အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်၍ ကျန်းမာရေးကွန်ရက်ကို စတင်တည်ထောင်ကာ
ပြည်သူလူထု ကျန်းမာရေးအဆင့်အတန်း တိုးမြှင့်လာရန်နှင့် နိုင်ငံတော် ကျန်းမာရေးမူဝါဒကို
ပြင်ဆင်ရေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု ကွန်ရက်ဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၂၃ ရက်နေ့က
ပြောသည်။
အမျိုးသားကျန်းမာရေး ကွန်ရက်ကို ၂၀၁၃ ဖေဖော်ဝါရီလ ၉ ရက်က စတင် တည်ထောင်ခဲ့ကာ
အခြေခံကျန်းမာရေး စောင့်ရှောက်ခြင်း၊ ကျန်းမာရေးပညာ ပေးခြင်း၊ အရေးပေါ် ကျန်းမာရေး
စောင့်ရှောက်မှုများ ဆောင်ရွက်ခြင်း၊ ရွေ့လျား ဆေးကုမှုအဖွဲ့များ ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်၏
ကျန်းမာရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်သွားမည်ဟု ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာ
တင်မျိုးဝင်းက ပြောသည်။
"ဒီနေ့ မြန်မာနိုင်ငံမှာ ကြံုတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်း
ကနေ ဖြည့်ဆည်းနိုင်ဖို့ ဖွဲ့စည်းရခြင်းဖြစ်ပါတယ်"ဟု ၎င်းက စာနယ်ဇင်းရှင်းလင်းပွဲတွင်ပြောသည်။
ကွန်ရက်၏ ပဏာမလုပ်ငန်းစဉ်များ ကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်
သော ကော့မှူးမြို့နယ်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကာ တစ်နိုင်ငံလုံးကို လွှမ်းခြံုနိုင်ရန် လုပ်
ဆောင်သွားမည်ဟု ၎င်းကပြောသည်။
အဆိုပါကွန်ရက်ကို မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရန်
ဟူသော ဦးတည်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မတီ ငါးရပ်ဖြင့် ဖွဲ့စည်းထားသည်။
နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ ရန်ပုံငွေရှာဖွေခြင်း၊ အကူအညီ
ရယူဆောင်ရွက်သွားမည်ဟု ကွန်ရက်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းအေးက ပြောသည်။
"လာမယ့် မတ်လ ရ ရက်နေ့မှာ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်သူတွေကို ဆေးပညာသင်
ကြားရေးအစီ အစဉ်ကို ပြုလုပ်ပေးခြင်းနဲ့ ကွန်ရက်ရဲ့ လုပ်ငန်းစဉ်တွေကို စတင်ပါပြီ"ဟု ၎င်းက
ပြောသည်။
ကွန်ရက်၏လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေရှာဖွေပွဲကို ဧပြီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့
Park Royal ဟိုတယ်၌ ပြုလုပ်သွားမည်ဖြစ်သည်။















