မသန်စွမ်းသူများ၏ စာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းနိုင်

မသန်စွမ်းသူများ၏ စာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းနိုင်

စာပေနှင့် အသိပညာတိုးတက်ဖွံ့ဖြိုးရေးအတွက် စာအုပ်လှူဒါန်းလိုသူများသည် မသန်စွမ်းသူများ
အတွက် ပညာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် သင်တန်း ဖောင်ဒေးရှင်း DELTA  Disabilities
Education Livelihood and Training သို့ ဆက်သွယ်လှူဒါန်းကြရန် ဖိတ်ခေါ် လျက်ရှိသည်။

ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ သုတ၊ ရသစာအုပ်များ ကျောင်းသုံးဖတ်စာအုပ်များ၊
ဂျာနယ် မဂ္ဂဇင်း စသော မိမိတို့အိမ်တွင်အသုံး မလိုတော့သည့် စာအုပ်များအား မသန်စွမ်းသူများ၏
စာကြည့်တိုက်တွင်အသုံးပြုရန် လှူဒါန်းနိုင်သည်။

မသန်စွမ်းလူငယ်များ ဖွင့်လှစ်သော စာကြည့်တိုက်များသို့ ပညာဒါန စာအုပ်လှူဒါန်းလိုသူများသည်
ဗြိတိသျှကောင်စီ၊ ActionAid (Myanmar) ၊ ရုံးများသို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

အဆိုပါ စာအုပ်လှူဒါန်းမှုများသည် မသန်စွမ်းလူငယ်များ၏ ပညာရေးနှင့် လူမှုဘဝတိုးတက်ဖွံဖြိုးရေး
အထောက် အကူပြုအစီအစဉ်တစ်ရပ်အဖြစ် DELTA မှ စီစဉ်ခြင်းဖြစ်သည်။

ဗြိတိသျှသံရုံးတွင် အင်္ဂလိပ်စာသင်ကြားနေသော ဩစတြေးလျလူမျိုး မစ္စတာ ပီတာဘာခရီးသည်
DELTA အစီအစဉ်ကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လတွင် စတင်ခဲ့သည်။

DELTA အစီအစဉ်ဖြင့် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိမြို့များမှ မသန်စွမ်းသူလူငယ်များအတွက်
တစ်နိုင်စာကြည့်တိုက်မျာအား တည်ထောင်ပေးနိုင်ရန် မည်သည့်စာအုပ်အမျိုးအစားကိုမဆိုအလှူခံ
လျက်ရှိကြောင်း မစ္စတာ ပီတာက ပြောသည်။

"မသန်စွမ်းသူဟာ မစွမ်းနိုင်သူတွေ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ခြေမသန်ဖြစ်နေမယ်၊
ဉာဏ်ရည်မမီ ဖြစ်နေမယ်ဆိုတာနဲ့ သူ့ရဲ့ရည်မှန်းချက်နဲ့ အိပ်မက်တွေဟာ ဒီအားနည်းချက်တွေ
ကြောင့် မှေးမှိန်မသွားသင့်ဘူး။ သူတို့ စွမ်းနိုင်တဲ့အပိုင်းကို မြှင့်တင်ပေးဖို့လိုတယ်။ ဒီအတွက်
အဓိကလိုအပ်ချက်က တော့ ပညာရေးနဲ့အလုပ်အကိုင် အခွင့်အလမ်းတွေပါပဲ။ တစ်ခုခုကြောင့်
မသန် စွမ်းဖြစ်နေပေမယ့် သူတို့တွေဟာ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်ရရှိခွင့်ရှိတယ်။ ဒါဟာ
မသန်စွမ်းသူမှမဟုတ်တဲ့ အားလုံးနဲ့သက်ဆိုင်တဲ့ အခြေခံ လူ့အခွင့် အရေးတွေပါ။ ပတ်ဝန်းကျင်က
လည်း မသန်စွမ်းသူတွေအပေါ်ထားရှိတဲ့ ရှေးရိုး စွဲအမြင်၊ အယူအဆတွေကို ပြောင်းလဲဖို့ လိုအပ်
တယ်။ ဒါတွေဟာ ခွဲခြားဆက်ဆံမှုကို ဖြစ်ပေါ်စေတယ်။ အားလုံးပူးပေါင်း ပါ၀င်တဲ့ လူ့အဖွဲ့အစည်း
ဖြစ်ဖို့ မသန်စွမ်းသူတွေအတွက်လည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါတယ်"ဟု မစ္စတာ ပီတာဘာ
ခရီးက ပြောသည်။

ကျေးလက်လူထုအဖွဲ့အစည်းများ တွင် စာဖတ်ခြင်းအလေ့အထ တိုးပွားလာစေရန်လိုအပ်သည်။
စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာ စေရုံသာမက လူသားအကျိုးပြုလုပ်ငန်းများ
အတွက်လည်း အသိပညာပွင့်လင်းလာ မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

DELTA အစီအစဉ်မှ မသန်စွမ်းလူငယ်များအား ပံ့ပိုးပေးသော စာကြည့်တိုက်များသည် ၎င်းတို့၏
ဘဝအတွက် အသိပညာဖွံ့ဖြိုးရေးသာမက ၎င်းတို့ ကျင်လည်နေသော လူမှုဘဝနှင့် ဆက်သွယ်
ဆောင်ရွက်နိုင်သလို လူမှုပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးအတွက်လည်း တတ်စွမ်းနိုင်သည့်ဘက်မှ
ပါ၀င်ကူညီနိုင်စေရန် ရည်ရွယ်ကြောင်း ပီတာက ပြောသည်။

မစ္စတာ ပီတာသည် ActionAid (Myanmar)၊ Burnett Institute၊ LRC နှင့် ကံကော်ပညာရေး
အဖွဲ့များနှင့် ဧရာဝတီတိုင်း ဖျာပုံရှိ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် သုတေသန
စစ်တမ်းကောက်ယူ ကွင်းဆင်းလေ့လာသည့် လုပ်ငန်းများတွင် ပါ၀င်ကူညီရာမှ မသန်စွမ်းလူငယ်
များ၏ ဘဝရပ်တည် နိုင်ရေးလိုအပ်ချက်နှင့် အသိပညာဖွင့် လုပ်ငန်းများဆောင်ရွက်ပေးရန် အကြံ
ဉာဏ်ရရှိလာပြီး REAL Rural Education and Active Learning Libraries ဟူသော ကျေးလက်
ဒေသ ပညာရေး မြှင့်တင်မှု စာကြည့်တိုက်အစီအစဉ် ပြုလုပ်ခဲ့သည်။

အပေါင်နှင့် ဘန်ဘွေးစုရွာရှိ မနွယ်နီခိုင်၏ စာကြည့်တိုက်။ ဓာတ်ပုံ-ပီတာ

ဖျာပုံမြို့နယ် အပေါင်နှင့် ဘန်ဘွေးစု ရွာရှိ မနွယ်နီခိုင်နှင့် မပန်းအိတို့အား ဗြိတိသျှကောင်စီတွင်
စာကြည့်တိုက် သင်တန်းကိုပေးခဲ့ပြီး ကိုယ်ပိုင်စာကြည့် တိုက်များဖွင့်လှစ်နိုင်ရန် DELTA အစီအစဉ်
ဖြင့် ကူညီပံ့ပိုးပေခဲ့သည်။

၎င်းတို့၏ စာကြည့်တိုက် နှစ်ခုအတွက်လည်း စာအုပ် ၁၀၀ ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း မစ္စတာ
ပီတာက ပြောသည်။

"ဖျာပုံမြို့နယ်ပြင်ပက မသန်စွမ်းသူ လူငယ်လေးတွေကလည်း ဒီလိုစာကြည့်တိုက်လေးတွေ ဖွင့်ချင်
တယ်ဆိုရင် ကူညီ ပေးသွားဖို့ရှိတယ်။ ဒီလိုလုပ်ခြင်းအား ဖြင့် ရပ်ရွာလူထုအချင်းချင်း အပြန်အလှန်
ဗဟုသုတ၊ သတင်းအချက်အလက် ကူးလူးဆက်သွယ်မှုရရှိမှုကို အထောက်အကူဖြစ်စေမှာပါ"ဟု
ပီတာ က ပြောသည်။

အလားတူ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်စေ၊ မွေးရာပါအခြေအနေကြောင့် ဖြစ်စေ၊ ကိုယ်အင်္ဂါမသန်
စွမ်းသူများ၏ဆေးဝါးကုသစရိတ်ကို DELTA မှ ထောက်ပံ့ပေးခဲ့ရာ လက်ရှိအချိန်တွင် ခွဲစိတ်ကုသ
ရန်လိုအပ်သော ကိုယ်အင်္ဂါ မသန်စွမ်းသူ ၁၀ ဦးအား ထောက်ပ့ံပေး လျက်ရှိကြောင်း သိရသည်။

DELTA ရဲ့လုပ်ငန်းတွေ စလုပ်ဖြစ်ဖို့ အဓိကတွန်းအားတစ်ခုကတော့ နွယ်နီခိုင်ပါပဲ။ ကလေးမလေး
ဟာ မွေးရာပါ ကျောရိုးအောက်ပိုင်း ထိခိုက်ထားလို့ လမ်းမလျှောက်နိုင်ရှာဘူး။ ထိုင်ဖို့လည်း အရမ်း
ခက်ခဲတယ်။ ၂၀၀၈ ခုနှစ် နာဂစ် အပြီးမှာ ဧရာဝတီတိုင်းကို လူမှုရေးအဖွဲ့ တွေရောက်တော့
ကလေးမရဲ့ အခြေ အနေကို မြင်ကြရတယ်။ ဒါနဲ့ အကြော ပညာရှင်အဖွဲ့က သူ့ကိုလေ့ကျင့်မှုတွေ
စပေးတယ်။ သူ့ရဲ့ခါးရိုးကို ခွဲစိတ်ဖို့ဆိုတာ အမှန်တော့ တကယ့်ကို ခက်တဲ့အလုပ်ပါ။ ဒါပေမဲ့
သူကိုယ်တိုင်ကလည်း စိတ်ဓာတ်ခိုင်မာတဲ့သူ ဖြစ်တဲ့အတွက် ခွဲစိတ်ဖို့ကို DELTA က ပံ့ပိုးပေးခဲ့
တယ်" ဟု ပီတာက ပြောသည်။

DELTA ၏ ပံ့ပိုးမှုဖြင့် ခွဲစိတ်ကုသမှု ခံယူလျက်ရှိသော မောင်ကောင်းမြတ်သူ က တက္ကသိုလ်ဘွဲ့ရ
သည်အထိ ပညာသင်ကြားလိုကြောင်း အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ဆေးကုသမှု ခံယူ
နေစဉ် မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဆေးရုံမှာ လေ့ကျင့်ခန်းလုပ်ရင်း စာဖတ်ရအောင် ပီတာက စာအုပ်တွေယူ လာပေးတယ်။ ဒီနှစ်
ခွဲစိတ်ဖို့အတွက် ကျောင်းနားထားရတယ်။ နောင်နှစ်မှ ငါးတန်းကိုတက်ရမှာ။ ခွဲစိတ်ပြီး လမ်းမ
လျှောက်နိုင်ရင်တောင် wheelchair ကို ကျွန်တော်ကိုယ်တိုင် တွန်းနိုင်ရင် ကောင်းမယ်။ အခု
လက်တွေက အဲဒါကိုတောင် မတွန်းနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျောင်းဆက်တက်မှာပါ"
ဟု မောင်ကောင်းမြတ်သူက ပြောသည်။

မောင်ကောင်းမြတ်သူသည် အသက် ၁၄ နှစ်ရှိပြီဖြစ်ပြီး ငယ်စဉ်က မြစ်ထဲပြုတ်ကျရာမှ ခါးဆစ်ရိုး
စောင်းသွားပြီး အကြောသေရောဂါကို ခံစားနေရသူဖြစ်သည်။

အလားတူ ကိုသန်းကျော်ဌေးမှာ လည်း DELTA ၏ပ့ံပိုးမှုဖြင့် လမ်းပြန် လျှောက်နိုင်ရန် မျှော်လင့်
လျက်ရှိသည်။

"ကျွန်တော့်အသက် ၂၀ မှာ ဘောလုံး ကန်ရင်း ခြေထောက်က ခွေကျသွားတယ်။ ဘာမှခံစားမှု မရှိ
တော့ဘူး။ ဆေး သောက်၊ ဆေးထိုးလုပ်တယ်။ ပြန်မ ကောင်းလာဘူး။ နောက်အမျိုးသားပြန်လည်
သန်စွမ်းရေးဆေးရုံမှာ လေ့ကျင့်ခန်းလုပ်ရတာ တစ်နှစ်နီးပါးကြာတယ်။ ပြန်ကောင်းမလာဘူး။ အခု
အသက် ၂၆ မှ ဒီဆေးရုံကို ပြန်တက်ရတယ်။ ကိုယ့် ခြေထောက်နဲ့ ပြန်လမ်းလျှောက်နိုင်ဖို့
ကျွန်တော့်ဘဝအတွက် အိပ်မက်ပဲ။ ဒီကြားထဲမှာလည်း စာဖတ်ရင်း ကိုယ့်ကိုယ် ကိုယ်အားပေးနေ
တယ်"ဟု ကိုသန်းကျော်ဌေးက ပြောသည်။

မသန်စွမ်းသူများအား ထောက်ပ့ံကူညီပေးရာတွင် ၁၀ နှစ်မှ ၁၈ နှစ်အတွင်း ရှိကလေးများအား
ပညာရေးထောက်ပံ့မှု အစီအစဉ်ဖြင့်လည်းကောင်း၊ အသက် ၁၈ မှ ၃၀ အတွင်းရှိ လူငယ်များအား
အသက်မွေးဝမ်းကျောင်း ပညာရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လည်းကောင်း ဆောင်ရွက်
ပေးသွားမည် ဖြစ်ကြောင်း မစ္စတာ ပီတာက ပြောသည်။

အမျိုးသားအဆင့် စစ်တမ်းကောက်ယူချက်အရ မြန်မာနိုင်ငံတွင် ၁ ဒသမ ၃ သန်းတွင် မသန်စွမ်းသူ
၂ ဒသမ ၃၂ ရာခိုင်နှုန်းရှိသည်။

၁၀ အိမ်ထောင်တွင် မသန်စွမ်းသူတစ်ဦး ပါ၀င်ပြီး ၁၆ ရာခိုင် နှုန်းနှင့်အထက် ဆင်းရဲနွမ်းပါးသူများ
သည် မသန်စွမ်းသူများအား စောင့် ရှောက်နေရသည်။

မသန်စွမ်းသူများ၏ ၈၅ ရာခိုင်နှုန်းမှာ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်း
ဆိုင်ရာအခွင့်အလမ်း မရရှိကြပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး