ကွင်တားနား မြန်မာတိုင်း(မ်)ရုံးသို့ လာရောက်

ကွင်တားနား မြန်မာတိုင်း(မ်)ရုံးသို့ လာရောက်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ
မစ္စတာ သောမတ်စ်အိုဟေး ကွင်တားနား သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊
ဗိုလ်အောင်ကျော်လမ်းအထက်ဘလောက်ရှိ မြန်မာတိုင်း(မ်)ရုံးချုပ်သို့ ၎င်း၏အဖွဲ့ဝင်များနှင့် အတူ
လာရောက်လည်ပတ်ခဲ့သည်။

၎င်းသည် မြန်မာတိုင်း(မ်)အပါအဝင် စာစောင် လေးခု ထုတ်ဝေလျက်ရှိသော မြန်မာကွန်ဆိုလီဒိတ်
တက် မီဒီယာကုမ္ပဏီကို ပူးတွဲတည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်သူ မစ္စတာရော့စ်
ဒန်ကလီနှင့် တစ်နာရီခန့် ဆွေးနွေးခဲ့ပြီး သတင်း ထောက်နှင့် ၀န်ထမ်းအချို့နှင့် တွေ့ဆုံခဲ့သည်။

"ဒီအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ကာလပါ။ အားကောင်းတဲ့ ဒီမိုကရေစီစနစ်ကို
သွားဖို့အချိန်တွေ အများကြီးယူရပါတယ်။ ဒီလိုအချိန်မှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ
သိပ်ကိုအရေးပါပါတယ်။ အိုင်ဒီယာတွေပေးဖို့၊ အစိုးရကို ပိုပြီးပွင့်လင်းမြင်သာရှိအောင်လုပ်ဖို့ က
သူတို့ရဲ့တာဝန်ပါ။ အဲဒီအတွက်လည်း ခုလို ဒီကအရေးကြီး မီဒီယာဌာနတွေထဲက တစ်ခုကို လာ
ရောက်လည်ပတ်တာပါ"ဟု မစ္စတာကွင်တားနားက ပြောသည်။

မစ္စတာရော့စ်ဒန်ကလီက "သူရဲ့အလုပ်တွေနဲ့ ပတ်သက်ပြီး သိချင်လို့ ကျွန်တော်သူနဲ့တွေ့ရတာ
ဖြစ်ပြီး ကျွန်တော့်ဝန်ထမ်းတွေအနေနဲ့လည်း သူနဲ့ တွေ့ခွင့်ရရှိပြီး သူအလုပ်လုပ်ပုံတွေကို နားလည်
စေချင်လို့ပါ။ ကျွန်တော်တို့ သူ့ကို ကူညီနိုင်မလား၊ သူ ကျွန်တော်တို့ကို ကူညီနိုင်မလား။ ဒါတွေက
သာမန်ကိစ္စတွေပါပဲ။

"မြန်မာတိုင်း(မ်)က အခုတလောမှာ သတင်း တွေထဲမှာ အတော်ပါနေတဲ့အတွက် သူရဲ့ အာရုံထဲ
ရောက်သွားတယ်ထင်တယ်။ သူက ကျွန်တော်တို့ ဆီကို လာလည်ချင်တဲ့ စိတ်ဆန္ဒရှိတယ်ဆိုတာ
ကို ဖော်ထုတ်ခဲ့ပြီးနောက် ကျွန်တော်ကလည်း ချက်ချင်းပဲ သူနဲ့ သူ့အဖွဲ့ကို လာလည်ဖို့ ဖိတ်ခေါ်
ခဲ့ပါတယ်"ဟု ပြောသည်။

"သူက ဒီနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာတွေ ကို လေ့လာစမ်းစစ်ဖို့နဲ့ အချို့သောအရေးကြီး နေရာ
တွေမှာ အဖြေရှာဖို့အတွက် ကုလသမဂ္ဂနဲ့တောင် ကင်းလွတ်ပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်ဖို့
ခန့်အပ်ထားခြင်းခံထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒါပေမဲ့ မြန်မာတိုင်း(မ်) ထုတ်ဝေခဲ့တဲ့ ၁၃ နှစ်
အတွင်း ပထမဆုံး လာရောက်ခဲ့တဲ့ အဆင့်မြင့် ကုလအရာရှိ တစ်ယောက်အနေနဲ့ သူရဲ့စူးစမ်းလို
စိတ်ကို ကျွန်တော်ချီးကျူးပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော်ချီးကျူးသလို လူ့အခွင့်
အရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍနေရာမှာ ရှိနေစေဖို့အတွက် စတုတ္ထမဏ္ဍိုင်ရဲ့ အရေးကြီးပုံ ကို
အထူးဂရုပြုတဲ့အတွက်လည်း ချီးကျူးပါတယ်။ သူလိုလူတွေများလာပါစေလို့ ကျွန်တော်ဆုတောင်း
ပါတယ်။ တံတားတွေ ပွင့်လာသလို သူရဲ့လာရောက်မှုကြောင့် နေရာသစ်တွေ ပေါ်ထွက်လာပြီး
ကျွန်တော်တို့ အခု ဖြတ်သန်း လျှောက်လှမ်းကြတော့မှာပါ။ ဒါကြောင့် သူ့ကို ကျေးဇူးတင်ပါတယ်"
ဟု ၎င်းကပြောသည်။

ကွင်တားနားသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ UNDP ရုံး၌ မြန်မာ
နိုင်ငံသတင်းသမားများ အစည်းအရုံး၏ ဥက္ကဋ္ဌ(၁) ဦးကိုကို၊ အိုးပင်းဂျာနယ်နှင့် မြန်မာ့ဓနမဂ္ဂဇင်း၏
အယ်ဒီတာချုပ် ဦးသီဟစော၊ မဇ္စျိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိန်ဝင်းနှင့်အတူ VOA မြန်မာပိုင်း
မှ ဒေါ်ခင်စိုးဝင်း တို့နှင့်လည်း နာရီဝက်ကျော် တွေ့ဆုံခဲ့သည်။

"မီဒီယာဥပဒေရေးဆွဲနေတဲ့ အနေအထား၊ လွတ်လပ်ဖွံ့ဖြိုးမှု ဘယ်လောက်ရှိနေပြီလဲ။ မြန်မာ
စာနယ်ဇင်းကောင်စီရဲ့ လုပ်ဆောင်မှု တွေကို မေးမြန်းခဲ့ပါတယ်"ဟု ဦးကိုကိုက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး