လယ်ဆုံးရှုံးခဲ့သည့် ဖြူးလယ်သမားများ ၂၀၁၂ လယ်မြေဥပဒေအတိုင်း လျော်ကြေးရယူလို

လယ်ဆုံးရှုံးခဲ့သည့် ဖြူးလယ်သမားများ ၂၀၁၂ လယ်မြေဥပဒေအတိုင်း လျော်ကြေးရယူလို

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ လယ်သမားများသည် အစိုးရစီမံကိန်းများဖြစ်သော
ကွန်းချောင်း ဘက်စုံ စီမံကိန်း၊ ဖြူးချောင်း ဘက်စုံစီမံကိန်း၊ ငမွေဆည်၊ အမြန်လမ်းမကြီး၊ ၁၁၅ မိုင်
ယာဉ်ရပ်နားစခန်းအတွက် ဆုံးရှုံးခဲ့ရ သော လယ်မြေဧကများ၏ တန်ဖိုးကို ၂၀၁၂ လယ်မြေဥပဒေ
အတိုင်း လျော်ကြေးငွေ ရယူလိုကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဖြူးမြို့၌ ပြုလုပ်သော
ဖြူးမြို့နယ် ဖွံ့ဖြိုးတိုးတက်ခြင်း နောက်ကျမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တင်ပြတောင်းဆို
သည်။

"ဖြူးတစ်မြို့နယ်လုံးမှာ တောင်သူလယ်သမားက ရ၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဒီစီမံကိန်းတွေ
အတွက် အသိမ်းခံရတဲ့ လယ်မြေဧက စုစုပေါင်း ဧက ၈၀၀ ကနေ ၁,၀၀၀ ကြားရှိနေပြီး နစ်နာကြေး
တစ်ဦးမှ မရရှိသေးပါဘူး။ ဒီလို နစ်နာ နေရတာတွေကို နိုင်ငံတော်သမ္မတကြီးသိစေချင်လို့ပါ"ဟု
ဖြူးဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးခင်ဇော်က ပြောသည်။

လတ်တလောတွင် ဖြူးချောင်းရေလွှဲ ဆည်နှင့် ရေသောက်စနစ်စီမံကိန်းတွင် လိပ်သေကျေးရွာ
အုပ်စုမှ ရွာများမှာ လယ်သိမ်းခံရမှုကို ရင်ဆိုင်ရလျက်ရှိသည်။

"စပါးပင်တွေကြားကို အလံလာ ထောင်တော့ ဘာအတွက်မှန်းမသိခဲ့ဘူး။ နောက် ၂၀၁၂ ခုနှစ် ၁၀
လပိုင်းကျမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ် ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေက အစည်းအဝေး
ခေါ်ပြီး ဆည်မြောင်းထိုးမယ်၊ နစ်နာကြေးပေးမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းပါတယ်။ နစ်နာကြေး
တစ်ပြားမှမရမှာစိုးလို့ လက်မှတ်ထိုးခဲ့ကြတာပါ။ ခုတော့ နစ်နာကြေးကလည်း မရသေးဘူး။ ၂၀၁၂
ဒီဇင်ဘာလ ၂၈ ရက်မှာ မတ်ပဲ စိုက်ခင်းတွေကို မြေတူးစက်နဲ့ ထိုးချ တော့တာပဲ။ ဆည်မြောင်းက
အဲလိုလုပ်တဲ့အချိန်မှာ ကျွန်တော်တို့စိုက်ခင်းမှာ မတ်ပဲတွေက ပန်းတွေလည်းရနေပြီ။ အသီးရတော့
မှာ။ အဲဒီအတွက်လည်း စိုက်ပျိုးရေးဘဏ်က ငွေချေးပြီး ရင်းနှီးထားရတာပါ။ ခုတော့ လယ်လည်း
မရှိ တော့ဘူး။ ဘဏ်ကြွေးကိုလည်း ဘယ်လို ပြန်ဆပ်ရမှန်း မသိသေးဘူး။ ဒါတွေကို ဘယ်သူလာ
ဖြေရှင်းပေးမှာလဲဆိုတာကို သိချင်ပါတယ်"ဟု ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု အုတ်ဖိုကုန်း
ကျေးရွာမှ လယ်သမား ဦးတင်စိုးက ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်က
"ဒီနေရာမှာ ပြည်သူနဲ့ ညှိနှိုင်းရမှာပဲ။ အကြေအလည် မညှိ နှိုင်းဘဲ ဘာမှလုပ်လို့မရဘူး။ တောင်သူ
လယ်သမားအများစုက စာပေမတတ်ဘူး။ အမြင်ကျဉ်းကြတယ်။ သူတို့ကို ဘယ်လိုလျော်ကြေးပေး
မလဲ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုအတွက် ဘယ်လို နှစ်သိမ့်ဆွေးနွေးမလဲဆိုတာ စဉ်းစားရ
မယ်။ လူသားချင်း ကိုယ်ချင်းစာနာနိုင်ရမယ်"ဟု ပြောသည်။

နိုင်ငံတော်စီမံချက်များအရ ဆည်များကြောင့် တစ်နှစ်ပတ်လုံးရေရရှိနိုင်ပြီး သီးနှံများ စိုက်ပျိုးနိုင်
သောကြောင့် ကောင်းမွန်သော အစီအစဉ်ဖြစ်သော်လည်း ညှိနှိုင်းမှု၊ နားလည်မှု လိုအပ် နေသေး
ကြောင်း ၎င်းကပြောသည်။

"ဒီကိစ္စကို လွှတ်တော်မှာ ဌာနဆိုင်ရာ နဲ့ လွှတ်တော်နဲ့ အကြိမ်ကြိမ် အထပ်ထပ် ညှိနှိုင်းမှာပါ။
လယ်သမားတွေအားလုံးက တစ်နှစ်၊ သို့မဟုတ် ခြောက်လအတွင်း လျော်ကြေးတွေ ပြန်ရတော့မှာ
ပါ။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆို တော့ နည်းနည်းတော့ စောင့်ရပါမယ်။ ဒါကို ပထမ ပြည်
သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးမှာ ပါတီစုံ အကြီး အကျယ် ဆွေးနွေးဆုံးဖြတ်ပြီးသားပါ။
မကြာခင်မှာလည်း ကော်မတီ တစ်ရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးသွားမှာပါ" ဟု ပြည်သူ့ လွှတ်တော် စိုက်
ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။

ဆည်မြောင်းဦးစီးဌာနမှ မြို့ပြဦးစီးမှူး ဦးသိန်းသန်းထွန်းက "ဆည်မြောင်းတွေ မဆောက်လုပ်ခင်က
တည်းက သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီးအထိ စာတင်ပြီးသားပါ။ လယ်သမားတွေကလည်း
သဘောတူကြောင်းကို တစ်ဦးချင်း လက်မှတ်ထိုးပြီးဖြစ်လို့ တည်ဆောက်တာပါ။ လက်ရှိမှာတော့
မြေယာကော်မတီဖွဲ့ပြီး ရပ်မိရပ်ဖ၊ မြို့နယ်၊ မြေစာရင်းနဲ့ ဧကသတ်မှတ်ပြီး တန်ဖိုးဖြတ်ဖို့ စီစဉ်နေ
တုန်းပါ"ဟု ပြောသည်။

အဆိုပါ ဆည်မြောင်းစီမံကိန်းအတွက် လွှတ်တော်တွင် ဘတ်ဂျက် တောင်းခံခြင်းရှိခဲ့သော်လည်း
ဆည် မြောင်းတည်ဆောက်ခြင်း ခွင့်ပြုမိန့်ကို သီးသန့်တင်ပြခွင့်ပြုချက်ရယူခဲ့ခြင်းမရှိ ကြောင်း
ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

"လျော်ကြေးကိစ္စကို ကျွန်တော်တို့က မဆုံးဖြတ်ဘူး။ အခု လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီကို
အုပ်ချုပ်ရေး၊ မြေစာရင်း၊ စိုက်ပျိုးရေးကနေ ရပ်ကွက် အဆင့်ထိပါ ပါ၀င်ဖွဲ့စည်းဖို့ အမြန် ဆောင်ရွက်
နေကြတယ်။ ကျွန်တော်တို့ က အဲဒီကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ခံယူမယ်။ နိုင်ငံတော်က
သတ်မှတ်ချက်အတိုင်း ခံယူမယ်ဆိုတဲ့ သဘောပါပဲ"ဟု ၎င်းကပြောသည်။

အဆိုပါ ဖြူးချောင်းရေလွှဲဆည်နှင့် ရေသောက်စနစ်စီမံကိန်းသည် စုစု ပေါင်း ၁၇၅ ပေ နေရာ
အကျယ်အဝန်းယူမည်ဖြစ်ပြီး ပြီးစီးပါက မဂ္ဂါ၀ပ် ၃၀ ရေအားလျှပ်စစ် ထုတ်ယူနိုင်မည်ဖြစ် ကြောင်း၊
လယ်မြေဧက တစ်သိန်းကို ရေပေးဝေနိုင်မည်ဖြစ်ပြီး ဒေသတွင်း သောက်သုံးရေပါ ရရှိလာမည်ဖြစ်
ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး