ဘင်္ဂလားပင်လယ်အော်ဘက်မှ တိုးဝင်လာသော လေနွေးများကြောင့် မြန်မာ နိုင်ငံ ဒေသအများ
အပြား၌ အပူချိန်များ မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ
ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။
"ဖေဖော်ဝါရီလမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီး
စတဲ့ ဒေသတွေဟာ ပုံမှန်အားဖြင့် ဖေဖော်ဝါရီလမှာ အေးရမှာဖြစ်ပေမယ့် ပုံမှန်ထက် နွေးနေမယ်လို့
ခန့်မှန်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘင်္ဂလားပင်လယ်အော်ရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်
တွေဟာ တက်နေတယ်။ အဲဒီလို ပင်လယ်ရေအပူချိန်တွေတက်တဲ့အတွက် မြောက်ပိုင်းက လေ
အေးတွေကမဆင်းတော့ဘဲ တောင်ပိုင်းက လေနွေးတွေပဲတက်မယ်။ ဒီလေ နွေးတွေက မြန်မာနိုင်ငံ
မြောက်ပိုင်းအထိသွားမယ်။ အဲဒီလေနွေးတွေမှာ ရေငွေ့ပါရင် မိုးရွာမယ်။ ရေငွေ့မပါရင် နွေးမယ်။
ဒီလိုအခြေအနေတွေကြောင့် အခုလို ညအပူချိန် မြင့်တက်မှုတွေဖြစ်တာပါ"ဟု ၎င်းက ပြောသည်။
ယခုလနောက်ဆုံး ၁၀ ရက်ပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မန္တလေး၊ မကွေး၊
ရန်ကုန်၊ ဧရာဝတီ နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ ညအပူချိန်များသည် ပုံမှန်ပျမ်းမျှအပူချိန်တို့
ထက်ပိုနိုင်သည်ဟု ခန့်မှန်းထားသည်။
ဖေဖော်ဝါရီလအတွင်း ထူးခြားမှုအနေဖြင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်း
ရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်ကြောင်းလည်း ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။
"လေဖိအားနည်းရပ်ဝန်းကြောင့် ရွာတဲ့ မိုးရေချိန် ပမာဏကတော့ နည်းနည်း ပိုများနိုင်ပါတယ်"ဟု
၎င်းက ပြောသည်။















