မြန်မာ့ရေအရင်းအမြစ်များ ထိန်းသိမ်းမှုအတွက် ကော်မရှင်တစ်ရပ်ဖွဲ့စည်းရန် လိုအပ်ကြောင်း
ရန်ကုန်မြို့ တော်ဝင် နှင်းဆီတွင် ကျင်းပသော ဧရာဝတီ မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးအတွက် လူထု
အကြံပြုအစည်းအဝေး တက်ရောက်လာသူများက အကြံပြုကြသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများသည် မြစ်ချောင်းများ၏ စီးဆင်းမှုအပေါ် အကျိုးသက်ရောက်မှုရှိ
လာသဖြင့် မြစ်ချောင်းများအပါအဝင် ရေအရင်း အမြစ်များထိန်းသိမ်းမှုမှာ အရေးတကြီး လိုအပ်လာ
လျက်ရှိကြောင်း အောင်ပင်လယ် သဘာဝပတ်ဝန်းကျင်မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်
က ပြောသည်။
"နိုင်ငံတော်သမ္မတရုံးကို ကျွန်မတို့ ဒီအစည်းအဝေးကနေ အကြံပေးချင်တာက မြန်မာ့ရေအရင်း
အမြစ်ထိန်းသိမ်းရေး ကော်မရှင်လုပ်ပါလို့။ မြန်မာနိုင်ငံမှာ ဆိုရင် အဓိကကျတဲ့ ဧရာဝတီ၊ ချင်းတွင်း၊
စစ်တောင်း၊ သံလွင်ဆိုပြီး မြစ်ကြီး လေးစင်းရှိတယ်။ ကျွန်မတို့က အခု ဧရာ ၀တီအကြောင်းပြော
နေပေမယ့် သံလွင် မြစ်အကြောင်းပြောဖို့ ရှိတဲ့သူတွေလည်း ရှိနေမှာပါပဲ"ဟု ဧရာဝတီမြစ်ဝှမ်းဒေသ
ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့၏ နာယက ဒေါက်တာ ခင်နီနီသိန်းက ပြောသည်။
အဆိုပါမြစ်ကြီးများ၏ မြစ်လက်တက်များ၊ ရေဝေရေလဲ ဒေသများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
ယိုယွင်းမှုများကို စောင့်ကြည့်ကာကွယ်မှုများလည်း လိုအပ်နေကြောင်း ဒေါ်ခေါန်ဂျာက ပြောသည်။
"ဧရာဝတီလို့ပြောရင် မေခနဲ့ မလိခ မြစ်နှစ်သွယ်က စပြောရပါမယ်။ အဲဒါ မပါဘဲနဲ့တော့ ဧရာဝတီ
ဆိုတာ မဖြစ် နိုင်ပါဘူး။ မေခမြစ်ရဲ့တစ်ဖက်တစ်ချက် သုံးဖာလုံလောက်မှာ ရွှေတူးမှုတွေတွေ့ နိုင်ပါ
တယ်။ ဒီလိုကမ်းတွေကိုတစ်ဖက် သုံးဖာလုံလောက် ရေဖျော်ချနေတဲ့အခါ ဧရာဝတီမြစ်ကြီးက
ကျန်းမာနိုင်ပါဦးမလား။ ပါသွားတဲ့ကမ်းတွေနဲ့အတူ ကျေးရွာရွှေ့ပြောင်းရတာတွေလည်း ရှိနေပါ
တယ်။ မြစ်ဆုံရဲ့ရေဟာလည်း ဘယ်လိုမှ မကြည်လင်နိုင်တော့ပါဘူး။ နောက် ဒီဖျော်ချလိုက်တဲ့မြေ
တွေဟာ မြစ်ရဲ့တစ်နေရာမှာသွားပြီး သောင်တွေ အဖြစ် အနည်ထိုင်နေမှာပဲ။ မေခ၊ မလိခ မှာဖြစ်
နေတဲ့ပြဿနာတွေဟာ အောက်ဘက်က မြန်မာတစ်နိုင်ငံလုံးကို စီးဆင်းသွားမှာဖြစ်ပါတယ်။ မေခ၊
မလိခ အပါအဝင် အားလုံးကိုခြံုကြည့်မှပဲ ဧရာဝတီကို ကယ်တင်နိုင်မှာဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။
မြစ်များကို ၎င်းတို့၏သဘာဝအတိုင်း စီးဆင်းနိုင်စေရန် ဂေဟစနစ်နှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ
ပေါင်းစပ်ထားသည့် စီမံခန့်ခွဲမှုကို ကျင့်သုံးသင့်ကြောင်း Ecodev မှ မန်နေဂျင်း ဒါရိုက်တာ
ဦးဝင်းမျိုးသူက ပြောသည်။
"ကျွန်တော်တို့မှာ မြစ်တွေရဲ့ ဇလဗေဒ ပိုင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ
ပိုင်းဆိုင်ရာ လိုအပ်မှုတွေက အကြီးကြီးဖြစ်နေတယ်။ ဒါတွေကိုသေချာမသိဘဲ ဆည်ဆောက်မယ်၊
ရေထိန်းတံခါးလုပ်မယ်ဆိုရင် တော့ ကျွန်တော်တို့က ပြဿနာကို ဖြေရှင်းတာမဟုတ်ဘဲ တစ်နေရာ
ကို တွန်းပို့ပြီး ကြီးသထက်ကြီးအောင် လုပ်နေသလိုဖြစ်နေပါလိမ့်မယ်" ဟု ၎င်းကပြောသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့တွင်လည်း
ဧရာဝတီ ထာဝရရှင်သန်စေရေးအတွက် ဧရာဝတီမြစ် ကော်မရှင်ဖွဲ့စည်းဆောင်ရွက်သွားရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းရာ လွှတ်တော်မှ အတည်ပြုခဲ့
သည်ဟု သိရသည်။















