ညောင်ရွှေမြို့နယ်၊ အင်းလေးဟိုတယ် ဇုန်စီမံကိန်းနှင့်ပတ်သက်၍ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသည့်
စီမံကိန်းဧရိယာအတွက် မြေနေရာရှင်းလင်းမှု လုပ်ငန်းခွင်ကို သွားရောက်တားမြစ်သည့် ဒေသခံ
ရွာသား ခုနစ်ဦးအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုထားကြောင်း ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်
တရားရုံးမှ သိရသည်။
အဆိုပါ ရွာသားခုနစ်ဦးသည် ဖေဖော်ရီလဆန်းပိုင်းတွင် ယင်းစီမံကိန်း တည်နေရာရှိ လမ်းဖောက်
လုပ်မှုလုပ်ငန်းခွင် မြေနေရာရှင်းလင်းမှုကို သွားရောက် တားမြစ်ခဲ့ခြင်း အပေါ် ညောင်ရွှေမြို့နယ်
အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အာဏာဖီဆန်မှုပုဒ်မ ၁၈၈ ဖြင့်လည်းကောင်း၊
အဆိုပါရွာသား ခုနစ်ဦးထဲမှ သုံးဦးအား ထပ်မံ၍ နမ့်ပန် ရဲစခန်းမှ ယခုလ ၁၈ ရက်နေ့တွင် ၀တ္တရား
နှောင့်ယှက်မှုပုဒ်မ ၃၅၃ ဖြင့် လည်းကောင်း တရားစွဲဆိုခဲ့သည်။
"ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခံထားရတဲ့သူ တွေကိုပဲ ၀တ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃ နဲ့ နမ့်ပန်ရဲစခန်း
က တရားစွဲဆိုထားတယ်။ ဒီနေ့ ခံဝန်ချုပ်မှာ လက်မှတ်ထိုးရတာ ကျွန်တော်တို့ ပါပါတယ်။
ကျွန်တော်တို့ကို ပုဒ်မ ၃၅၃ နဲ့ တရား ထပ်စွဲဆိုထားတယ်လို့ ဒီနေ့လာပြောလို့သာ သိရတာပါ။
ခံဝန်ချုပ်မှာ လက်မှတ်သာထိုးပေးလိုက်တာ ပုဒ်မ ၃၅၃ က ဘာမှန်းမသိပါဘူး။ ပုဒ်မ ၁၈၈ နဲ့ အစွဲခံ
ရတဲ့အထဲမှာလည်း တရားစွဲဆိုခြင်းခံ ထားရတဲ့ ခုနစ်ဦးထဲကမှ ကျွန်တော်ရယ်၊ ဦးချွေခဲ၊
ဦးအောင်ကျော်မျိုးတို့ ထပ်မံ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်"ဟု ကံဘဲ့ကျေးရွာမှ တရားစွဲဆိုခံ
ရသည့် ဦးအောင်မြင့်က ပြောသည်။
တရားစွဲခံထားရသူများမှာ အင်ကြင်း ကုန်းကျေးရွာနှင့် ကံဘဲ့ကျေးရွာမှ ဦးဇော်မင်း၊ ဦးသိန်းထွန်းဦး၊
ဒေါ်ခင်ဝင်း၊ ဦးကျော်စိန်၊ ဦးအောင်မြင့်၊ ဦးချွေခဲ၊ ဦးအောင်ကျော်မျိုးတို့ ဖြစ်ကြောင်း သိရသည်။
စီမံရေးလုပ်ငန်းများအား မည်သူမျှ ဟန့်တားခြင်း၊ နည်းမျိုးစုံဖြင့် ဖော်ပြ စည်းရုံး လှုံ့ဆော်ခြင်းမပြုရ
ဟူသော အချက်အား ဖောက်ဖျက်ရာရောက် ကြောင်း၊ ရုံးရှေ့ဆန္ဒထုတ်ဖော်သူများက ယန္တရားရှေ့
တွင် တားဆီးလုပ်ဆောင် နေမှုများမှာ အမိန့်အား ဆန့်ကျင်ခြင်း သာဖြစ်ကြောင်း တရားလိုဖြစ်သူ
ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းမောင်က ပြောသည်။
"စီမံရေးလုပ်ငန်းတွေကို ဟန့်တား ခြင်း၊ နည်းမျိုးစုံနဲ့ ဖော်ပြစည်းရုံး လှုံဆော် ခြင်း မပြုရဆိုတဲ့
အချက်ကို ဖောက်ဖျက်ရာရောက်တယ်"ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူး အမိန့်အာဏာကို ဖီဆန်ခြင်း မျိုးမဟုတ်ဘဲ ရင်တွင်းရှိ
သောဆန္ဒကို ပြသခဲ့ခြင်းသာဖြစ်ကြောင်း ရွာသားများ က ပြောသည်။
ရွာသားများမှာ ဟိုတယ်ဇုန် တည်ဆောက်ခြင်းကို ကန့်ကွက်လို ခြင်းကြောင့်မဟုတ်ဘဲ လုပ်ကိုင်
စားစရာ မြေပျောက်ဆုံးရသောကြောင့် မိမိတို့ ပိုင်ဆိုင်မြေဖြစ်သည်ကိုသာ ဖော်ထုတ်လိုကြခြင်းဖြစ်
ကြောင်း၊ လုပ်ကိုင်စားသောက်နိုင်ရန် တန်ရာတန်ကြေးလည်း ပေးစေလိုကြောင်း၊ စီးပွားရေးအလုပ်
အကိုင်တစ်ခုမှတစ်ခုသို့ ပြောင်းလဲလုပ်ကိုင်ရန်မှာ မလွယ်ကူကြောင်း၊ မြေသိမ်းခံရသော ညောင်ရွှေ
မြို့နယ်၊ ကံဘဲ့ ကျေးရွာနှင့်အင်ကြင်းကုန်းကျေးရွာမှ တောင်သူများက မြန်မာတိုင်း(မ်)ကို ယခုလ
၁၈ ရက်နေ့တွင် ပြောသည်။
"သီးစား လျော်ကြေးအတွက်ပဲပေးပြီး မြေရာကတော့ ကျွန်တော်တို့တွေ မပိုင်ဘူးလို့ ပြောလာတာ
ဘာကြောင့်ပါလဲ။ ဂရန်တွေ၊ အခွန်အခတွေ ကောက်ခံတုန်း က ပြေစာတွေအကုန်ရှိပါတယ်။
ဒါတွေ အလကားဖြစ်ကုန်ပြီလားလို့ သိချင်ပါတယ်"ဟု တောင်သူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တိုက်နယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုတင်၊ အင်းတိုင်းရင်းသား
ရေးရာ ၀န်ကြီးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ အဖွဲ့တို့က လျော်ကြေး
လက်မခံသော ရွာသားများ နှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ရွာသားများက ထင်းခြံများအား တစ်ဧက
လျှင် ကျပ်သိန်း ၄၀၀ နှင့် လယ်ယာသီးနှံ စိုက်ပျိုးမြေများအား တစ်ဧကလျှင် ကျပ်သိန်း ၁,၀၀၀
ပေးရန် တောင်းဆိုထားသည်။
အဆိုပါတောင်းဆိုချက်များအရ အင်းဝန်ကြီးက ပြန်လည်တင်ပြပေးမည် ဟုပြောခဲ့ပြီး ေဖော်ဝါရီလ
၂၀ ရက်နေ့ တွင် သက်ဆိုင်ရာလူကြီးများနှင့် ရွာသား များ ပြန်လည်ညှိနှိုင်းမှုများပြုခဲ့သည်။
"ဒီလုပ်ငန်းခွင်ထဲမှာ ပုဒ်မ ၁၈၈ ဒီလို ဥပဒေထုတ်ပြန်ထားတယ်။ လုပ်ငန်းခွင်တာဝန်ကို ဆက်လက်
မလုပ်နိုင်အောင် တားမြစ်တဲ့အတွက် ဒီခုနစ်ယောက်ကို တရားစွဲတာတော့ဟုတ်ပြီ။ ၀န်ကြီးချုပ်
ဦးစဝ်အောင်မြတ်၊ ဘဏ္ဍာအခွန်ဝန်ကြီး ဦးခွန်စိုင်းမောင်၊ ဟိုတယ်နဲ့ခရီးဝန်ကြီး၊ ရှမ်းပြည်နယ်
ဒုဝန်ကြီးတွေနဲ့ အဆင့်ဆင့် ညှိနေတဲ့အချိန်၊ ၂၀ ရက်နေ့ ပြန်လည်ညှိနှိုင်းဖို့ ပြောထားတဲ့အချိန်၊
ညှိနှိုင်းဖို့လုပ်နေတဲ့အချိန်မှာ ခုလိုမျိုး ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးက ဒီရွာကလူတွေကို ပုဒ်မ
၁၈၈၊ အာဏာဖီဆန်မှုနဲ့ စွဲလိုက်တဲ့အတွက်ကြောင့် ဒါမစွဲသင့်ဘူးလို့ထင်တယ်။ ပုဒ်မရဲ့သဘော
တရားအရဆိုရင် ဒဏ်ငွေ ဖြစ်စေ၊ ထောင်ဒဏ်ခြောက်လဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
ဒေသခံပြည်သူတွေက ဒီပုဒ်မရဲ့ သဘောတရားကို မသိဘူး။ ပြည်သူတွေ အတွက် နစ်နာပါတယ်။
ဒီနေ့ တရားလိုဖြစ်တဲ့ ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းမောင်နဲ့ စွပ်စွဲခံရသူ ခုနစ်ဦးကို ရုံး
တင်စစ်ဆေးပါတယ်"ဟု အဆိုပါအာဏာဖီဆန်မှုဖြင့် တရားစွဲခံထားရသူ ရွာသူရွာသားများဘက်မှ
ဆောင်ရွက် ပေးသည့် အထက်တန်းရှေ့နေ ဒေါ်နန်းသူဇာက ယခုလ ၁၈ ရက်နေ့တွင် ပြောသည်။
ယခုလ ၁၈ ရက်နေ့တွင် ညောင်ရွှေမြို့နယ် အတွင်း တောင်သူ ၁၀၀ ကျော်က မြို့နယ်တရားရုံး
ရှေ့၌ တရားစွဲဆိုခံရသည့် တောင်သူ ခုနစ်ဦးအတွက် သွားရောက် ဆန္ဒထုတ်ဖော်ခြင်းများရှိခဲ့
ကြောင်း သိရသည်။
"အခုဆန္ဒထုတ်ဖော်တဲ့အနေနဲ့ ကံဘဲ့ကျေးရွာ နဲ့ အင်ကြင်းကုန်းကျေးရွာတို့ကနေလာကြတာ ဖြစ်ပါ
တယ်။ ကျွန်မတို့ ခုလိုလာတာကတော့ ရွာနှစ်ရွာစလုံးက ကန့်ကွက်နေပါရက်နဲ့ အားလုံးကိုမဟုတ်
ဘဲ ခုနစ်ဦးကိုပဲ တရားစွဲထားတယ်။ ဒါ ဘာကြောင့်လဲဆိုတာမသိပါဘူး။ ဒီတော့ ကန့်ကွက်တာမှာ
တို့တစ်တွေလည်း ပါတယ်။ နင်တို့ကြီးပဲတော့ ဒီအတိုင်း အဖြစ်မခံဘူး။ တို့ပါလိုက်မယ်ဆိုပြီး
အားလုံးလာကြတာ ဖြစ်ပါတယ်။ ကျွန်မတိ့ုက ဟိုတယ်ဇုန် တည်ဆောက်တာကို ကန့်ကွက်တာ
မဟုတ်ပါဘူး။ ကျွန်မတို့ မြေပဲပြန်လိုချင်တာပါ။ ဒါမှမဟုတ်ရင် တန်ရာတန်ကြေးလိုချင်တာပါ"ဟု
အင်ကြင်း ကုန်းကျေးရွာမှ ဒေါ်စိန်မြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"အလျှော့ပေးတဲ့အနေနဲ့ လျော်ကြေးကို ထိုက်ထိုက်တန်တန်ပေးရင် လက်ခံပေးမယ် ဆိုတာကို
သူတို့က အဲလောက်မပေးနိုင်ဘူးပေါ့။ မိဘဘိုးဘွားပိုင် ပစ္စည်းကို ဘယ်လိုပဲ အခက်အခဲရှိခဲ့ ရှိခဲ့
မထိခဲ့ဘူး။ မရောင်းစားခဲ့ဘူး။ ခုတော့ အသိမ်းခံရတယ်ဆိုတော့ စဉ်းစားကြည့်ပေးပါ၊ အရမ်းဝမ်း
နည်းပါတယ်။ အခုလိုဖြစ်မယ်လို့ တစ်ခါမှလည်း မမျှော်လင့်ခဲ့ဘူး။ စီးပွားရေး အလုပ်အကိုင်
ပြောင်းလဲလုပ်ကိုင်ဖို့ဆိုတာ အင်မတန်မလွယ်ပါဘူး။ ခဲယဉ်းပါတယ်။ ပညာရေးရော၊ ကျန်းမာရေး
ရော ဒီက ထင်းစိုက်ခင်း၊ သီးနှံစိုက်ခင်းတွေနဲ့ အားကိုးအားထား ပြုပြီး နေရတာ။ ယောင်ချာချာဖြစ်
နေပြီ။ စိတ်ဓာတ်လည်းအရမ်းကျနေပြီ။ သူတို့ပေးတဲ့ အနေအထားက တခြားနေရာပြောင်းပြီးရင်
လုပ်စားကိုင်စားလို့ရမယ့် အနေအထားမျိုးဖြစ်ရင်တော့ ကောင်းပါတယ်။ ကြည့်ရှုပေးမလား မျှော်
လင့်ချက်နဲ့ပေါ့"ဟု ထင်းစိုက်ခင်းများနှင့် သီးနှံစိုက်ခင်းများ ပါ၀င်သည့် စုစုပေါင်းဧက ၅၀ ခန့်
ဟိုတယ်ဇုန်တည်ဆောက်ရေးနယ်မြေလုပ်ကွက်အတွက် ဖယ်ရှားပေးရမည့် အင်ကြင်းကုန်းကျေးရွာ
မှ ဒေါ်စိန်မြင့်က ပြောသည်။
ဟိုတယ်ဇုန် လုပ်ကွက်များအတွက် လုပ်ငန်းဖော်ဆောင် လုပ်ကိုင်ရာတွင် လျော်ကြေးငွေ မယူသေး
သည့် လယ်ယာမြေများအား တူးဆွ ခြင်းများရှိခဲ့သည့်အတွက် တားမြစ်ကြရခြင်း ဖြစ်ပြီး သုံးနှစ်စာ
သီးနှံလျော်ကြေး တစ်ဧက သုံးသိန်းနှင့် ပေးခြင်းအပေါ် ပြန်လည်ညှိနှိုင်း ပြင်ဆင်ပေးရန် တောင်းဆို
ထားသည့်အချိန်တွင် ယင်းကဲ့သို့ပြုလုပ်ရန် မသင့်ကြောင်း ကံဘဲ့ ကျေးရွာမှ တောင်သူကိုညီဇော်
က ပြောသည်။
"ကျွန်တော်က ၁၄ ဧက ပါတယ်။ ခုထိတော့ လျော်ကြေးလက်မခံသေးပါဘူး။ ကျွန်တော် မျှော်လင့်
တာကတော့ ကျွန်တော့်အနေနဲ့ ဒီနေရာအတွက် ၀ယ်ယူတုန်းကလည်း ကာလ ပေါက်ဈေးနဲ့ ညှိနှိုင်း
ပြီးမှ ၀ယ်ယူခဲ့တာဖြစ်တဲ့အတွက် အခုလည်း အဲဒီအတိုင်းပဲ ဖြစ်ချင်ပါတယ်"ဟု ပြောသည်။
ယခုကဲ့သို့ ဖြစ်ပွားလျက်ရှိသောအခြေအနေများနှင့် ပတ်သက်၍ တောင်ကြီးအခြေစိုက် ရှမ်းပြည်
မျိုးဆက်အင်အားစုမှ ဒေသတွင်း ပဋိပက္ခအရေး တာဝန်ရှိသူ ဦးမိုးက "အဓိကက တော့ ပြေပြေ
လည်လည်နဲ့ ညှိနှိုင်းဖို့ လိုအပ်နေတာပါ။ ဘဝရပ်တည်မှုအတွက် ပေးနိုင်မယ်ဆိုရင်တော့ အဆင်
ပြေမှာပါလို့ ပြောချင်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ရော ပြည်သူတွေရဲ့ အသံကို လေးလေး
စားစား နားထောင်ဖို့တော့ လိုအပ်တယ်ဗျ။ ဒေသခံပြည်သူတွေရဲ့ ရင်ဘတ်ထဲမှာအသံတွေ ရှိနေ
တယ်။ တလေးတစား နားမထောင်ခဲ့ဘူးဆိုရင်တော့ မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကတော့ လိုချင်တဲ့သူကတော့ ဖြစ်နိုင်ရင် အများဆုံးရချင်မှာပါပဲ။ ပေးဝယ်တဲ့သူအနေနဲ့လည်း
အလကားနီးပါး ရချင်မှာပါပဲ။ အရေးကြီးနေတာက ညှိနှိုင်းမှုပဲ။ သုံးသိန်းနဲ့ သူတို့ဘဝတစ်ခုလုံးစာ
အတွက် ရှင်သန်နိုင်မှာလား။ ဘိုးဘွား ဆွေစဉ်မျိုးဆက် လက်ထက်ကတည်းက လုပ်စားလာခဲ့ကြ
တယ်။ ဒါပေမဲ့ ညှိနှိုင်းမှုနဲ့ သူတို့အလုပ်အကိုင်အတွက် ဒေသတွင်းမှာ ဆင်းရဲမွဲတေမှုတွေ ပပျောက်
ဖို့အတွက်ဆိုရင် ဒီမှာပဲ နေထိုင်စားသောက် ကြီးပြင်းလာ ကြတယ်ဆိုတော့ ပိုက်ဆံသုံးသိန်းနဲ့က
သူတို့ ရပ်တည်နိုင်ပြီလား။ တရားစွဲဆိုတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဥပဒေတွေ၊
အာဏာ တွေနဲ့ သုံးနေမယ့်အစား ညှိနှိုင်းမှုတွေမလုပ်ဘဲ နဲ့ ဒီလိုနှိပ်ကွပ်မှုတွေနဲ့ လုပ်နေမယ်ဆိုရင်
တော့ ဒေသတွင်း မငြိမ်းချမ်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ သွားနေတဲ့
လမ်းစဉ်ကိုတော့ အနှောင့်အယှက်ဖြစ်စေမှာပါ"ဟု ပြောသည်။
ဟိုတယ်ဇုန်အတွက် မြေနေရာဖယ်ရှားပေးရသည့်နေရာများရှိ ကျေးရွာများမှရပ်ကွက်အုပ်ချုပ်ရေးမှူး
များက လက်ခံရန် ဖိအားပေးမှုများရှိခဲ့ကြောင်း သိရသည်။
"လယ်ယာမြေတွေ ဖယ်ရှားပေးရခြင်းအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ သီးစားလျော်
ကြေးပေးတာသာ ယူလိုက်ကြဖို့၊ လက်ခံဖို့ ပြောပါတယ်။ ဆိုးတာက အုပ်ချုပ်ရေးမှူးတစ်ဦးက
မောင်နှမပိုင်လယ်ယာမြေတွေ ကို အကြီးတွေအသိမပေးဘဲ အငယ်ဆုံးကိုပဲ လက်ခံလိုက်ဖို့ပြောပြီး
လေးဧကအတွက် ငွေ ၁၂ သိန်းကို အတင်းပေးလိုက်တဲ့ ဖြစ်ရပ်ပါပဲ။ ဒီလိုလက်သိပ်ထိုးတာကို
မောင်နှမတွေက မကျေနပ်ကြပါဘူး။ လက်လည်းမခံလိုပါဘူး။ ဒါ လုပ်လည်း မလုပ်သင့်တာပါ"ဟု
အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။
ဟိုတယ်ဇုန် တည်ဆောက်ရန်အတွက် မြေ နေရာဖယ်ရှားပေးရာတွင် ပါ၀င်သောဒေသများ မှာ
ညောင်ရွှေမြို့နယ် ကံဘဲ့၊ အင်ကြင်းကုန်း၊ ချောင်းပါး၊ ဘုရားဖြူ၊ ၀က်သားကယ်၊ ညောင်ဝန်း စသည့်
ကျေးရွာများဖြစ်ကြောင်း သိရသည်။
"ကျေးရွာတချို့ကတော့ သီးစားလျော်ကြေး ငွေလက်ခံခဲ့တဲ့ရွာသူရွာသား ၆၅ ဦး ရှိပါပြီ။ ကံဘဲ့၊
အင်ကြင်းကုန်းမှာတော့ ငွေလုံးဝမယူတဲ့ လယ်ယာမြေပိုင် ၁၈ ဦး ရှိနေပါသေးတယ်။ ထင်းစိုက်ခင်း
ပိုင်ရှင်တွေတော့ အများကြီးပေါ့။ ထင်းစိုက်ခင်းတွေအတွက်တော့ လုံးဝမရကြဘူး"ဟု
ကံဘဲ့ကျေးရွာနေ တောင်သူ ဦးအောင်မြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
















