ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ မုက္ခမူချောင်းနှင့် ချောင်း ဟောင်းရေနုတ်မြောင်းများ
ပေါ်တွင် ရေစီးလမ်းကြောင်း ပိတ်ဆို့ငါးဖမ်းမှု ကြောင့် လယ်ဧကများရေနစ်မြုပ်သည့် ကိစ္စကို
လယ်သမားများက ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ တစ်ဆင့် လွှတ်တော်သို့
မေးမြန်းရာပဲခူး တိုင်းဒေသကြီးဝန်ကြီး မှားယွင်းဖြေကြား ခြင်းသည် အောက်ခြေသို့ ကွင်းဆင်း
လေ့လာမှု အားနည်းခြင်းကြောင့်ဖြစ် ကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်က
ပြောသည်။
"ဒီလိုကိစ္စမျိုးတွေက ကွင်းဆင်းလေ့လာဖို့ လိုပါတယ်။ ကွင်းဆင်းမှုအား နည်းတဲ့အတွက်ကြောင့်
အောက်က သတင်းပေးပို့တာတွေ မှားတဲ့အတွက် လယ်သမားဖြစ်နေတာကို သူတို့လွဲမှားစွာ
အဖြေပေးတာ ဖြစ်ပါလိမ့်မယ်"ဟု ပြောသည်။
ဖြူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်သည် ၂၀၁၂ ခုနှစ်၊
ဒီဇင်ဘာလ ၂၈ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ နေပြည်တော်သို့ ပေးပို့မေးမြန်းချက်အရ
ညောင်လေးပင်မြို့နယ်အတွင်းရှိ မုက္ခမူချောင်း (ချိန်းချောင်း)နှင့် ချောင်းဟောင်းရေနုတ် မြောင်းများ
ပေါ်တွင် တရားဝင်ခွင့်ပြုထားသော အင်းလိုင်စင်အရ ရေစီးလမ်းကြောင်းကို ပိတ်ဆို့၍ ငါးဖမ်းခြင်း
ကြောင့် မိုးစပါး စိုက်ဧက ၂၀,၀၀၀ ကျော် ရေနစ်မြှုပ်ပျက်စီးခဲ့သော ကျေးရွာများမှ လယ်သမားများ
စားဝတ်နေရေးဒုက္ခ၊ မိုးစပါးချေးငွေ ပြန်လည်ပေးဆပ်နိုင်ရေး ဒုက္ခများကြံုတွေ့နေရ၍ ယင်းပြဿနာ
အခက်အခဲများကို မည်ကဲ့သို့ ဖြေရှင်း ပေးမည်ကို၊မေးမြန်းထားခြင်းဖြစ်သည်။
အဆိုပါမေးမြန်းချက်ကို တိုင်းဒေသကြီး ၀န်ကြီး ဦးမြင့်လွင်ဦးက ၀န်ကြီးချုပ် ကိုယ်စား အပိုဒ်သုံးပိုဒ်
ဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ပြန်လည် ဖြေကြားခဲ့ရာ အပိုဒ် (ခ)တွင် ညောင်လေးပင်
မြို့နယ်အတွင်း ငါးဖမ်းလုပ်ငန်း ကြောင့် လယ်ဧက ၂၀,၀၀၀ ကျော် ပျက်စီးသည်ဟု တင်ပြတိုင်
ကြားမှု တစ်စုံတစ်ရာမရှိပါကြောင်းနှင့် မုက္ခမူ (ချိန်းချောင်း)မှာ နှစ်ကာလကြာမြင့်လာသည်ဖြစ်၍
တိမ်ကောလာပြီဖြစ်သဖြင့် စစ်တောင်းမြစ်ရေကြီးပါက အဆိုပါ ချောင်းသည်လည်း ရေကြီးနစ်မြှုပ်မှု
ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။
ညောင်လေးပင်မြို့နယ် ရေပူကန် ကျေးရွာအုပ်စုမှ လယ်သမား ဦးညွန့်လွင်က လယ်သမားများ
သည် ၂၀၀၅ ခုနှစ်မှ စတင်ခါ အဆိုပါဖြစ်ရပ်ကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ အကြိမ်ကြိမ်တိုင်ကြား
ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ် တွင် နောက်ဆုံးတိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း၊ ထိုသို့ တင်ပြစာကို ရရှိသည့်
အတွက် ခရိုင်မှဆင်းကာ ဓာတ်ပုံရိုက်ခြင်း၊ စစ်ခြင်းများလာရောက်ပြုလုပ်ခဲ့သည်လည်း ရှိခဲ့ကြောင်း
မြန်မာတိုင်း(မ်) ကို ပြောသည်။
"ဒီလို တိုင်ကြားထားတာကို မတိုင်ခဲ့ပါဘူးလို့ ၀န်ကြီးကဖြေတယ်။ တကယ် တော့ ဒီချိန်းချောင်းက
ကျောက်တခါး နဲ့ ညောင်လေးပင်မြို့နယ်က ရေတွေကို ထုတ်ဖို့ ပင်မရေနုတ်မြောင်းဖြစ်လို့ အရင်က
တည်းက အပိတ်အဆို့မရှိဘူး။ နောက်ပိုင်းမှာ ငါးဦးစီးက လေလံ ကောက်ပြီး အပိတ်အဆို့အတား
အဆီး တွေရှိလာလို့ မိုးရွာလို့ ရေကြီးရင် မိုးတွင်းတစ်တွင်းလုံး ရေမြှုပ်လို့ မိုးစပါး တွေ ပျက်စီးကုန်
တယ်"ဟု ၎င်းက ပြောသည်။
လယ်သမားများအနေဖြင့် အဆိုပါ ဧက ၂၀,၀၀၀ ကျော်အတွက် မိုးစပါး ချေးငွေ ပြန်လည်ပေးဆပ်
နိုင်ရေး အတွက်ကိုလည်း ထည့်သွင်းမေးမြန်း ထားခြင်းဖြစ်ရာ အဖြေတွင် မည်သို့မျှ အကြောင်းပြန်
ရေးသားခြင်းမတွေ့ရှိရ သောကြောင့် ချေးငွေပြန်ဆပ်မည့် ရက် ကို ဆိုင်းင့ံပေးခြင်းမျိုး၊ သို့မဟုတ်
မည်သို့ဖြေရှင်းညှိနှိုင်းပေးမည်ကို သိလို ကြောင်း ၎င်းက ပြောသည်။
"ကျွန်တော် ဒုတိယဝန်ကြီး ဦးခင် မောင်အေးနဲ့ ဆွေးနွေးပြီးပါပြီ။ နောက် နှစ်ကို ရေစီးရေလာ
ကောင်းအောင် ဒီကိစ္စကို တားမြစ်ပေးမယ်လို့ ပြောပါတယ်။
"လယ်ဧက ၂၀,၀၀၀ ကျော်နစ်မြုပ်တဲ့ ကိစ္စက ထုထည်လည်းကြီးလို့ပါ"ဟု ၎င်းက ပြောသည်။















