"ကျွန်တော့် အသက် ၅၉ နှစ်ကျမှမိတဲ့ အကယ်ဒမီ ၀မ်းသာတယ်။ အခုဆေးရုံ ကနေ ဆေးကုသခံ
ပြီး ဒီနေ့စင်ပေါ် ရောက်လာတာပါ။ ကျွန်တော်လိုချင်တဲ့ အကယ်ဒမီ မိပါပြီခင်ဗျာ'လို့ ဒီဇင်ဘာ ၃၀
ရက်နေ့မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲ စင်မြင့်ပေါ်မှာ ၀င့်ဝင့်ကြွားကြွား ပြောသွားတဲ့ လူရွှင်တော်
ဦးမော့စ် တစ် ယောက် SSC ဆေးရုံမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၄ နာရီ ၂၀ မိနစ်မှာ
ကွယ်လွန်သွားခဲ့ရှာပါပြီ။
ဦးမော့စ်က အသည်းရောဂါကြောင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း SSC ဆေးရုံ မှာ ဆေးကုသမှုခံယူနေ
ရပြီး ရုပ်ရှင်ရိုက်ကူးခြင်းမှလည်း တစ်နှစ်ကျော် အနားယူထားတာဖြစ်တယ်လို့ အကယ်ဒမီပွဲ မတိုင်
ခင် မြန်မာတိုင်း(မ်)နှင့် အင်တာဗျုး မှာ ဖြေကြားခဲ့ပါတယ်။
ကျေးလက်မှာ ကြီးပြင်းလာပြီး သူနေတဲ့ရွာကို လာဖျော်ဖြေတဲ့အငြိမ့်အဖွဲ့နဲ့ ပါသွားရင်းက ပြဇာတ်
လောကကို ၀င် ရောက်ခဲ့သူဖြစ်ပါတယ်။
ဇာတ်ခုံပေါ်မှာ ပရိသတ်အကြိုက် လူရွှင်တော်တစ်လက်အဖြစ် ခံယူနိုင်ခဲ့သူဖြစ်ပြီး ဗီဒီယိုဇာတ်ကား
တွေ ခေတ်စားလာချိန်မှာ အချစ်၊ အလွမ်း၊ အကြမ်း ဘယ်ဇာတ်ကားမှာ မဆို ဟာသဇာတ်ပို့အဖြစ်
ဇာတ်လိုက်ကို ဇာတ်ပို့ပေးကာ ဇာတ်ကွက်သွက်လက်လာအောင် သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါ
တယ်။
"ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရုတ်တရက် အသက်ရှူမဝလို့ ဆေးရုံတင်ရာ ကနေ ဒီမနက်ပဲဆုံးသွား
တာပါ" လို့ မိသားစုဝင်တစ်ဦးက ဖြေကြားပေးခဲ့ပါတယ်။
ဦးမော့စ်ဟာ လူရွှင်တော်အဖြစ် ဇာတ်ပို့ကောင်းလှသလို ကျောင်းဆရာ တစ်ယောက်ရဲ့ပေးဆပ်မှု
ကို ရိုက်ကူးထားတဲ့ 'ထာဝရအလင်းတန်းများ' ဇာတ်ကားမှာ အလွမ်းဇာတ်ရုပ်နဲ့ အကယ်ဒမီဆုကို
လတ်တလောရရှိ ထားသူလည်း ဖြစ်ပါတယ်။
















