မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အောက်ရှိ မွေးမြူရေး အစားအစာနှင့် နို့ထွက်ပစ္စည်းဌာန
သည် မြန်မာ မက်ခရို အင်ဒတ်စ်ထရီ ကုမ္ပဏီအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အခွင့်ရအာဏာ
အပ်နှင်းကြောင်းစာရရှိပါက ပုဒ်မ - ၃ (၁) အရ အိမ်ဥပစာ (နှင်ထုတ်ခြင်း) နို့တစ်စာ ပေးပို့ပြီး
ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြုလုပ်သော
သတင်းစာ ရှင်းလင်းပွဲ၌ မွေးမြူရေး အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းမှ အထွေထွေ မန်နေဂျာ
ဒေါက်တာပြည့်စုံက ပြောသည်။
"သာကေတ စည်သွတ်စက်ရုံကို လေလံတင်တဲ့အခါမှာတော့ ဒေါ်မေအေးမွန်က ကော်မရှင်ကနေ
သတ်မှတ် ဈေး ကျပ် ၃,၃၀၀ သန်းကို ကျပ်သန်း ၃,၂၉၀ အမြင့်ဆုံးဈေးနဲ့ ၀ယ်ယူခဲ့ပြီး ၂၀၁၂ ခုနစ်၊
ဇန်နဝါရီလ ၃၀ ရက်မှာ အပြည့် ငွေသွင်းခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ မိုက်ခရိုကုမ္ပဏီကို သတိပေးစာ
တွေ အကြိမ်ကြိမ် ပေးခဲ့ပေမယ့်လည်း အခုထိ ဖယ်ရှားခြင်းမရှိတာကြောင့် ကျွန်တော်တို့က မွေးမြူ
ရေးဝန်ကြီးဌာနကို အကြောင်းကြားပြီး အဲဒီမှတစ်ဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဆက်သွယ်
ညှိနှိုင်းခဲ့တယ်။ လိုအပ်တဲ့ အချက်အလက်တွေကိုလည်း ကျွန်တော်တို့ ပေးခဲ့တယ်။ ဆောက်လုပ်
ရေးဝန်ကြီးဌာနက အခွင့်ရအာဏာအပ်နှင်း ကြောင်း စာရရင်တော့ ၁၉၅၅ ခုနစ် အစိုးရ အိမ်ဥပစာ
(နှင်ထုတ်ခြင်း)နဲ့ ဖယ်ရှားရှင်းလင်းသွားမှာပါ"ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခုကဲ့သို့ လွှဲပြောင်းမှုဆိုင်ရာ အငြင်းပွားမှုများကြောင့် သာကေတ စည်သွတ်စက်ရုံအား
၀ယ်ယူထားရှိ သော ဒေါ်မေအေးမွန်တို့ဘက်ကလည်း ၀န်ကြီးဌာနအနေဖြင့် တစ်စုံတစ်ရာ
စွမ်းဆောင်ပေးမှုမရှိသည့် ပြောဆိုချက်များကြောင့် ၀န်ကြီးဌာနသည် ယခုတစ်ခေါက် ပေးပို့သည့်
သတိပေးစာနှင့် တကွ ထပ်မံအချိန်စောင့်ဆိုင်းရန် မရှိ တော့ကြောင်း ၎င်းက ပြောသည်။
၀န်ကြီးဌာနမှနေ၍ မြန်မာမက်ခရို ကုမ္ပဏီအား အဆင့်ဆင့်အကြောင်း ကြားစာများ ပေးပို့ဆောင်
ရွက်ခဲ့သော် လည်း စက်ရုံအား ဌာနသို့ ပြန်လည်လွှဲ ပြောင်းအပ်နှံခြင်း၊ စက်ရုံမြေဥပစာမှ ဖယ်ရှား
ပြောင်းရွှေ့ပေးခြင်း မရှိသည့် အတွက် ဥပဒေအကြောင်းအရာအရ ဆက်လက်ဆောင်ရွက်နိုင်ရန်
တရား လွှတ်တော် ရှေ့နေတစ်ဦးအား ငှားရမ်း၍ ကိုယ်စား ဆောင်ရွက်စေခဲ့သည်။
မြန်မာမက်ခရိုကုမ္ပဏီမှ အကြံပေး အရာရှိဖြစ်သူ ဒေါ်ဆွေဆွေညွန့်က အခွင့်အရေးရလျှင် ကုမ္ပဏီ
အနေဖြင့် ကနဦးသက်တမ်းကုန်ဆုံးမည့် အချိန် ဖြစ်သည့် ၂၀၁၇ ခုနစ်အထိ အချိန်ယူချင်ကြောင်း
နှင့် ယခုကဲ့သို့ ဌာနမှနေ၍ ၁၉၅၅ ဥပဒေဖြင့် ပြုလုပ်ခြင်းများကို တရားမကြောင်းဖြင့် ပြန်လည်၍
ရင်ဆိုင်ချင်လိုကြောင်း ပြောသည်။
"ဌာနက ဒီလို ၁၅ ရက်အတွင်း မဖယ် ပေးရင် ဆွဲချမယ်တို့ ဘာတို့ ပြောတယ်။ ဒါပေမဲ့ တကယ်
တမ်း အဲဒီလိုလုပ်ရင် ကျွန်မတို့ရဲ့ဝန်ထမ်းတွေကို ဘယ်လိုလုပ်ရမလဲ။ ဒီလိုလုပ်တာဟာ ဥပဒေ
ကြောင်း မဟုတ်တော့ဘူး။ ၁၉၅၅ ဥပဒေ နဲ့ အစိုးရအချင်းချင်း လုပ်သွားတာတော့ ကျွန်မတို့ နစ်နာ
ပါတယ်။ ဌာနဘက်က ၁၉၅၅ ဥပဒေနဲ့သွားမယ်၊ အိုးအိမ်နဲ့သွားမယ်၊ ကျွန်မတို့ဘက်ကလည်း
တရားမ အကြောင်းအရာနဲ့သွားမယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် စာချုပ်ပါ မလွန်ဆန်နိုင်သော ဖြစ်ရပ်များနှင့်ပတ်သက်၍ တရားလွှတ် တော်ရှေ့နေချုပ်
အငြိမ်းစားတစ်ဦးဖြစ် သူ ဦးဇော်ဝင်းက "စာချုပ်ရဲ့ သဘော သဘာဝက နှစ်ဖက်ချုပ်ရတာပါ။
တစ်ဖက်က သဘောမတူရင် ချုပ်စရာ မလိုပါဘူး။ တစ်ဖက်က လွန်ကျူးထား တယ်ဆိုရင်တောင်
တစ်ဖက်က ဒါကို လက်ခံလို့ စာချုပ်ချုပ်ခဲ့တာပါပဲ။ ဒီကိစ္စ မှာ နှစ် ၃၀ BOT ရခဲ့တယ်ဆိုရင် နှစ် ၃၀
ပြည့်ရင် သူ့ပစ္စည်းတွေ ထားခဲ့ရမှာပဲ။ ဒါပေမဲ့ စာချုပ်ချုပ်တဲ့အခါမှာ မမျှော်မှန်းနိုင်တဲ့ အခြေအနေ
ဆိုတာ ဖြစ်ပေါ်တတ်လို့ ထည့်သွင်းထားတာ ပေါ့။ ဒါပေမယ့် ဘေးလူတွေအနေနဲ့ ကြည့်ရင်တော့
အစိုးရဘက်ကပဲ လွန် သလိုလို ဖြစ်နေတယ်" ဟု ပြောသည်။
"ကျွန်မတို့က ဒီမလွန်ဆန်နိုင်သော ဖြစ်ရပ်များကို ဘောင်အတွင်းမှာ အစိုးရ နဲ့ ငြင်းမှရပါတော့မယ်။
ဒီစာချုပ်ပါကိစ္စ ဖြစ်တဲ့ မလွန်ဆိုင်နိုင်သော ဖြစ်ရပ်များကို ကျွန်မတို့က လက်မခံပါဘူး။ နောက်ပြီး
မွေးရေက ကျွန်မတို့ကို သတိပေးစာ ပေးပါတယ်။ ကျွန်မတို့ကလည်း ပြန်စာပေးပို့ထားပါတယ်။
ကျွန်မတို့က ဒေါ်မေအေးမွန်နဲ့ ဘာမှမဆိုင်တဲ့အတွက် ဆက်လက် ဖြစ်ပေါ်မယ့်ကိစ္စတွေကို ကျွန်မ
တို့ အနေ နဲ့ မွေးရေနဲ့ပဲ စကားပြောပါတော့မယ်" ဟု ဒေါ်ဆွေဆွေညွန့်က ပြောသည်။
ဒေါ်မေအေးမွန်ဘက်မှ တာဝန်ရှိသူ တစ်ဦးကလည်း "ကျွန်တော်တို့ဘက်က တော့ မြန်မာမိုက်ခရို
ကုမ္ပဏီကို ဘာမှ မှတ်ချက်မပေးလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ပုဂ္ဂလိကပိုင်ပြုလုပ်ရေး
ကော်မရှင်ကို အမြင့်ဆုံးဈေးနဲ့ လေလံ အောင်ပြီးသားဖြစ်တဲ့အတွက် မွေးမြူ ရေး အစားအစာနှင့်
နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးဌာနနဲ့ပဲ ပိုင်ဆိုင်မှုအပြည့်အဝလွှဲပြောင်းရရှိဖို့ကိုပဲ မျှော်လင့်ပါတယ်"
ဟု ပြောသည်။
မြန်မာမက်ခရိုကုမ္ပဏီသည် ၁၉၉၇ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် မွေးမြူရေး အစားအစာနှင့်
နို့ထွက်ပစ္စည်းလုပ်ငန်းပိုင် သာကေတ စည်သွတ်စက်ရုံအား နှစ်ရှည် ကနဦး သက်တမ်း နှစ် ၂၀
ဖြင့် စတင်ငှားရမ်း လုပ်ဆောင်ခဲ့သည်။
မြန်မာမက်ခရိုကုမ္ပဏီတွင် ၀န်ထမ်း ပေါင်း ၂၁၄ ဦးရှိကြောင်းနှင့် မြန်မာမက်ခရိုကုမ္ပဏီမှ Ready
ငါးသေတ္တာကို တစ်နှစ်လျှင် ဘူးရေတစ်သိန်းကျော်ခန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြောင်း မြန်မာ
မက်ခရိုကုမ္ပဏီမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။















