး
၀န်ထမ်းများအား လူတချို့၏ ခြိမ်းခြောက်နှောင့်ယှက်မှုများ ကြံုတွေ့နေရသဖြင့် အစိုးရနှင့် ပြည်သူ
များက ကူညီပေးရန်လိုအပ်နေသည်ဟု နယ်စည်းမခြား ဆရာဝန်အသင်းမှ General Director
ဖြစ်သူ Arjan Hehenkamp က ဖေဖော်ဝါရီလ ရ ရက်နေ့ နယ်စည်းမခြားဆရာဝန်အဖွဲ့၏ ရန်ကုန်
ရုံး၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
နယ်စည်းမခြား ဆရာဝန်အသင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းပေါင်း ၂၀ တွင်
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစိုးရ၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်လျက် ရှိသော်လည်း
ရိုဟင်ဂျာဒုက္ခသည်စခန်းများကို ကူညီမှုပေးရာတွင် အတားအဆီးများ ကြုံနေရသည်ဟု ၎င်းကဆို
သည်။
"ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ၌ တွေ့ရှိမှုများအရ ရာပေါင်းများစွာသော ကိုယ်ဝန်
သည်များနှင့့် အာဟာရချို့တဲ့ပြီး ရောဂါဝေဒနာမျိုးစုံ ခံစားနေရသည့် ကလေးငယ်များ တွေ့ ရှိရပါ
တယ်။ ဒါကြောင့် သူတို့တစ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု တွေကို ပိုလုပ်ပေးဖို့ လိုအပ်
နေပါတယ်" ဟုု ၎င်းကပြောသည်။
"ဒုက္ခသည်စခန်းမှာရှိနေတဲ့ ကိုယ်ဝန်သည်တွေဟာ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။
သူတို့မီးဖွားဖို့အတွက် ကျန်းမာရေးဌာနတွေကို မသွား နိုင်ကြဘူး။ ဒါကြောင့် သူတို့စခန်းထဲက ရွှံ့
တွေထဲမှာ ဆရာဝန်မရှိဘဲ မွေးဖွားရတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်" ဟု ၎င်းက ပြောသည်။
၎င်းတို့ရောက်ရှိခဲ့သော ဒုက္ခသည်စခန်းတစ်ခုတွင် ကိုယ်ဝန်သည် ၂၀၀ ကျော်ခန့်ရှိသည်ကို တွေ့ရှိ
ခဲ့ရသလို စခန်းများတွင်လည်း အာဟာရချို့တဲ့ပြီး၊ အရေပြားရောဂါ၊ နာတာရှည် ချောင်းဆိုး ခြင်း၊
သန်ထခြင်း၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါများနှင့် ၀မ်းပျက် ၀မ်းလျောရောဂါတို့ ဖြစ်ပွား
နေသည့် ကလေးငယ်များအား တွေ့ရှိခဲ့ရသည်ဟု လည်း ဆိုသည်။
"ကျွန်တော် အဲဒီဒေသကို ရောက်သွားတုန်းက ဒုက္ခသည်စခန်းတစ်ခုမှာ ကလေးငယ်တစ်ဦးရဲ့
အသုဘတစ်ခုကို ကြံုခဲ့မိပါတယ်။ သူ ဘာကြောင့် ဆုံးရတာလဲလို့ စုံစမ်းကြည့်တော့ ရိုးရိုးအအေးမိ
ရောဂါနဲ့ပဲ ဆုံးသွားတယ်ဆိုတာကို တွေ့ရတယ်။ တကယ်ဆို ဒီရောဂါဟာ ဆေး သောက်ရုံနဲ့
ပျောက်တဲ့ရောဂါပါ"ဟု ၎င်းကပြောသည်။
နယ်စည်းမခြား ဆရာဝန်အသင်း အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ
စတင်ခါ နယ်လှည့်ဆေးကုခန်းများဖြင့် ယနေ့ အထိ လူနာပေါင်း ၁၀,၀၀၀ ကျော် ဆေးကုပေးနေ
သည်။
"ကျွန်တော်တို့ ဒုက္ခသည်စခန်းတွေဆီ သွားတဲ့နေရာမှာ ရခိုင်လူမျိုးတွေဆီကို သွားရင် ဘာမှမဖြစ်
ပေမယ့် ရိုဟင်ဂျာ စခန်းတွေဆီကို သွားရင်တော့ အမျိုးသား သစ္စာဖောက်လို့ အချို့သောလူနည်းစု
က စွပ်စွဲခံရတာမျိုးကို ကြုံတွေ့ရပါတယ်"ဟု Arjan Hehenkamp က ပြောသည်။
"ဒီလိုမျိုး အဟန့်အတားတွေကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးလုပ်ငန်းတွေကို
ပိုမိုဆောင်ရွက်ဖို့ အခက်အခဲတွေအများကြီး ရှိပါတယ်။ နောက်ပြီးတော့ ၀န်ထမ်းရှာဖို့လည်း အခက်
အခဲတွေ အများကြီးရှိပါတယ်" ဟု ၎င်းကပြောသည်။
ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်ကယ်လုပ်ငန်း
များ အဆင်ပြေစွာ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် အစိုးရနှင့် ရပ်မိရပ်ဖများက အကူအညီပေး
ရန် တောင်းဆိုလိုပါသည်ဟု Arjan Hehenkamp က ပြောသည်။
ရခိုင်ပြည်နယ်၌ ၂၀၁၂ ဇွန်လမှ စတင် ပြီး လူမျိုးရေးသဘောထားကွဲလွဲကာ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့
သည်။















