ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူအဖြစ် ရုံးအဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူကို
တာဝန်ပေးထားရာမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော် အား ပြောင်းလဲတာဝန်ပေးမည်ဟု
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်က
ပြောသည်။
"ဗိုလ်မှူးချုပ်အောင်သော်ကို ပြောင်းလဲ တာဝန်ပေးမယ်လို့ သိရပါတယ်။ တာဝန်စတင်ထမ်းဆောင်
ခြင်း ရှိမရှိ မသိရသေးပါ"ဟု ဒုတိယဝန်ကြီး ဦးရဲထွဋ် က မြန်မာတိုင်း(မ်)၏ မေးမြန်းချက်ကို
အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့သည်။
ယခုကဲ့သို့ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်ခြင်းသည် ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ကူး
ပြောင်းနေဆဲဖြစ်သော မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ ကျင့်စဉ်နှင့်ညီသော လုပ်ရပ်တစ်ခုဖြစ်ပြီး
ပြည်သူနှင့် တပ်မတော်ကြား ရေရှည်တွင် နားလည်မှု၊ ယုံကြည်မှုရှိလာမည့် ခြေလှမ်းတစ်ရပ်ဟု
လေ့လာသူများက သုံးသပ်ပြောကြားသည်။
"ပဋိပက္ခတစ်ခုခုဖြစ်ရင် တပ်ကလည်း သူ့ရဲ့ထင်မြင်ယူဆချက်၊ စိုးရိမ်မှုတွေကို မီဒီယာကတစ်ဆင့်
ပြည်သူက သိခွင့်ရမယ်ဆိုရင် တပ်အပေါ်ကို ပြည်သူူက ပိုယုံကြည်မှုရှိလာမယ်။ ပွင့်လင်းမြင်သာ
မှုရှိလာတာနဲ့အမျှ တာဝန်ခံမှု၊ တာဝန် ယူမှုတွေလည်း တိုးတက်လာမယ်" ဟု နိုင်ငံရေးလေ့လာသူ
ဦးဝင်းမင်းက သုံးသပ်သည်။
ပြောရေးဆိုခွင့်ရှိသူအနေဖြင့် အမှန်တကယ် ပြောရေးဆိုခွင့်လိုင်စင်ရှိရန် လိုအပ်ပြီး အထက်အရာရှိ
အား ကြောက်ရွံ့ နေ၍ မပြောရဲမဆိုရဲမဖြစ်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ သတင်းစာဆရာအသင်း
ဥက္ကဋ္ဌ မောင်ဝံသကပြောသည်။
ဌာနဆိုင်ရာများကလည်း သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြည်သူများ၏ကိုယ်စား
သိသင့်သိထိုက်သည်များကို မေးမြန်းသည်ဟု သဘောထား၍ ဖြေကြားပေးရန် လိုအပ်မည်ဖြစ်ပြီး
သတင်းမီဒီယာများကလည်း ယင်းတို့ ၏အခက်အခဲများကို စာနာနားလည်ရန် လိုအပ်သည်ဟု
လည်း ပြောကြားသည်။
"တပ်မတော်အကြောင်းကို ပြည်သူက သိအောင် အခုလို ပြောရေးဆိုခွင့်ရှိသူ ထားပေးတယ် ယူဆ
ပါတယ်။ အခုမှ စခန့်တာဆိုတော့ ဘယ်အတိုင်းအတာ ပြောခွင့်ရှိမယ်၊ ဘာတွေပြောခွင့်ရှိမယ်
ဆိုတာကတော့ ခန့်မှန်းဖို့ခက်ပါတယ်" ဟု တပ်မတော်တွင် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ
ဗိုလ်ကြီးဟောင်း တစ်ဦးဖြစ်သည့် အင်န်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းထိန်က ပြောသည်။
ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေကြားတိုက်ပွဲများ ဖြစ်ပွားရာတွင်
ကေအိုင်အေဘက် မှ ပြည်တွင်း၊ ပြည်ပမီဒီယာအချို့အား သတင်းယူခွင့်ပေးခဲ့သော်လည်း မြန်မာ့
တပ်မတော်ဘက်မှ မပြုလုပ်ခဲ့သည့်အတွက် အားနည်းချက်ဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ပြောရေး
ဆိုခွင့်ရှိသူခန့်ထားခြင်းသည် တိုးတက်မှုတစ်ရပ်ဖြစ်သည်ဟု ဗဟုအဖွဲ့မှ ဦးအောင်သူငြိမ်းက ပြော
သည်။
"အဲဒါက သိပ်ကောင်းပါတယ်။ ကျွန်မတို့ သတင်းရေးတဲ့အခါ အစိုးရဘက်ကအကြောင်း သိချင်ရင်
မေးလို့ မရဘူးဖြစ် နေတယ်။ ကျွန်မတို့ နှစ်ဖက်စလုံးက အသံတွေရတော့ ပိုကောင်းပါတယ်" ဟု
မကြာသေးမီက ကချင်ပြည်နယ်၊ လိုက်ဇာမြို့သို့ တိုက်ပွဲသတင်းများသွား ရောက်ရယူခဲ့သည့်
ပြည်တွင်းသတင်း ထောက်တစ်ဦးဖြစ်သူ မငြိမ်းငြိမ်းပြည့် က ပြောသည်။















