သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း နယ်နိမိတ်အတွင်းပါ၀င်နေသော သန်လျင်နှင့် ကျောက်တန်း
မြို့နယ်ရှိ ကျေးရွာအချို့အား ဖေဖော်ဝါရီလ ၁၃ ရက် နောက်ဆုံးထား၍ ဖယ်ရှားရန် အမိန့်ထုတ်
ထားသော်လည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးနှင့် ဒေသခံများ၏ တွေ့ဆုံပွဲမှ
ရလဒ်အရ အစိုးရထံမှ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မရရှိသေးမီအထိ ဒေသခံများအနေဖြင့် မိမိတို့
နေရာများတွင် ဆက်လက်နေထိုင် နိုင်မည်ဖြစ်သည်။
သန်လျင်နှင့် ကျောက်တန်းမြို့နယ်မှ ကျေးရွာများနှင့် အချို့သော လယ်ယာ မြေများမှာ မြန်မာ
အစိုးရနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းလုပ်ဆောင်မည့် အရှေ့ တောင်အာရှတွင် ဒုတိယအကြီးဆုံးဖြစ်
လာမည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် သတ်မှတ်ထားသည့် ဧရိယာပေါ်တွင်
တည်ရှိနေမှုကြောင့် ယခုလ ၁၃ ရက်နေ့ နောက်ဆုံးဖယ်ရှား ပေးရန်၊ သို့မဟုတ် ရက် ၃၀ ထောင်
သွင်းအကျဉ်းချရန် မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်များဖြင့် အမိန့်စာထုတ်ပြန်ခဲ့သည်။
သို့သော် အဆိုပါ ဒေသခံအများအပြားနှင့် လယ်သမားများမှာ ရွှေ့ ပြောင်းနေထိုင်ရန် နေစရာမရှိဟု
ဆိုကာ သတ်မှတ်ကာလအတွင်း ရွှေ့ပြောင်း ခြင်း မရှိခဲ့ကြပေ။ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်မူ
ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ
စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး ဌာန၏ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့
ဦးဆောင်ကာ ဖယ်ရှားပေးရမည့် ဒေသခံများနှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။
"ကျွန်တော်တို့ ဒီအစည်းအဝေးကို လုပ်တာကလည်း မိဘပြည်သူတွေရဲ့ အခက်အခဲဘာတွေရှိလဲ
သိချင်လို့ပါ။ အခု မိဘပြည်သူတို့ပြောသမျှတွေကို မှတ်သားထားပြီးတော့ ထိခိုက်နစ်နာမှု အနည်း
ဆုံးဖြစ်စေမယ့် အစီအစဉ်တစ်ခု စဉ်းစားရမှာပါ"ဟု ဦးစိုးမင်းက ပြောသည်။
"စဉ်းစားဆုံးဖြတ်ရာမှာလည်း လယ်ယာမြေ နည်းဥပဒေအသစ်နဲ့ ဆောင်ရွက်မှာပါ။ ၂၀၁၂ ခုနှစ်
လယ်ယာမြေ ဥပဒေအတိုင်း ဆောင်ရွက်မှာ။ လယ်သမားတွေ၊ ရွာသူရွာသားတွေအနေနဲ့ နစ်နာမှု
နည်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်မှာပါ"ဟု ၎င်းက ပြောသည်။
ဦးဆက်အောင်ကမူ အထူးစီးပွားရေးဇုန် စီမံကိန်းသည် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်
အလမ်းများ ပေါ် ပေါက်လာစေလိမ့်မည်ဟု ဆိုသည်။
"ဒီ အထူးစီးပွားရေးဇုန်ကြီး ပေါ်ပေါက်လာတဲ့အခါကျရင် အလုပ်သမားတွေ အများကြီးလိုတဲ့ စက်ရုံ
တွေဖြစ်လာမယ်။ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ပေါ်လာမယ်။
ကျွန်တော်တို့က လယ်ပဲ လုပ်တတ်တာလို့ ပြောနေလို့တော့ မရ တော့ဘူး။ တောင်သူလယ်သမား
ဦးကြီး တွေလည်း ပူးပေါင်းပေးဖို့ လိုပါတယ်။ ကျွန်တော်တို့က တစ်ဖက်၊ ဒေသခံတွေ က တစ်ဖက်
ဖြစ်နေလို့တော့ မရဘူး။ ကျွန်တော်တို့ကလည်း စက်မှုဇုန်တွေသာ တိုးတက်လာတာ၊ ဒေသခံတွေ
ဒုက္ခရောက်သွားတယ် ဆိုတာမျိုး မဖြစ် အောင် လုပ်ရမှာပါ"ဟု ဦးဆက်အောင် က ပြောသည်။
သို့သော် ကြံုခဲ့ပြီးသော အတွေ့အကြံုများအရ စက်ရုံများပေါ်ပေါက်လာလျှင် ဒေသခံနှင့် လယ်
သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဆိုရာတွင် ဒေသခံများအတွက်
မျှော်လင့်စရာ ကြီးကြီးမားမားမရှိ ကြောင်း သန်လျင်မြို့နယ်၊ အလွမ်းဆွတ် ကျေးရွာမှ လယ်သမား
တစ်ဦးဖြစ်သူ ဦးမြလှိုင်က ပြောသည်။
"အရင်တုန်းက စက်ရုံဆောက်ဖို့ဆိုပြီး သိမ်းခဲ့ဖူးပါတယ်။ စက်ရုံတွေပေါ်လာ တော့ စက်ချုပ်သမား
တစ်ယောက်ဟာ ရှစ်တန်းအောင်မှရတယ်။ လယ်သမားကြီးတွေအများစုက ဘုန်းကြီးကျောင်းစာပဲ
ရတာပါ။ သားသမီးတွေဆိုတာလည်း တချို့ကျောင်းမနေရဘူး၊ တချို့က မူလတန်းအောင်၊ အလယ်
တန်းအောင်။ အဲဒီအခါမှာ ညစောင့်နဲ့ လုံခြံုရေးပဲ ဖြစ်သွားတာပါပဲ"ဟု ၎င်းက ပြောသည်။
"နို့တစ်စာကို ဖတ်ကြည့်ပါ။ တာဝန်ရှိသူတွေက ကျူးကျော်တဲနဲ့ အဆောက်အအုံတွေကိုပဲ ဖျက်တာ
ပါ။ မြေကို သိမ်းတာ မဟုတ်ဘူး။ ကျူးကျော်တဲမဟုတ်ရင် အထောက်အထားပြပါ။ ဥပဒေအရ
နေထိုင်တဲ့၊ တရားဝင်ရထားတဲ့ လယ်တွေဆိုရင် ခံစားခွင့်ရမယ်။ တရားဝင်ပိုင်ဆိုင်တယ်ဆိုရင် မဆုံး
ရှုံးစေရဘူး။ တာဝန်ယူတယ်။ မဟုတ်ရင်တော့ ဘာခံစားခွင့်မှရမှာမဟုတ်ဘူး" ဟု ရန်ကုန်တိုင်း
ဒေသကြီး၊ တောင်ပိုင်းခရိုင် ဥပဒေအရာရှိဆို သူက အစည်းအဝေးတွင် ပြောသည်။
"လယ်သမားဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဦးစားပေးလူတန်းစားပါ။ ဥပဒေကို မလိုက်နာဘဲနဲ့ ခံစားခွင့်
ကျမှ ဥပဒေအတိုင်းလို့ ပြောလို့မရဘူး။ ဥပမာ အခု ခင်ဗျားတို့ကို ဖယ်ခိုင်းတယ်။ ရက်စေ့ရင်
ထောင်ချမယ်ပြောတယ်။ ခင်ဗျားတို့ ဖယ်လား။ ဒါဥပဒေကို မလိုက်နာတာပဲ။ ဒါပေမဲ့ တာဝန်ရှိသူ
တွေ ခင်ဗျားတို့ကို ဘာလုပ်လဲ။ လုပ်ပိုင်ခွင့်မရှိလို့ မဟုတ်ဘူး။ ညှာတာလို့ မလုပ်တာ" ဟု ၎င်းက
ပြောသည်။
"ကျွန်တော်ကတော့ အားလုံးရှင်းရှင်းလင်းလင်း ဖြစ်သွားမှ တာဝန်ယူဆောင်ရွက်ရမယ့် လူပါ။
အားလုံး ညှိညှိနှိုင်းနှိုင်း နဲ့ ပြေလည်စေချင်ပါတယ်။ ကျွန်တော် တို့ အချက်အလက်တွေ ပြန်စုမယ်၊
တွေ့ဆုံ ဆွေးနွေးဦးမယ်။ ဒါကြီးအောင်မြင်ဖို့ ဒီလူတွေ ဘဝရင်းလိုက်ရတာမျိုးမဖြစ် အောင် ကြိုးစား
ပါ့မယ်" ဟု ဦးဆက်အောင်က ပြောသည်။















