ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် တစ်သိန်းခြောက်သောင်းခန့်ကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် တစ်သိန်းခြောက်သောင်းခန့်ကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်

ဒီမိုကရေစီအသွင်ကူးပြောင်းလျက်ရှိသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ အသိအမှတ်ပြုထား
သော စံချိန်၊ စံညွှန်းများ၊ လက်မှတ်ရေးထိုးထားသော ကတိကဝတ်စာချုပ်များနှင့်အညီ ထိုင်းနိုင်ငံ
သို့ ရောက်ရှိနေသော မြန်မာဒုက္ခသည်များအား နေရပ်သို့ ပြန်လည်ပို့ဆောင်မည့် အရေးကို
ဆောင်ရွက်ရန်လိုအပ် ကြောင်း မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့၏ 'ပါ၀င်မှုမရှိလျှင်
သက်ဆိုင်မှုမရှိနိုင် - မြန်မာနိုင်ငံသို့ ပြန်လည်နေထိုင်ရေးအပေါ် ဒုက္ခသည်များ၏ရင်ဖွင့်သံ' များ
အမည်ရှိ ရုပ်ရှင်မှတ်တမ်း စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ပြောသည်။

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများမှ မြန်မာဘာသာဖြင့် ထပ်မံထုတ်ဝေထားသော အဆိုပါ
ရုုပ်ရှင်မှတ်တမ်းကို ပြီးခဲ့သောသီတင်းပတ်က ပြည်တွင်း သတင်းမီဒီယာများနှင့် မိတ်ဆက်ခဲ့သည်။

အဆိုပါရုပ်ရှင်မှတ်တမ်းတွင် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာ နိုင်ငံအတွင်းသို့ ပြန်လည်
နေရာချထား ရေးအပေါ် ဒုက္ခသည်များကိုယ်တိုင် ဖွင့်ထုတ်ပြောဆိုမှုများကို မီးမောင်းထိုးပြထား
သည်။

အလားတူ မှတ်တမ်းတွင် UNHCR ရှေ့ပြေးတက္ကသိုလ်ပညာရှင်များ၊ ဒေသခံလူထုအဖွဲ့အစည်းများ
မှ ကိုယ်စားလှယ်များနှင့် ဒုက္ခသည်များကိုယ်တိုင် တွေ့ဆုံမေးမြန်းချက်များပါ၀င်သည်။

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားတွင် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက် သူများအဖွဲ့တာဝန်ရှိသူ
တစ်ဦးဖြစ်သော ဒေါ်ခင်ဥမ္မာက တရားဝင်ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံနယ်စပ် ကယ်ဆယ်ရေး
စခန်းများ၌ မြန်မာနိုင်ငံသို့ ပြန်ပို့မည့် ဒုက္ခသည် လူဦးရေစုစုပေါင်း တစ်သိန်း ခြောက်သောင်းကျော်
ရှိသော်လည်း လက်ရှိအနေအထားရ ဒုက္ခသည်များအနေဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာနှင့်
နေရပ်သို့ မည်သို့ပြန်ရမည်ဆို သော အခြေခံသတင်းအချက်အလက်များကို တိကျစွာ မရရှိသေး
သောကြောင့် စိုးရိမ်နေကြကြောင်း ပြောသည်။

"ဒုက္ခသည်တွေရဲ့ ကိုယ်တိုင်ရင်ဖွင့် သံ၊ ခံစားချက်တွေ၊ စိုးရိမ်မှုတွေကို မီဒီယာ နဲ့တကွ ပြည်သူ
လူထုနဲ့ အစိုးရအထိ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တဲ့အတွက် ဒီပွဲကို စီစဉ်ဖြစ်တာပါ"ဟု
ဒေါ်ခင်ဥမ္မာက ဆိုသည်။

ထိုင်းနိုင်ငံနယ်စပ်တွင် ဒုက္ခသည် စခန်းကိုးခုရှိပြီး ကချင်၊ မွန်၊ ပအိုးဝ်၊ ပလောင် စတဲ့ တိုင်းရင်းသား
ပေါင်းစုံပါ၀င်ပြီး အများစုမှာ ကရင်နှင့် မွန်တိုင်းရင်းသားများဖြစ်ကြ၍ ဘာသာပေါင်းစုံ ပါ၀င်သည်။

အဆိုပါ ဒုက္ခသည်စခန်းများ၌ အကြောင်းအမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ
နေရာအနှံ့ အပြားမှ ရောက်ရှိခိုလှုံသူများရှိကြရာ နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်နေပြီဖြစ်သည်။

အချို့သော ဒုက္ခသည်မိသားစုများမှာလည်း တတိယနိုင်ငံသို့ ပြောင်းရွှေ့သွား သော်လည်း ဒုက္ခ
သည်စခန်းများရှိ လူဦးရေမှာ မလျော့သွားဘဲ ထပ်မံတိုးပွားလျက်ရှိကြောင်း လေ့လာချက်များအရ
သိရသည်။

တစ်ဖန် ထိုင်းနိုင်ငံအစိုးရက ဒုက္ခသည်များ လာရောက်ခိုလှုံမှုကို တားမြစ်ထားသောကြောင့် ဒုက္ခ
သည် စခန်းပြင်ပများတွင် နေထိုင်နေကြရ သော မိသားစုဝင်များလည်းရှိကြောင်း ဒေါ်ခင်ဥမ္မာက
ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲပြီးသည့်အချိန်မှစပြီး လက်ရှိအစိုးရသစ်လက်ထက် ဒီမိုကရေစီအသွင်ကူး
ပြောင်းရေးကို လုပ် နေကြသည်များကို မြင်နေကြားနေရပါ သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း
တွင် ပြည်ပဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကိစ္စကို မြန်မာအစိုးရက မည်သို့
ဖြေရှင်းသွားမည်ဆိုသည့် အရေးကို စိတ်ဝင်စားလျက် ရှိကြောင်း ၎င်းကဆိုသည်။

"နိုင်ငံတကာ စံချိန်၊ စံညွှန်းတွေ လက်မှတ်ရေးထိုးထားတဲ့ ဥပဒေပါအချက်တွေကို ဒီမိုကရေစီတန်ဖိုး
နဲ့အညီ လိုက်နာရမယ်။ အခု ဒုက္ခသည်တွေ သူ့အိမ်သူ့ရာ ပြန်ရောက်ရေးကို ဒီစံနှုန်း တွေနဲ့
ဘယ်လိုစီစဉ်မလဲ။ စစ်မှန်တဲ့ ဒီမိုကရေစီနည်းလမ်းတိုင်းအရ ဒုက္ခသည်တွေက သူတို့ရဲ့အခွင့်အရေး
ကို သူတို့ ကိုယ်တိုင် ဖွင့်ဟပြောဆိုတာကို အစိုးရနဲ့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ အတွင်း
ပူးပေါင်းဆောင်ရွက်ဖြေရှင်းပေးသွားဖို့ကို ရည်ရွယ်ပါတယ်" ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

အလားတူ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်ဖက် အစိုးရ အပါအဝင် UNHCR စသော နိုင်ငံတကာအဖွဲ့
အစည်းများမှလည်း လိုအပ်သော သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာ မှုရှိစွာဖြင့်
ဒုက္ခသည်များနှင့် ပြည်သူများအကြား ဖြန့်ဖြူးပေးသင့်ကြောင်း ကရင်အမျိုးသမီးများ အဖွဲ့မှ
ညွှန်ကြားရေးမှူး နော်ဆူဇန်နာလှလှစိုးက ပြောသည်။

"ပြီးခဲ့တဲ့ သုံးလတုန်းက ကျွန်မ နေပြည်တော် မှာ အစည်းအဝေးတစ်ခု သွားတက်ပါတယ်။
ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ ကျွန်မမိတ်ဆွေက 'မဆူဇန်နာ ဘယ်တုန်းက ရောက်လဲ၊ ဒုက္ခသည်
တစ်သိန်းခြောက်သောင်း ပြန်ပို့တဲ့ကိစ္စလား'ဆိုတော့ ကျွန်မလည်း လန့်သွားတယ်။ ကျွန်မလာတာ
တခြားကိစ္စလေ။ တစ်ခါ မြန်မာအင်န်ဂျီအို နက်ဝပ်ခ် အစည်းအဝေး သွားတက်တော့ ဒီကိစ္စကို
ထပ်ကြားရပြန်တယ်။ ကျွန်မတို့သတင်းရတာ က Alert လုပ်ထားပါ၊ ပြင်ဆင်ထားပါဆိုတော့
ဘယ်လိုပြင်ဆင်ထားရမှာလဲ၊ ဘာကိုဆိုလိုတာလဲ။ ကျွန်မတို့ သိခဲ့ရတာကတော့ တစ်သိန်း
ခြောက်သောင်း၊ အိမ်ထောင်စု ၃,၂၀၀ ပြန်ပို့မယ် ဆိုတာပါပဲ။ ဒါပေမဲ့ အခုအထိ ကျွန်မတို့ ဒီကိစ္စကို
သေသေချာချာ မသိရသေးပါဘူး။ ဘယ်တော့လဲ၊ ဘယ်လိုအနေအထားနဲ့ ပြန်ပို့မလဲဆိုတာ
ဒုက္ခသည်တွေကရော ကျွန်မတို့လို လူမှုအဖွဲ့ အစည်းတွေအတွက် သိသင့်တဲ့ သတင်းအချက်
အလက်တွေပါ"ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအစိုးရ၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင်
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာသုံးသန်းကျော်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး