လက်ရှိ ကချင်ပြည်နယ်၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ရခိုင်ပြည်နယ် အခြေအနေတို့ကို
အဓိကထားလာရောက်ကြည့်ရှုရခြင်းဖြစ် ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကတည်းက မြန်မာ
နိုင်ငံသို့ရောက်ရှိနေသော လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ သောမတ်စ်
အိုဟေးကွင်တားနားက ဖေဖော်ဝါရီ လ ၁၃ ရက်နေ့ နေ့လယ်ပိုင်း မြန်မာတိုင်း(မ်)ရုံးသို့ လာရောက်
လည်ပတ်စဉ် ပြောကြားသည်။
"မနေ့ကပဲ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီက မွတ်စလင်နဲ့ ရခိုင်လူမျိုး
နှစ်စုနေတဲ့ ရွှေ့ပြောင်းဒုက္ခသည်စခန်းတွေ အများကြီးကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက်တော့
စစ်တွေအကျဉ်းထောင်ကိုသွားခဲ့ပြီး ဒေါက်တာထွန်းအောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက် ဒီရခိုင်
အရေးနဲ့ပတ်သက်ပြီး အဖမ်းခံထားရတဲ့သူတွေ တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
"ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေအရ အကြမ်းဖက်မှုတွေ မရှိတော့ပေမယ့် လူမျိုးစု နှစ်စုကြား
မုန်းတီးစိတ်တွေကတော့ မပျောက် သေးပါဘူး။ တစ်ဖက်နဲ့တစ်ဖက် ဒေါသတွေရှိနေ ကြတုန်းပါပဲ။
ဒီကိစ္စကတော့ တကယ်တော့ ကိုင်တွယ်ဖြေရှင်းရ မလွယ်ဘူးလို့ ပြောရပေမယ့် ဒီလူမျိုးစုနှစ်ခုစလုံး
ပြန်လည်သင့်မြတ်ဖို့က တော့ ကျွန်တော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်အုပ်စုကလည်း
ရခိုင်ပြည်နယ်ထဲမှာ ရောက်ရှိနေကြပြီဖြစ်တဲ့အတိုင်း ရခိုင်လူမျိုးတွေ နဲ့ အတူတကွ နေထိုင်နိုင်ဖို့
နည်းလမ်းရှာရမှာပါပဲ"ဟု ကွင်တားနားက ရခိုင်ပြည်နယ် ခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာတိုင်း(မ်)ကို
ဖြေကြားသည်။
ထို့ပြင် မကြာမီ မိုးရာသီ စတင်တော့မည်ဖြစ်ရာ ရွှေ့ပြောင်း ဒုက္ခသည်စခန်းများအနေဖြင့် မိုးရာသီ
ဒဏ်ခံနိုင်ရန် ပြင်ဆင်ထားမှုမရှိသေးသည့်အတွက် ပြည်သူများ သက်သောင့်သက်သာ ရှိစေရန်
ပြင်ဆင်ပေးရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
"ကျွန်တော့်အမြင်ဆို ရခိုင်ပြည်နယ်အရေး လုံးဝရပ်တန့်သွားဖို့ဆိုရင် ဒီလူမျိုးစု နှစ်စုစလုံး ပြန်လည်
သင့်မြတ်မှပဲဖြစ်မှာပါ။ ဘယ် တော့၊ ဘယ်လောက်ကြာမလဲဆိုတာတော့ ကျွန်တော်လည်း မပြော
တတ်ပါဘူး။ ပြန်လည်သင့်မြတ်ဖို့အတွက် ရခိုင်တိုင်းရင်း သား၊ မွတ်စလင်ဘာသာဝင်တွေသာမက
မြန်မာနိုင်ငံသား အားလုံးနဲ့ သက်ဆိုင်ပါတယ်"ဟု ၎င်းက ပြောကြားသည်။
မစ္စတာကွင်တားနားသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ကာ
အစိုးရတာဝန်ရှိသူများ၊ လွှတ် တော်အမတ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံမည်
ဖြစ်သည်။
"နိုင်ငံသားကတ်ထုတ်ပေးမှုနဲ့ ပတ်သက်ပြီးလည်း မနက်ဖြန် နေပြည်တော်မှာ နယ်စပ်ရေးရာဝန်ကြီး
နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေး ဖို့ရှိပါတယ်။ အခု လောလောဆယ်တော့ အဲဒါနဲ့ပတ်သက်ပြီး
ကျွန်တော်ပြောလို့မရသေးပါဘူး"ဟု ၎င်းက ပြောသည်။
ထို့ပြင် မစ္စတာကွင်တားနားသည် လာမည့် သောကြာနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့
လည်း သွားရောက်ရန် အစီအစဉ်ရှိကြောင်း ပြောသည်။
"ကချင်ပြည်နယ် လက်ရှိအခြေအနေအရ ကျွန်တော်တို့က ကချင်အရပ်သားတွေကို အထူးအလေး
ထားပါတယ်။ ဒီအရပ်သားတွေက မကြာခဏ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်စစ်ပွဲတွေ၊ ရွှေ့ပြောင်း
သွားလာနေထိုင်မှုတွေ၊ မြေမိုင်းတွေ၊ အတင်းအကျပ် အလုပ်စေခိုင်းမှုနဲ့ ကလေးစစ်သားအဖြစ်
အတင်းသွတ်သွင်းမှု တွေ ခံစားနေကြရပါတယ်။ ကချင်ပြည်နယ်အရေးဟာ ကျွန်တော် အခု
မြန်မာနိုင်ငံခရီးစဉ်ရဲ့ အရေးကြီးတဲ့ခရီးစဉ်ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ယခု မြန်မာနိုင်ငံခရီးစဉ်အတွင်း ရရှိလာမည့် သတင်းအချက်အလက်များအား ပြုစုပြီး လာမည့်
မတ်လတွင် လူ့အခွင့်အရေး ကောင်စီသို့ တင်ပြမည်ဟု ၎င်းကပြောသည်။
"အခု ဒီခရီးစဉ်က သိရှိလာမယ့် လတ်တလောအခြေအနေ တွေကို လာမယ့်မတ်လမှာ လုပ်မယ့်
လူ့အခွင့်အရေးကောင်စီကို တင်ပြမှာဖြစ်ပါတယ်။ အခု ခရီးစဉ်က ယေဘုယျအားဖြင့် လက်ရှိ
အခြေအနေတွေကို လာရောက် ကြည့်ရှုသုံးသပ်တာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။















