အိပ်ချ်အိုင်ဗီ၊ ကင်ဆာနှင့် ငှက်ဖျားရောဂါပိုးများကို တိုက်ဖျက်နိုင်စွမ်းရှိသည့် အစွမ်းထက် ဒြပ်ပေါင်း
များကို မြန်မာတိုင်းရင်းဆေးပင် ၂၅ မျိုးတွင် တွေ့ရှိခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၀ ရက် နေ့က
ရန်ကုန်မြို့ရှိ သိပ္ပံနှင့် နည်းပညာ သုတေသနဌာန၌ ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ပရဆေး
သုတေသနနှင့် တိုင်းရင်းဆေး နည်းပညာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံ
ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံမှ ဆေးဝါးဗေဒပညာရှင် ပါမောက္ခ ဒေါက်တာတင်ဝက စာတမ်း
တင်သွင်းခဲ့သည်။
မြန်မာနိုင်ငံတွင် ပေါက်ရောက်လျက်ရှိသော အစွမ်းထက် အပင်အမျိုးပေါင်း ၁၀၀ ကျော်ကို သုတေ
သနပြုလုပ်ခဲ့ပြီး ၎င်းတို့အနက်မှ အပင် ၂၅ မျိုးတွင် အစွမ်းထက် ဒြပ်ပေါင်းများကို တွေ့ရှိခဲ့ကြောင်း
၎င်းက ပြောကြားသည်။
၎င်းတို့ထဲမှ ဆေးပင်အမျိုးအစား နှစ်မျိုးမှာ ခန်းတောက်ပင်နှင့် သရဖီ အပင်တို့ဖြစ်ကြပြီး
ခန်းတောက်ပင်မှ တွေ့ရှိသည့် Berberine ဒြပ်ပေါင်းသည် အဆုတ်ကင်ဆာ၊ အိပ်ချ်အိုင်ဗီနှင့်
ငှက်ဖျားရောဂါတို့ကို တိုက်ထုတ်နိုင်ပြီး သရဖီပင်မှ တွေ့ရှိရသည့် Isolated ဒြပ်ပေါင်းသည်
ကင်ဆာဆဲလ်များကို ကုသနိုင်သည်ကိုတွေ့ရှိကြောင်း ၎င်း၏ စာတမ်းထဲတွင် ထည့်သွင်းဖော်ပြ
ထားသည်။
စာတမ်းရှင်ဒေါက်တာတင်ဝသည် ရန်ကုန်တက္ကသိုလ်၌ ဓာတုဗေဒဘွဲ့ရယူခဲ့ပြီး အမေရိကန်နိုင်ငံ
University of Plattsburgh မှ ပါရဂူဘွဲ့ရရှိခဲ့ကာ University of Illinois ၏ ပုံနှိပ်ထုတ်ဝေရေး
ဌာနတွင် တွဲဖက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
ဆေးပညာကျမ်း ၃၀ နှင့် ၎င်း၏ သုတေသနထဲတွင် ဆေးဖက်ဝင် သဘာဝပစ္စည်းအသစ် ၁၄ မျိုးကို
ဖော်ထုတ်နိုင်ခဲ့သည်။
၎င်းတို့အနက် တစ်မျိုးမှာ အိပ်ချ်အိုင်ဗီရောဂါကို ထိန်းချုပ်နိုင်သည့် အဆင့်အတန်းရှိ သဘာဝပစ္စည်း
အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
"ဒီကနေ့ အလုပ်ရုံဆွေးနွေးပွဲမှာ ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိချက်တွေကို စာတမ်းဖတ်ပြီး တင်ပြရ
တာ နောင်မျိုးဆက်သစ်တွေက ဒီလိုအစွမ်းထက် မြန်မာဆေးဖက်ဝင်တွေကနေ တိုင်းရင်းဆေးတွေ
ကို သိပ္ပံနည်းလမ်းတကျ ဆက်လက်ထုတ်သွားနိုင်ဖို့အတွက်ဖြစ်ပါတယ်"ဟု ဒေါက်တာတင်ဝက
မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒါပေမဲ့ ဆေးအဖြစ်ထုတ်နိုင်ဖို့က ငွေကြေးအကုန်အကျတွေ အရမ်းများမယ်။ အချိန်လည်းကြာ
မယ်။ အစိုးရရဲ့ သုတေသနလုပ်ငန်းတွေမှာ ရန်ပုံငွေချထားပေးမှုကနည်းတော့ သူ့ချည်းပဲ အားကိုး
လို့ကတော့ ဆေးဝါးဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတကာ အထောက်အပံ့တွေရမှ
ဆေးဝါးဖြစ်လာ နိုင်မယ်"ဟု ၎င်းက ပြောသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စက်မှု
၀န်ကြီးဌာနမှ တိုင်းရင်းဆေးဝါးဆိုင်ရာ မြန်မာပညာရှင်များ၊ ပုဂ္ဂလိကတိုင်းရင်းဆေးဝါး ထုတ်လုပ်သူ
များ၊ တိုင်းရင်းဆေးဝါးဆိုင်ရာ ပြင်ပကျွမ်းကျင်သူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ သုတေသနလုပ်ငန်းများဆောင်ရွတ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ
မြင့်ဟန်က "ယနေ့အချိန်မှာ တိုင်းရင်းဆေးဝါးများဟာ မြန်မာနိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံး
လက်ခံသုံးစွဲမှု အလွန်မြင့်မားနေပါတယ်။ အကြောင်းရင်းကတော့ မြန်မာတိုင်းရင်းဆေးဝါးတွေကို
ရိုးရာအစဉ်အလာအရ အားကိုးအားထားပြုခြင်းနဲ့ နောက်တစ်ချက်ကတော့ အနောက်တိုင်းဆေးဝါး
တွေက ဈေးကြီးမြင့်တဲ့အတွက် ဆေးဖိုးမတတ်နိုင်တဲ့အတွက်လည်းဖြစ်ပါတယ်"ဟု ပြောကြား
သည်။
ထို့ကြောင့် မြန်မာတိုင်းရင်းဆေးဝါးများ၏ အဆင့်အတန်းကို ပိုမိုမြင့်မား လာစေရန်အတွက် ကမ္ဘာ့
ကျန်းမာရေးအဖွဲ့၊ ဆေးဝါးပညာရှင်များနှင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များ စုပေါင်းပြီး ကြိုးစား
လုပ်ကိုင်ရန် လိုအပ်သည်ဟု ၎င်းကပြောကြားသည်။















