ဘိုးတော်ဘုရားလက်ထက် အမရပူရမြို့၌ ကွယ်လွန်ခဲ့သော ထိုင်းဘုရင် အုတ်ဂူဟောင်းကို အဆိုပါ
မြို့ရှိ လင်းဇင်းကုန်းသုသာန်၌ ယခုလ တတိယပတ်အတွင်း စတင်ရှာဖွေနေသည်။
၁၈ ရာစုနှစ်အတွင်း အင်းဝတွင် နန်းတက်ခဲ့သော ဆင်ဖြူရှင်မင်းမှာ ယိုးဒယားနိုင်ငံသို့ ချီတက်တိုက်
ခိုက် အောင်မြင်ခဲ့ရာတွင် ယိုးဒယားမိသားစု ၂၀၀,၀၀၀ ကျော်ကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခဲ့ရာ၌
ထိုင်းမင်းမျိုးမင်းနွယ် ၂, ၀၀၀ ကျော်လည်း ပါလာခဲ့ကြောင်း၊ ၎င်းမင်းမျိုးမင်းနွယ်များတွင် ထိုင်းဘုရင်
Udombhara[Dok Dua] လည်း ပါ၀င်ခဲ့ ကြောင်း၊ ၎င်းဘုရင်မှာ မြန်မာပြည်၌ ဘုန်းကြီးဝတ်ဖြင့်
၂၉ ၀ါအရတွင် ဘိုးတော်ဘုရားလက်ထက်၌ ပျံလွန် တော်မူခဲ့ရာ ဘိုးတော်ဘုရားက လင်းဇင်းကုန်း
သုသာန်တွင် အခမ်းအနားဖြင့် သင်္ဂြိုဟ်ကာ အုတ်ဂူတည်ထားခဲ့ကြောင်း သမိုင်းအထောက်အထား
အခိုင်အမာရှိထားသည်ဟု လာရောက်ရှာဖွေသော ထိုင်းနိုင်ငံအခြေစိုက် Siamese Architect မှ
ဒုဥက္ကဋ္ဌ မစ္စတာမစ်ကီဟတ်က ယခုလ ၂၀ ရက် တွင် ပြောသည်။
အဖွဲ့တွင် သမိုင်းသုတေသီ၊ ဗိသုကာ ပညာရှင်များအပါအဝင် အဖွဲ့ဝင် ၂၀ ဦး ပါ၀င်ကာ လုပ်ငန်းစဉ်
မှာ ရက် ၃၀ မှရက် ၄၀ အတွင်း ကြာမြင့်မည်မှန်းကြောင်းသိရသည်။
"အချိန်တွေက ကြာလာတော့ ဘယ်အုတ်ဂူဟာ ယိုးဒယားဘုရင်ရဲ့ အုတ်ဂူဆိုတာ အတိအကျမသိ
တော့ပါဘူး။ အထောက်အထားရှာဖို့ မြန်မာအစိုးရကို ဆက်သွယ်ခွင့်တောင်းပြီး နှစ်နိုင်ငံ ချစ်ကြည်
ရေးအရ လေ့လာရှာဖွေရေးလုပ်ဖို့ ပထမဆုံးရောက်လာတာပါ"ဟု မစ္စတာမစ်ကီဟတ်က ပြော
သည်။
ရရှိထားသော အထောက်အထားများအရ စေတီသဏ္ဌာန်ရှိသော အဆောက်အအုံနှင့် အုတ်တိုင်ကို
လေ့လာရှာဖွေသွားရမည်ဖြစ်ပြီး မူလပုံစံမပျက်အောင် လုပ်ဆောင်သွားမည်ဟု ပြောသည်။
စေတီသဏ္ဌာန် အဆောက်အအုံတွင် အောက်ခြေ၌ ဖောက်ထားသော အပေါက်တစ်ခုကို တွေ့ရ
ကြောင်း၊ မြန်မာပြည် လွတ်လပ်ရေးမရမီကာလ က ဖောက်ထားသောအပေါက်ဖြစ်နိုင် ကြောင်း၊
အတွင်းအထိ ဖောက်ထားခြင်း ရှိမရှိကိုမူ မသိရသေးသော်လည်း အောင်မြင်အောင် ဖောက်ထား
ခြင်းမရှိဟု ယူဆသောကြောင့် ဘုရင့်အုတ်ဂူဟောင်း ဟုတ်မဟုတ် အတည်ပြုရန် မျှော်လင့်ချက်ရှိ
သေးကြောင်း ပြောသည်။
"ဘုရင့်အုတ်ဂူဟောင်း အစစ်အမှန် ဖြစ်ခဲ့ရင် ဘယ်လိုဆက်လုပ်မယ်ဆိုတာကတော့ နှစ်ဖက်နိုင်ငံ
အစိုးရအပေါ်မှာ မူတည်ပါတယ်။ ဘုရင့်အုတ်ဂူကိုတော့ ထိုင်းနိုင်ငံကိုပြန်ယူသွားဖို့ အစီအစဉ်မရှိပါ
ဘူး။ ထိုင်းဘုရင်က မြန်မာပြည်မှာပဲ နတ်ရွာစံလို့ ဒီမြန်မာပြည်မှာပဲထားမယ်။ ထိုင်းပြည်သူတွေ
အနေနဲ့ သူတို့ ဘုရင်ကို ပူဇော်ချင်တယ်ဆိုရင် အရိုးပြာ အနည်းငယ်ကိုသော် လည်းကောင်း၊ အရိုး
အနည်းငယ်ကိုသော်လည်း ကောင်း မြန်မာအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပြန်ယူသွားမယ်။ အုတ်ဂူအစစ်
အမှန် ဖြစ်ခဲ့ရင်တော့ ရှေးဟောင်းအဆောက် အအုံတစ်ခုအဖြစ် သတ်မှတ်သွားရမှာပါ"ဟု ၎င်းက
ပြောသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန
အနေဖြင့် ရှာဖွေရေးအဖွဲ့ကို လိုအပ်သလို ပံ့ပိုးမှု ပေးမည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
















