ရွှေပါရမီဖောင်ဒေးရှင်းက သာယာဝတီမြို့၌ အခမဲ့ဆေးကုသမှုအလှူ သုံးရက်ကြာပြုလုပ်ခဲ့

ရွှေပါရမီဖောင်ဒေးရှင်းက သာယာဝတီမြို့၌ အခမဲ့ဆေးကုသမှုအလှူ သုံးရက်ကြာပြုလုပ်ခဲ့

ရွှေပါရမီတောရဆရာတော် အရှင် ဆန္ဒာဓိက ဦးဆောင်နာယကပြုသော ရွှေပါရမီ ကျန်းမာရေး
ဖောင်ဒေးရှင်း သည် ယခုလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ အထိ သာယာဝတီမြို့ရှိ မင်္ဂလာအုဌ်
ကျောင်းတွင် အခမဲ့ဆေးကုသမှုအလှူကို သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ကျန်းမာရေး ၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း
နှင့် သာယာဝတီမြို့ရှိ ဗိုလ်ကျော်သန်း ပရဟိတအကျိုးတော်ဆောင်အဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်မြို့
မှ အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင်လာရောက်၍ မျက်စိဝေဒနာ၊ ခွဲစိတ်၊ အရိုးအကြော၊
နား-နှာခေါင်း၊ ကလေးရောဂါများ၊ အရေပြား၊ သွားနှင့် ခံတွင်း၊ လည်ပင်းကြီးရောဂါ၊ ဆီးနှင့်
ကျောက်ကပ်၊ မီးယပ်သွားဖွားနှင့် အထွေထွေရောဂါများအား သုံးရက်တိုင် တိုင် အခမဲ့ဆေးကုသမှု
အလှူပြုခဲ့ခြင်း ဖြစ်သည်။

"ဘယ်လိုရည်ရွယ်ချက်၊ စိတ်ထားမျိုးနဲ့ ဒီအလှူကို ဆောင်ရွက်သလဲဆိုတော့ လောကမှာ အနာ
ရောဂါရှိတဲ့လူတွေ ရှိတယ်။ အဲဒီလူတွေ ဆေးဖိုးဝါးခ မတတ် နိုင်လို့မကုသဘဲ ရောဂါကို ဒီအတိုင်းပဲ
ငုံ့ခံနေကြရတဲ့လူတွေရှိတယ်။ ဒါမှမဟုတ် တတ်နိုင်ပေမယ့်လည်း ကိုယ့် ရောဂါနဲ့ သက်ဆိုင်တဲ့
ဆရာဝန်ကြီးတွေ က ကိုယ့်အနီးနားမှာမရှိလို့ ကုသခွင့်မရတာတွေလည်း ရှိတယ်။ ဒါမှမဟုတ်
ကုသ ပေးနိုင်တဲ့ ဆရာဝန်တွေရှိတဲ့ နေရာကိုလည်း ကိုယ်က မသွားရောက်နိုင်လို့ မကုသရတာ
လည်း ရှိတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဆေးဝါးကုသခွင့်မရဘဲ နဲ့ အနာဖြစ်ပြီးတော့ အဖြစ်
နာနေကြတဲ့ သူတွေ ရှိတယ်။

"အဖြစ်နာတယ်ဆိုတာက ရောဂါမပျောက်ဘဲနဲ့ ဝေဒနာကိုခံစားနေရတာ၊ သို့မဟုတ် အသက်ဆုံးရှုံး
သွားရတာပေါ့။ အဲဒီတော့ အဖြစ်နာတယ်ဆိုတာ အဖြစ်ဆိုးတာပါပဲ။ အနာဖြစ်ပြီးတော့ အဖြစ်
နာနေကြတဲ့သူတွေ အဖြစ်မနာရပါစေနဲ့ ဆိုပြီး မေတ္တာစေတနာနဲ့၊ စေတနာရှိတဲ့သူ၊ မေတ္တာရှိတဲ့သူ၊
ပရဟိတစိတ်ရှိတဲ့သူ တွေက ကိုယ်စွမ်းနိုင်သမျှ ကျန်းမာရေး အကူအညီတွေ အခမဲ့ဆေးကုသမှု
အလှူ အတန်းတွေ ပြုလုပ်ကြတာဖြစ်တယ်" ဟု ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားသည်။

သုံးရက်ကြာ အခမဲ့ဆေးကုသမှု အလှူတွင် လူနာပေါင်း ၉,၀၀၀ ကျော်အား ကုသ ပေးခဲ့ပြီး ခွဲစိတ်
ကုသရန် ကျန်ရှိနေသေးသော မျက်စိရောဂါသည်များအား ယခု လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့
တွင် ထပ်မံ ကုသပေးသွားမည်ဖြစ်သည်။

"အခုလိုမျိုး ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ကို လာပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများ၊ အခမဲ့ဆေးကုသမှု အလှူများ ပြုလုပ် ဆောင်ရွက်ပေးတဲ့ အတွက်ကြောင့် ပြည်သူ
လူထုရဲ့ကိုယ်စား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကိုယ်စား၊ အစိုးရ အဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ်
အနေနဲ့ သော်လည်းကောင်း များစွာ ၀မ်းသာ ဂုဏ်ယူမိပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးဉာဏ်ဝင်း ကပြောသည်။

"မျက်စိလူနာတွေအတွက် လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက ရွာထဲ ကွင်းဆင်းပြီး ကုသပေးခဲ့ပြီး လူနာ
တွေကို မှတ်တမ်းပြု လုပ်ခဲ့ပါတယ်။ မျက်စိရောဂါအနေနဲ့ ပြောရရင် လူနာကို အတွင်းတိမ်ရေတိမ်
ကြည့်ပေးတယ်။ လိုအပ်တဲ့ ဆေးဝါးပေး တယ်။ မျက်စိမှုန်နေရင် မျက်မှန် အခမဲ့ ပေးတယ်။ ပါ၀ါ၊
ဆလင်ဒါမျက်မှန်တွေ ကို ငွေကြေးတစ်ပြားမှမယူဘဲ အခမဲ့ တပ်ဆင်ပေးတယ်။ အတွင်းတိမ်နဲ့
ပတ်သက်ပြီး သာယာဝတီဆေးရုံကြီးမှာ ခွဲစိတ်ပေးတယ်။ ပြန်ခေါ်စရာရှိတဲ့ လူနာ တွေကိုလည်း
ပြန်ခေါ်ပြီး ကြည့်ရှုစောင့် ရှောက်ပေးတယ်။ သာမန်ခွဲစိတ်ကုသမှု တွေကို သာယာဝတီဆေးရုံကြီး
မှာ ခွဲပေးပြီး အရေးကြီး ခွဲစိတ်ကုသမှုတွေကိုတော့ ရန်ကုန်ဆေးရုံကြီးမှာ ခွဲပေးတယ်။ ဥပမာ
လည်ပင်ကြီး၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲရောဂါတွေလိုမျိုးပေါ့။ ဒီအလှူဟာ ပဲခူးတိုင်းဒေသကြီးအတွင်း
မှာ ပထမဦးဆုံး အကြိမ် လာရောက်လှူဒါန်းခြင်း ဖြစ်ပါတယ်"ဟု ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်း
ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

"ကျွန်မက မျက်စိတစ်ဖက်ခွဲထားတဲ့ လူနာပါ။ ရန်ကုန်ဆေးရုံကြီးမှာ သွားခွဲခဲ့တာပါ။ အခု နောက်
တစ်ဖက် ထပ်ခွဲရ တော့မယ်။ အခုလို သာယာဝတီနယ်မှာ ဆရာတော်က အခမဲ့ဆေးကုသမှုအလှူ
လာပြုပေးတဲ့အတွက် ကျွန်မ အရမ်းကို ၀မ်းသာမိပါတယ်" ဟု သာယာဝတီမြို့ နယ်မှ အသက် ၆၉
နှစ် အရွယ် မျက်စိ ရောဂါ လာရောက်ခွဲစိတ် ကုသမှုခံယူသူ ဒေါ်ချော ကပြောသည်။

ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းအား ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ တွင် ရွှေပါရမီတောရ
ဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်နာယကပြု၍ စတင်ဖွဲ့စည်းခဲ့သည်။

ယခု သာယာဝတီမြို့နယ်၌ ပြုလုပ်သော အခမဲ့ဆေးကုသမှုအလှူ အပါအဝင် (၁၃)ကြိမ်မြောက်
ရှိပြီဖြစ်ပြီး လူနာပေါင်း ခုနစ်သောင်းခန့် ကို ဆေးကုသပေးပြီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး