လယ်ယာမြေကော်မရှင်၏ ပထမဆုံးအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တင်မည်

လယ်ယာမြေကော်မရှင်၏ ပထမဆုံးအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တင်မည်

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်၏ ပထမဦးဆုံး အစီရင်ခံစာကို
ယခုလ နောက်ဆုံးပတ်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ဆွေးနွေးသွားမည်ဟု
အဆိုပါကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဇလွန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်က
ပြောသည်။

"ကျွန်တော်တို့အဖွဲ့ရဲ့ လုပ်ဆောင်မှုဟာ လွှတ်တော်ရဲ့ သမိုင်းမှတ်တမ်းကျန်မှာ ဖြစ်ပါတယ်" ဟု
ဦးတင်ထွတ်က ယခုလ ၁၄ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပထမအစီရင်ခံစာတွင် တပ်မတော်မှ သိမ်းဆည်းခဲ့သည့် လယ်ယာမြေသိမ်း ကိစ္စများ ပါ၀င်မည်ဖြစ်
ပြီး စက်မှုဇုန်များ၊ အိမ်ရာများတည်ဆောက်ခြင်းကြောင့် မြေသိမ်းခြင်းများ၊ စိုက်ပျိုး၊ မွေးမြူရေး
အကြောင်းပြ မြေသိမ်းမှုများနှင့် အခြား မြေသိမ်းမှုများကိုလည်း အစဉ်လိုက်တင်ပြသွားမည်ဟု
၎င်းက ပြောသည်။

အဆိုပါအစီရင်ခံစာကို ပြည်ထောင်စု အဆင့်ဝင် အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်များအား ဖြန့်ဝေသွားမည်ဖြစ်ပြီး ကောင်းမွန် သေသပ်စွာ ချုပ်လုပ်ထားမည်ဟုလည်း
၎င်းက ပြောကြားသည်။

"လူမျိုး၊ ပါတီတွေ ကွဲပေမယ့် ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ အဂတိ တရားကင်းစွာ လုပ်နိုင်ခဲ့ပါ
တယ်" ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေဆဲ အချိန်တွင် တရားဥပဒေအရ ဆောင်ရွက်တတ်စေသည့်
အလေ့အထရှိစေရန် ကော်မရှင်ဘက်မှ ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း ၎င်းကပြောသည်။

မြေယာသိမ်းမှုများသည် နိုင်ငံတော်မှ ဖွံ့ဖြိုးမှုလုပ်ငန်းများ၏ လိုအပ်ချက်အရ သိမ်းဆည်းခဲ့သော်
လည်း ဥပဒေကို လိုက်နာခြင်းမရှိခဲ့သဖြင့် မြေယာသိမ်းခံရသည့် ပြည်သူများ နစ်နာမှုများရှိခဲ့သည်
ဟု ပြောကြားခဲ့ကြောင်း အစည်းအဝေး ပါ၀င်တက်ရောက်ခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးမင်းသူက ပြောသည်။

"ဥက္ကဋ္ဌပြောတဲ့အထဲမှာ အထူးခြားဆုံးက အဲဒါပါပဲ။ ၁၈၉၄ မြေသိမ်းဥပဒေကို မလိုုက်နာခဲ့လို့ ဖြစ်
တာလို့လည်း ပြောပါတယ်"ဟု ဦးမင်းသူက ပြောသည်။

ထိုအချက်ကို သင်ခန်းစားယူသင့်ပြီး မြေယာသိမ်းခံရခြင်းကြောင့် နစ်နာသူများ ဥပဒေနှင့်အညီ
ရသင့်ရထိုက်သည်များ ရရှိစေရန် ဆောင်ရွက်ပေးမည်ဟုလည်း သိရသည်။

စုံစမ်းရေးကော်မရှင်အဖွဲ့ခွဲများ၏ တွေ့ရှိချက်များတွင် မြေယာသိမ်းမှုများ လျော်ကြေးပေးရာတွင်
သက်ဆိုင်ရာ အဖွဲ့အစည်းများက ရသင့်ရထိုက်သူများကို မပေးဘဲ အခြားသူများကို ပေးခြင်း၊
လျော်ကြေးလျော့နည်းရရှိခြင်း၊ မရသင့်သူများ ရယူခြင်းများလည်း ရှိသည်ဟု ဦးမင်းသူက ပြော
သည်။

လယ်ယာမြေများကို မြို့ပြများတိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်း ခြင်း၊ စက်မှုဇုန်များ
တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင်
တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော် စီမံကိန်းဖြစ်သည့် ရထားလမ်းများ၊ ကားလမ်းများ၊
လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် သိမ်းဆည်း ခြင်း၊ နိုင်ငံတော်ပိုင်စက်ရုံ၊
အလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်း ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများ
ဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီများသို့ မြေနေရာချထားပေးရာတွင် တောင်သူလယ်သမားများ
လက်ရှိလုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်း ကြောင့်ဖြစ်သည်ဟု ကော်မရှင်က ဖော်ပြ
ထားသည်။

မြေယာသိမ်းမှုများသည် နိုင်ငံတော်မှ ဖွံ့ဖြိုးမှုလုပ်ငန်းများ၏ လိုအပ်ချက်အရ သိမ်းဆည်းခဲ့သော်
လည်း ဥပဒေကို လိုက်နာခြင်းမရှိခဲ့ဟု ဦးတင်ထွတ်က ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး