အမျိုးသားစီမံကိန်းကို ပြည်သူ့ဆန္ဒနှင့်အညီ ပြန်ပြင်ဆင်ရမည်

အမျိုးသားစီမံကိန်းကို ပြည်သူ့ဆန္ဒနှင့်အညီ ပြန်ပြင်ဆင်ရမည်

ပြည်ထောင်စုလွှတ်တော်၏ ဆဋ္ဌမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့မှ ဒသမ နေ့အထိ လွှတ်တော်
ကိုုယ်စားလှယ်များ ထောက်ပြဆွေးနွေးခဲ့ကြသည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ
ကြမ်းနှင့်ပတ်သက်ပြီး ကိုယ်စားလှယ် အများစုတို့က အဆိုပါဥပဒေကြမ်းတွင် ပြည်သူ့ဆန္ဒနှင့်အညီ
ထည့်သွင်းရေးဆွဲထားမှု နည်းပါးလျက်ရှိကြောင်း ပြောကြားခဲ့ကြသည်။

ထိုသို့ ပြောကြားမှု အပေါ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း
စုကြည်အား မြန်မာတိုင်း(မ်)က မေးမြန်းရာတွင် ၎င်းအမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ပြည်သူ့
ဆန္ဒနှင့်အညီ ပြန်လည် ပြင်ဆင်ရမည်ဟု ဖြေကြားခဲ့သည်။

"အမျိုးသားစီမံကိန်းတွေမှာ ပြည်သူ့ဆန္ဒတွေ သိပ်မပါတာက ဒီစီမံကိန်းကို လွှတ်တော်က(ပြည်သူ့
ကိုယ်စားလှယ်တွေက) ရေးဆွဲတာမှမဟုတ်တာ။ လွှတ်တော်ဆန္ဒ၊ ပြည်သူ့ဆန္ဒတွေ စီမံကိန်းထဲမှာ
လုံးဝရောင်ပြန်မဟပ်ဘူးလို့ ပြောဖို့ကျတော့ ခက်ပါတယ်။ အတိုင်းအတာတစ်ခုအထိတော့ ရောင်
ပြန်ဟပ်ပါတယ်။ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ ဆိုတဲ့အတိုင်း အခုတော့ လွှတ်တော်ကနေ ပြည်သူ့
ဆန္ဒတွေ ဖော်ထုတ်နေတယ်လို့ ထင်တယ်လေ။ အခုလို ပြည်သူ့ ကိုယ်စားလှယ်တွေက ပြောတဲ့
ကိစ္စတွေကို (အစိုးရအဖွဲ့က) အသိအမှတ်ပြုပြီး စီမံကိန်းတွေကို ပြန်ပြီးတော့ ပြင်ဆင်ရမှာပေါ့။
ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီအောင် တော့ ပြန်ပြင်ရမှာပေါ့"ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများက အမျိုးသားစီမံကိန်းများ ရေးဆွဲခဲ့ရာတွင် အဓိကကြီး
ကြပ်ပါ၀င် ဆောင်ရွက်ကြသော ဌာနအသီးသီးရှိ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊
ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများကိုလည်း အဆိုပါ အမျိုးသားစီမံကိန်းများအား
လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးခြင်းများကို ကိုယ်တွေ့ကြားနာပြီး သင်ခန်း
စာကောင်းများ ရယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့
လေ့လာသူများအဖြစ် ဖိတ်ကြား၊ တက်ရောက်စေခဲ့ရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ အမျိုးသား
စီမံကိန်း ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ စတင်ဆွေးနွေးသည့် ဖေဖော်ဝါရီလ ၁၃ ရက်
နေ့တွင် အဆင့်မြင့်အရာရှိကြီး ၁၄ ဦး၊ ၁၄ ရက်နေ့တွင် ၂၈ ဦးနှင့် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်
တွင် ၂၀ ဦးတို့ တက်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

"အမျိုးသား စီမံကိန်းတွေကို မူသဘောဆွေးနွေးချိန်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေမှာ ဒီစီမံကိန်း
ရေးစဉ်က အကောင်အထည်ဖော်ဆောင်ရွက်ရတဲ့ အဓိကကျတဲ့ Senior Staffs တွေကို ဖိတ်ကြား
ပါတယ်။ အစည်းအဝေး အစီအစဉ်အလိုက် ကိုယ်စားလှယ်တွေ ဆွေးနွေးကြမယ့် ၀န်ကြီးဌာနတွေ
ရဲ့ Senior Staffs တွေကို ဖိတ်တာပါ"ဟု လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြော
သည်။

ကျင်းပပြီးခဲ့သော လွှတ်တော်အစည်း အဝေးများအနက် တတိယပုံမှန်အစည်း အဝေးမှစပြီး MBA,
ILBC နှင့် ဘွဲ့လွန် ဥပဒေသင်တန်းကဲ့သို့ တက္ကသိုလ် ကောလိပ်များမှ ကျောင်းသားကျောင်းသူများ၊
မြို့နယ်အလိုက် NLD၊ ပြည်ခိုင် ဖြိုးတို့ကဲ့သို့ နိုင်ငံရေးပါတီများ၊ ပအို၀်း လူငယ်၊ ရှမ်းလူငယ် စသည့်
ဒေသဆိုင်ရာ အဖွဲ့အစည်းများ စသည်တို့လည်း တက်ရောက်လေ့လာခဲ့ကြကြောင်း၊ ယခုကဲ့သို့
စီမံကိန်းနှင့် ဘတ်ဂျက်အစည်း အဝေးသို့ ၀န်ကြီးဌာနတို့၏ Senior Staffs များ တက်ရောက်
လေ့လာခြင်းမှာ ယခု ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အများဆုံး ဖြစ်လာကြောင်းလည်း ၎င်းက
ဖြည့်စွက်ပြောကြားသည်။

အမျိုးသားစီမံကိန်းဥပဒေကြမ်းအား မူသဘောဆွေးနွေးကြမည့် အစည်းအဝေးသို့ တက်ရောက်လာ
သော အဆင့်မြင့် အရာရှိကြီးများထဲမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးအား "စီမံကိန်းများတွင် ပြည်သူ့
ဆန္ဒများ ပါ၀င်ခြင်း လျော့နည်း နေသည်မှာ အဘယ့်ကြောင့်နည်း"ဟု မေးမြန်းသည့်အခါ ၎င်းက -

"စီမံကိန်းတွေရေးတုန်းကတော့ သေသေချာချာ ရေးဆွဲခဲ့တာပါ။ ဒါပေမဲ့ အချိန်ကန့်သတ်မှုတွေရှိ
တော့ လုံလောက်တဲ့အချိန် မရခဲ့ဘူး။ အချိန်လုပြီး ရေးခဲ့ကြရတာလည်း ပါပါတယ်။ ပြည်သူ့အသံ၊
လွှတ်တော်အသံတွေ၊ ပြည်သူ့ဆန္ဒတွေ ဒီစီမံကိန်းမှာ ပါ၀င်မှု အားနည်းနေတယ်ဆိုတဲ့အချက်နဲ့
ပတ်သက်ပြီး ပြောရရင် ပြောရတာတော့ ခက်ပါတယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက် အနေအထားကို
လည်း ချိန်ဆရတယ်။ ကန့်သတ်ချက်အချို့ကိုလည်း စဉ်းစားရတယ်။ အကုန်လုံးကို စဉ်းစားပြီး
ဟိုဘက် သည်ဘက် မျှတတအောင် ရေးဆွဲကြရတာပါ။

"ဘယ်ဟာက အရေးကြီးသလဲ၊ ဦးစား ပေး ဘယ်လိုသတ်မှတ်မလဲ။ အဲဒီလို စဉ်းစားပြီး ရေးဆွဲနိုင်မှ
သာ စီမံကိန်းတွေ အောင်မြင်နိုင်မှာပါ။ အားလုံးလုပ်ချင် လို့တော့ မရနိုင်တဲ့အတွက် အဓိကတွေ
ကိုပဲ ဦးစားပေးလုပ်ကြရတာပါ။ အခုလို ကိုယ်စားလှယ်တွေဘက်က ထောက်ပြ ပြီးတဲ့အခါ
ဒီစီမံကိန်းဥပဒေကြမ်းကို ပြန်ပြင်ရမှာပါ"ဟု အမည်မဖော်လိုသူ ညွှန်ကြားရေးမှူးချုပ်တစ်ဦးက
ဖြေကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး