ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကာယကံရှင်များက ပါ၀င်ရန် ဖိတ်ခေါ်လာပါက ငြင်းဆန်မည်
မဟုတ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
"ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အောင် အောင်မြင်မြင် ပါနိုင်ဖို့ဆိုတာဟာ ကာယကံရှင်တွေက လိုလားမှ
ဖြစ်မှာပါ။ ကာယကံရှင်တွေရဲ့ လိုလားမှု၊ တောင့်တမှု၊ တောင်းဆိုမှုမရှိဘဲနဲ့ ၀င်ပြီးတော့ လုပ်လို့
ငြိမ်းချမ်းရေးရမယ်ဆိုတာ ဒါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရာလည်း ရောက်ပါတယ်။ ကျွန်မကို
လိုလားတယ်၊ လုပ်ပေးစေချင်တယ်ဆိုရင်တော့ အချိန် မရွေးလုပ်ပေးပါ့မယ်ဆိုတာ ဒါတရားဝင်
ဒီနေ့ (၆၆) နှစ်မြောက် ပြည်ထောင်စု နေ့မှာ ဒါကျွန်မပြောပါရစေ"ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အတွက်
ရုပ်သံမိန့်ခွန်း တွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကချင်ဒေသ၌ တိုက်ပွဲများဖြစ်ပေါ်သည့်အပေါ်တွင် တစ်နိုင်ငံလုံးမှ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်
ဟုလည်း ၎င်းက ပြောကြားသည်။
"ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်မှာ နေတဲ့ ပြည်သူတွေသာမဟုတ်ဘဲ တခြား ဒေသကပြည်သူတွေ
ကိုယ်တိုင် ပူပင် နေကြတဲ့သဘောကို မြင်နေရပါပြီ။ ငြိမ်းချမ်းရေးအတွက် လုံလောက်တဲ့ အတိုင်း
အတာမဟုတ်သေးသော်လည်း လုံလောက်တဲ့ အနေအထားကို ရောက် လာပြီ"ဟု ၎င်းက ပြော
သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန် ကတည်းက စတင်ခါ ပြည်တွင်းငြိမ်းချမ်း ရေး လုံးဝရရှိသည့်
အချိန် တစ်ခါမျှမရှိ သေးဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
ပြည်ထောင်စုနေ့အတွက် သမ္မတ ဦးသိန်းစိန်က ပေးပို့ခဲ့သည့် သဝဏ်လွှာတွင်လည်း လွတ်လပ်ရေး
ရှိပြီးနောက် ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲ၊ လူမျိုးစွဲများကြောင့် တိုင်းရင်းသားအချင်းချင်းသွေးကွဲခဲ့ကြကာ
ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရသည်ဟု
ရေးသားထားသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ဒီမိုကရေစီစနစ်ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန်အတွက် နိုင်ငံ
တည်ငြိမ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိက လိုအပ်
ချက်ဖြစ်သည်လည်းဟု ထည့်သွင်း ဖော်ပြထားသည်။
တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင်လည်း ဆောင်ရွက်နေပါကြောင်း၊
ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ် အခတ် ရပ်စဲနိုင်ခဲ့ပြီး
ကေအိုင်အေတစ်ဖွဲ့ နှင့်သာ ဆွေးနွေးနေဆဲအဖြစ် ကျန်ရှိနေ ပါကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီ ၄
ရက်က ကျင်းပခဲ့သည့် ရွှေလီဆွေးနွေးပွဲတွင် ရလဒ်ကောင်းများရရှိခဲ့သည့်အတွက် မကြာမီတွင်
ကချင်ပြည်နယ်၌ ငြိမ်းချမ်း ရေး ရောင်ခြည်သန်းလာတော့မည်ဖြစ်ပါကြောင်း၊ ကေအိုင်အေနှင့်
ငြိမ်းချမ်းရေးရရှိပါက ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်
သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်းတင်နိုင်တော့မည် ဖြစ်ပါကြောင်း ဦးသိန်းစိန်
က ပြည်ထောင်စုပွဲတက်ရောက်သည့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ နှင့် နေပြည်တော်၌
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ဆုံစဉ် ပြောသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကေအိုင်အိုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၌ အလွတ်သဘော ဆွေးနွေးခဲ့ကြကာ ခိုင်မာသည့် စစ်ပြေငြိမ်းရေး
ကို အမြန်အကောင် အထည်ဖော်နိုင်ရန် သဘောတူညီကြ ကြောင်း တွေ့ဆုံပွဲအပြီးတွင် ပူးတွဲ
ကြေညာချက်တွင် ဖော်ပြထားသည်။
ဆွေးနွေးပွဲများ ထပ်မံကျင်းပသွားရန်လည်း သဘောတူညီခဲ့ကြသော်လည်း ကျင်းပမည့်ရက်ကိုမူ
သတ်မှတ်နိုင်ခြင်း မရှိသေးပေ။ ကေအိုင်အိုဗဟိုကော်မတီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်
ပြန်ချက်၌လည်း ယခင်ပူးတွဲထုတ်ပြန်ချက်များတွင် ဖော်ပြထားသည့်အတိုင်း ဆက်လက် ဆောင်
ရွက်သွားမည်ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်က ကေအိုင်အိုခေါင်းဆောင်များအား ပေးပို့သည့်စာ
တွင် ပါရှိသည့်အတိုင်း ကေအိုင်အိုဗဟိုကော်မတီကလည်း စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိစေရေးနှင့်
တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင် ဆွေးနွေး
ကာ အဖြေရှာသွားမည်ဟု ဖော်ပြထားသည်။















