ရသင့်ရထိုက်သည့် လူ့အခွင့်အရေးဆုံးရှုံးမှုအခြေအနေများ မဆိုးဝါးမီ ထိန်သိမ်းရန်လိုဟု ကွင်တားနား သတိပေးပြော

ရသင့်ရထိုက်သည့် လူ့အခွင့်အရေးဆုံးရှုံးမှုအခြေအနေများ မဆိုးဝါးမီ ထိန်သိမ်းရန်လိုဟု ကွင်တားနား သတိပေးပြော

လွန်ခဲ့သောသီတင်းပတ်က ငါးရက်တာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော လူ့အခွင့်
အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာသော မတ်စ်အိုဟေးကွင်တားနားက မြန်မာနိုင်ငံ
တွင် ရသင့်ရထိုက်သော လူ့အခွင့်အရေးဆုံးရှုံးမှုများရှိနေဆဲဖြစ်ပြီး အခြေအနေမဆိုးဝါးမီ ထိန်းသိမ်း
ရန် လိုအပ် ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတိပေး ပြောကြားသည်။

"မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားနေတဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်က နိုင်ငံရဲ့ လူ့အခွင့်အရေး
အခြေအနေပိုမို တိုးတက်လာတဲ့လက္ခဏာကို ပြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရသင့်ရထိုက်တဲ့
လူ့အခွင့်အရေးဆုံးရှုံးမှုတွေရှိနေဆဲပါ။ ကျွန်တော်ယုံကြည်တာက အချိန်တွေ ကုန်တာနဲ့အမျှ
ဒီလူ့အခွင့်အရေးဆုံးရှုံးမှု အခြေအနေ အခုထက် မဆိုးဝါးလာခင် အမြန်ဆုံး ပပျောက်အောင်
ဆောင်ရွက်ဖို့ လိုပါတယ်"ဟု ၎င်းက ပြောသည်။

ကွင်တားနားသည် ၎င်း၏ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည် နယ်ရှိ ဒုက္ခသည်စခန်းများ
သာမက ထိုပြည်နယ်များရှိ အကျဉ်းထောင်များသို့လည်းသွားရောက်ကာ လူ့အခွင့်အရေးဆိုင်ရာ
အခြေအနေများကို လေ့လာခဲ့ ကြောင်း ပြောကြားသည်။

"ရခိုင်ပြည်နယ်မှာဆို စစ်တွေ၊ မြေပုံနဲ့ ပေါက်တောမြို့တွေက ရွှေ့ပြောင်း ဒုက္ခသည်စခန်းတွေက
အခြေအနေတွေ ကို သွားကြည့်ခဲ့ပါတယ်။ နောက် စစ်တွေက အကျဉ်းထောင်ကိုလည်း သွားခဲ့ပါ
သေးတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ၀ိုင်းမှော်မြို့တွေက ရွှေ့ပြောင်းဒုက္ခသည်စခန်းတွေကို
သွားခဲ့သလို မြစ်ကြီးနားအကျဉ်းထောင်ကိုလည်း သွားခဲ့ပါတယ်"ဟု ၎င်းက ဆက် ပြောသည်။

"ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့လတွေက မြန်မာစစ်တပ်က အရှိန်မြှင့် ထိုးစစ်ဆင်ခဲ့တဲ့အတွက် အရပ်
သားသေဆုံးမှု၊ ထိခိုက် ဒဏ်ရာရမှုတွေနဲ့ အရပ်သား လူဦးရေ ကျဆင်း ဆုံးရှုံးခဲ့ပါတယ်။ လက်ရှိ
အဲဒီမှာရှိနေတဲ့ အစိုးရစစ်တပ်တွေကလည်း လုပ်ထုံးလုပ်နည်း တာဝန်ထက် ကျော်လွန်နေတဲ့
အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ရှိနေတုန်းပါပဲ။ မြစ်ကြီးနားက ဒုက္ခသည်စခန်း
က ဒုက္ခသည်တချို့နဲ့အပြင် အကျဉ်းထောင်က အကျဉ်းကျခံသူတွေနဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့ပါ
တယ်။ ကေအိုင်အေနဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီး တစ်ဖက်သတ် ဖမ်းဆီးချုပ်နှောင်၊ ညှဉ်းပန်းနှိပ်
စက်မှု ခံနေရတဲ့ ကချင်အမျိုးသားတချို့နဲ့ ပတ်သက်ပြီးလည်း အလေးထား စိုးရိမ်မိပါ တယ်။
အစိုးရနဲ့ ကေအိုင်အေတပ်တွေ အတင်းအကျပ် အလုပ်စေခိုင်းမှုတွေလည်း ရှိတယ်လို့ ကြားမိပါ
တယ်"ဟု ကွင်တားနားက ဆက်ပြောသည်။

ထို့ပြင် ကွင်တားနားက အပစ်အခတ်ရပ်ဆဲရေး အပြန်အလှန် ဆွေးနွေးပွဲအား အကောင်အထည်
ဖော်ကာ မကြာမီကာလအတွင်း ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

"နောက် ကချင်ပြည်နယ်က အစိုးရ ထိန်းချုပ်မှုအောက်မရှိတဲ့ နေရာတွေကို ကုလသမဂ္ဂထောက်ပံ့
မှုတွေ ပေးပို့ဖို့ လတ်တလော အစိုးရက ခွင့်ပြုခဲ့တာကို လည်းကြိုဆိုပါတယ်။ အဲဒီဒေသတွေကို
သွားမယ့် ၀န်ထမ်းတွေရဲ့လုံခြံုရေးလည်း ပိုပြီး ကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်"ဟု
၎င်းက ပြောသည်။

ထို့ပြင် ကွင်တားနားသည် ၎င်း၏ ငါးရက်တာခရီးစဉ်အတွင်း ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင်
ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာတိုင်း(မ်) ဂျာနယ်ရုံးချုပ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး
မန်နေဂျင်း ဒါရိုက်တာ မစ္စတာ ရော့စ်ဒန်ကလီနှင့် တွေ့ဆုံကာ မြန်မာ နိုင်ငံ၏ လက်ရှိသတင်း
လွတ်လပ်ခွင့်၊ မြန်မာတိုင်း(မ်)ဂျာနယ်၏ လက်ရှိ ရှယ်ယာပိုင်ဆိုင်မှုကိစ္စနှင့် ယခင် မြန်မာတိုင်း(မ်)
ဂျာနယ် ပူးတွဲတည်ထောင်သူ တစ်ဖြစ်လဲ အဓိကရှယ်ယာဝင်ဖြစ်သူ အကျဉ်းကျခံနေဆဲ
ဦးဆန်နီဆွေတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

"မြန်မာတိုင်း(မ်)ဂျာနယ်ရုံးမှာ မစ္စတာ ရော့စ်ဒန်ကလီနဲ့ တွေ့ဆုံပြီး လက်ရှိ သတင်းစာစောင်တွေရဲ့
သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါတယ်။ နောက်မြန်မာတိုင်း(မ်)ဂျာနယ်ရဲ့
ရှယ်ယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေကိုလည်း ဆွေးနွေးခဲ့သလို လက်ရှိချိန်
အထိ ဆက်တိုက် အကျဉ်းကျခံနေရတဲ့ သူ့ရဲ့ ယခင် စီးပွားရေး လုပ်ဖော်ကိုင်ဖက်နဲ့ ပတ်သက်ပြီး
လည်း ကျွန်တော် အလေးထားဆွေး နွေးခဲ့ပါတယ်"ဟု ကွင်တားနားက ပြောကြားသည်။

ထို့ပြင် ကွင်တားနားသည် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ရသည့်အခြေအနေတွင်
ရှိနေသေးရာ နိုင်ငံ၏ အခြားဒေသများသို့ ကူးစက် ပြန့်ပွားရန် ခြိမ်းခြောက်နေသည့်အတွက် မြန်မာ
နိုင်ငံ၏ လက်ရှိအသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ် အရှိန်အဟုန်အား ဟန့်တားနိုင်ဖွယ်ရှိကြောင်း
ပြောသည်။

ထို့ပြင် ကွင်တားနားသည် ၁၉၈၂ နိုင်သားဖြစ်ခွင့် အက်ဥပဒေအား မြန်မာ နိုင်ငံသား အားလုံး
အတွက် တန်းတူအခွင့်အရေးပေးသည့်၊ တိုင်းရင်းသား လူမျိုးစု၊ ဘာသာ စသဖြင့် ခွဲခြားမှုမရှိသည့်
ဥပဒေအဖြစ် ပြင်ဆင်ဖြည့်စွက်ရန် လွှတ်တော်တွင် ထပ်လောင်းအကြံပြု တောင်းဆိုခဲ့ကြောင်း
ပြောကြားသည်။

အလားတူ ကျန်ရှိနေသေးသည် နိုင်ငံရေးအကျဉ်းသားတချို့အားလည်း အသိတရားရှိစွာ အမြန်ဆုံး
လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင် ခဲ့သော ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သက်ဆိုင်ရာအစိုးရ
၀န်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်၊ အရပ်ဖက် လူ့အဖွဲ့အစည်း၊ ၈၈ ကျောင်းသားဟောင်းတို့
နှင့် ပါတွေ့ဆုံခဲ့သည်။

ကွင်တားနားသည် ၎င်း၏ယခုခရီးစဉ်အတွင်း ရရှိထားသည့် အချက်အလက်များအား လာမည့်
မတ်လတွင် ပြုလုပ်မည့် (၂၂) ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံတင်ပြမည်ဖြစ်
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး