တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် တပ်သားအဖြစ် စုဆောင်းထား
သော ကလေးများအား တရားဝင်လွှတ်ပေးရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်ရန် ကုလသမဂ္ဂ
က တိုက်တွန်းလိုက်သည်။
မြန်မာ့တပ်မတော်သည် ကုလသမဂ္ဂနှင့် ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် လက်မှတ် ရေးထိုးထားသော
အရွယ်မရောက်သေး သော ကလေးသူငယ်များ စစ်မှုထမ်းခြင်း မှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်း
အစီအစဉ်အရ တပ်မတော်တွင် စစ်မှုထမ်း ဆောင်နေသော ကလေးစစ်သားများအား တရားဝင်နုတ်
ထွက်ခွင့်ပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကလေးစစ်သား ၂၄ ဦးအား ထပ်မံလွှတ်
ပေးခဲ့သည်။
"အခုလို ကလေး ၂၄ ယောက်ကို တရားဝင်နုတ်ထွက်ခွင့် ပြုလိုက်တာဟာ လုပ်ငန်းစီမံချက်ကို
အစိုးရရဲ့ အကောင်အထည်ဖော်မှုမှာ ကြိုဆိုရမယ့် ခြေတစ်လှမ်းပါပဲ။ အစိုးရရဲ့ သန္နိဋ္ဌာန်ကိုလည်း
ထပ်ဟပ်ဖော်ပြရာရောက်ပါတယ်။ တပ်မတော်အနေနဲ့ အရှိန်မြင့်ပြီး ကလေးအားလုံးကို တရားဝင်
နုတ်ထွက်ခွင့်ပြုဖို့၊ လက်နက်ကိုင်အဖွဲ့တွေကလည်း အလားတူနုတ်ထွက်ခွင့်ပြုပေးကြဖို့ ကျွန်တော်
တောင်းဆိုပါတယ်"ဟု ကုလသမဂ္ဂ နိုင်ငံအဆင့် လုပ်ငန်းအဖွဲ့ (CTFMR) ပူးတွဲသဘာပတိနှင့်
ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ အရှုပ်နီဂမ်က ရန်ကုန်မြို့၌ ကျင်းပသည့် ကလေးစစ်သား
၂၄ ဦးအား တရားဝင် နှုတ်ထွက်ခွင့်ပေးသည့် အခမ်းအနားတွင်ပြောသည်။
ယခုကဲ့သို့ ကလေးသူငယ် ၂၄ ဦး အား တရားဝင်နုတ်ထွက်ခွင့် ပေးလိုက်ခြင်းသည် အခြေခံကျ
သည့် ကလေးသူငယ် အခွင့်အရေးများချိုးဖောက်မှုကို အဆုံး သတ်စေသည့် မြန်မာအစိုးရ၏
သန္နိဋ္ဌာန် ဖြစ်ပြီး မြန်မာနိုင်ငံဥပဒေနှင့် အပြည်ပြည် ဆိုင်ရာကျင့်ထုံးများနှင့် ကိုက်ညီကြောင်း ၊
ကုလသမဂ္ဂဆုံးဖြတ်ချက် အမှတ် ၁၆၁၂ အရ မြန်မာအစိုးရနှင့် အခြေခံကျသော ကလေးသူငယ်
အခွင့်အရေးချိုးဖောက် မှုအခြေအနေကို လေ့လာစောင့်ကြည့် ခြင်းအစီရင်ခံစာ ကုလသမဂ္ဂနိုင်ငံ
အဆင့်လုပ်ငန်းအဖွဲ့ (CTFMR) တို့ အကြား သဘောတူလက်မှတ်ရေးထိုး ထားသည့် အချက်တစ်ချက်
ဖြစ်သည်။
"တပ်မတော်က နုတ်ထွက်ရတာဟာ အမှားတစ်စုံတစ်ရာ ကျူးလွန်ခဲ့လို့ မဟုတ်ပါဘူး။ စတင်
စုဆောင်းကတည်းက အသက် ၁၈ နှစ်မပြည့်ခင်မှာ မှားယွင်း စုဆောင်းခံခဲ့ရတဲ့အတွက် အခုလို
တပ်ထွက်မိန့်နဲ့ တပ်မတော်မှ နုတ်ထွက်ရတာဖြစ်ပါတယ်။ အခုမင်းတို့ သတ္တိရှိကြဖို့လိုပြီး မင်းတို့ရဲ့
မျှော်လင့်ချက်အိပ်မက် တွေကို အကောင်အထည်ဖော်ရမယ့် သတ္တိမျိုးရှိကြရမယ်"ဟု CTFMR ၏
ပူးတွဲသဘာပတိနှင့် ယူနီဆက်မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဘာထရန်ဘန်
ဘယ်လ်က နုတ်ထွက်ခွင့်ရ ကလေးများနှင့် မိသားစုများအား ပြောသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လုံခြံုရေးကောင်စီသို့ တင်သွင်းသော နှစ်ပတ်လည်အစီရင်ခံစာ၌
မြန်မာနိုင်ငံတွင် ကလေးစစ်သားများကို စုဆောင်း အသုံးပြုသောအဖွဲ့ရှစ်ဖွဲ့ကို စာရင်းပြုစုထားရာ
မြန်မာ့တပ်မတော်၊ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာစစ်တပ်၊ ကချင်လွတ်မြောက်ရေးတပ်
(ကေအိုင်အေ) ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်၊
(ရှမ်းပြည်နယ်တပ်) အက်စ်အက်စ်အေ တောင်ပိုင်းနှင့်'၀' အမျိုးသားတပ်မတော် တို့ဖြစ်သည်။
ထို့ပြင် မကြာသေးမီကထွက်ပေါ်လာ သော Child Soldiers International ၏ "Ending the
recruitment and use of child soldiers in Myanmar" အစီရင်ခံစာတွင်လည်း မြန်မာ့
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် အရွယ်မရောက်သူ ကလေးများ
အား စစ်မှုထမ်းဆောင်ရန် စုဆောင်းမှုများ ရှိနေဆဲဖြစ်ကြောင်း၊ အစိုးရနှင့် ကုလသမဂ္ဂတို့အကြား
ကတိကဝတ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကလေးစစ်သားပပျောက်ရေး
စီမံချက်အား အရှိန်မြှင့်တင်၍ ထိရောက်စွာဆောင်ရွက်ရန် လိုကြောင်း ဖော်ပြထားသည်။















