ပြည်တွင်း ဒုက္ခသည်များ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဦးစားပေးမည်

ပြည်တွင်း ဒုက္ခသည်များ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဦးစားပေးမည်

ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည် တစ်သိန်းကျော်အား မြန်မာပြည်တွင်းသို့ ပြန်လည်ခေါ်ယူမည်ဟု
သတင်းများ ထွက်ပေါ်နေသော်လည်း ပြည်တွင်း ဒုက္ခသည်များအတွက် ပြန်လည် ထူထောင်ရေး
လုပ်ငန်းများအား ဦးစား ပေးဆောင်ရွက်ပြီးမှသာ ပြည်ပရှိ ဒုက္ခသည်များအတွက် ဆောင်ရွက်သွား
မည် ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)၏ ကာကွယ်ရေးဝန်ကြီး
စောရော်ဂျာခင်က ပြောသည်။

"ပထမကတော့ ပြည်တွင်းဒုက္ခသည် တွေက ဘယ်မှမသွားကြတော့ လုပ်ရတာ လွယ်တယ်။ မြို့
ကျော်နေတဲ့ ရွာပုန်း ရွာရှောင်တွေအတွက် စနစ်တကျ ပြန်လည်ထူထောင်ရေးလုပ်ပြီးမှပဲ တစ်ဖက်
မှာရှိတဲ့သူတွေကို ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်"ဟု စောရော်ဂျာခင်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့
ကရင်ပြည်နယ်၊ ဘားအံမြို့၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောသည်။

ကရင်တိုင်းရင်းသားများသည် နှစ် ပေါင်း ၂၀ ကျော်ကြာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများ၏ ပဋိပက္ခများကြားတွင် မြေစာပင်များ ဖြစ်ခဲ့ကြောင်း၊ အဆိုပါ ကရင်ဒုက္ခသည်
များမှာ ပြည်တွင်းနှင့် နယ်စပ်နိုင်ငံများတွင် ဒုက္ခသည်အဖြစ် နေထိုင်နေရ ကြောင်း၊ ယခု အစိုးရနှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး
နိုင်ခဲ့သည့်အတွက် ယခုအချိန်တွင် ပြည်နယ်ဖွံ့ဖြိုးရေးနှင့် ဒုက္ခသည်များအတွက် ပြန်လည်ထူ
ထောင်ရေး လုပ်ငန်းများကို အစိုးရနှင့် လူမှုရေးအဖွဲ့အစည်းများပူးပေါင်းကာ ဆောင်ရွက်နေကြောင်း
စောရော်ဂျာခင်က ပြောသည်။

"တိုင်းရင်းသား ဒုက္ခသည်တွေအတွက် အရေးအကြီးဆုံးက အချက် ငါးချက်။ ပထမက ဘဝလုံခြံုမှု
ရှိဖို့ပဲ။ နောက်ပညာရေး၊ ကျန်းမာရေး၊ ဘဝ ပြန်လည်ထူထောင်ရေးတွေပါပဲ။ ဒီအချက်တွေကို
အစိုးရအာဏာပိုင်တွေ ရဲ့ ခွင့်ပြုချက်မပါဘဲ လုပ်လို့မရဘူး။ အားလုံး ပူးပေါင်းပါ၀င်မှုနဲ့ အခက်အခဲ
တွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်၌ ဒုက္ခသည်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရနှင့်
တိုင်းရင်းသား အဖွဲ့အစည်းများက ဒုက္ခသည်အရေအတွက်ကို စတင်စာရင်းကောက်ယူလျက်ရှိပြီး
အရေအတွက် အတိအကျကိုမူ ပြောဆိုရန်ခက်ခဲကြောင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်း
မှာပင် ဒုက္ခသည် ၂,၀၀၀ ကျော်ရှိကြောင်း၊ ထိုင်း နိုင်ငံနယ်စပ်တွင် ဒုက္ခသည်တစ်သိန်းခွဲ ကျော်ရှိ
မည်ဟု ခန့်မှန်းကြောင်း တာဝန်ရှိသူများက ပြောသည်။

"ကျွန်တော်တို့ မြို့နယ်ခွဲ ကိုးခုမှာ အဖွဲ့ ဖွဲ့ပြီး စာရင်းတွေ ကောက်နေတယ်။ တိုင်းရင်းသား အဖွဲ့
အစည်းတွေကလည်း ထိုင်းဘက်မှာ စာရင်းကောက်နေတာ ရှိတယ်။ အခုမှ ကောက်နေတုန်းဆို
တော့ လုပ်ငန်းအစီအစဉ် အတိအကျ တော့ မပြောနိုင်သေးပါဘူး"ဟု ပြည်နယ် ကယ်ဆယ်ရေးမှူး
ဦးအောင်ကျော်က ပြောသည်။

ထိုုင်းနိုင်ငံနယ်စပ်၌ ဒုက္ခသည်စခန်း ကိုးခုရှိပြီး အများစုမှာ ကရင်နှင့် မွန် တိုင်းရင်းသားများ ဖြစ်
ကြောင်း၊ တရားဝင် ထုတ်ပြန်ချက်အရ ထိုင်းနယ်စပ် စခန်းများတွင် မြန်မာနိုင်ငံသို့ ပြန်ပို့မည့်
ဒုက္ခသည်စုစုပေါင်း တစ်သိန်း ခြောက် သောင်းကျော် ရှိသော်လည်း လက်ရှိ အနေအထားအရ
မည်သည့်အချိန်နှင့် မည်သည့်နေရာသို့ ပြန်ရမည်ကို တိကျစွာ သတင်းထုတ်ပြန်မှုမရှိခြင်းကြောင့်
စိုးရိမ်ပူပန်နေကြောင်း၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ
ဒေါ်ခင်ဥမ္မာ က ယခုလ ၅ ရက်နေ့ တော်ဝင်နှင်းဆီ၌ ကျင်းပသော 'ပါ၀င်မှု မရှိလျှင် သက်ဆိုင်မှု
မရှိနိုင်၊ မြန်မာနိုင်ငံသို့ ပြန်လည် နေထိုင်ရေးအပေါ် ဒုက္ခသည်များ၏ ရင်ဖွင့်သံ' စာနယ်ဇင်း
မိတ်ဆက်ပွဲတွင် ပြောသည်။

သို့ဖြစ်၍ နယ်စပ်တွင် ဒုက္ခသည် အဖြစ်နေထိုင်နေရသော တိုင်းရင်းသားများအား အစိုးရဘက်မှ
ပြန်လည်ခေါ်ယူရာတွင် ၎င်းတို့ဘဝလုံခြံုရေး အာမခံချက်နှင့် ရပ်တည်ရေးအတွက် ကြိုတင်ပြင်ဆင်
ပြီးသည့် အချိန်မှသာ ပြည်တွင်းသို့ ခေါ်ယူသင့်ကြောင်း ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး
အဖွဲ့၏ ဒါရိုက်တာ ဒေါ်စူဇန်နာလှလှစိုးက ပြောသည်။

"တိုက်ပွဲကြောင့် တောထဲမှာ ထွက်ပြေးနေရလို့ ကျောင်းမတက်ခဲ့ရဘူး။ မောင်နှမ ခုနစ်ယောက်ရှိ
တာ တစ်ယောက်မှ ကျောင်းမတက်ဖူးဘူး။ အခု ပြန်လာတော့ တောင်ယာခုတ်တဲ့အလုပ်လုပ်
တယ်။ ရွာမှာလည်း ကျောင်းမရှိဘူး။ အခု သူကြီးကတစ်ဆင့်ကြားလို့ ဆန်လာယူတာ။ ကျွန်တော်
တို့အတွက် အလိုအပ်ဆုံးက အစာပေါ့"ဟု လှိုင်းဘွဲ့မြို့နယ်၊ ကေအင်န်ယူထိန်းချုပ်ရာ ဒေသရှိ
၀ါးခယ်လ်ထရွာမှ စောမော်ခင်က ထရီးပိုးကွီးကျေးရွာတွင် ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းမှ လှူဒါန်း
သော ဆန်များလာရောက်ယူစဉ် ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး