ဒုတိယအကြိမ် ကင်းထောက်သင်တန်း ဖွင့်လှစ်

ဒုတိယအကြိမ် ကင်းထောက်သင်တန်း ဖွင့်လှစ်

အခြေခံပညာကျောင်းအဆင့် ကင်းထောက်သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ အထက(၄) အလုံ
မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ အထက(၁) ပြင်ဦးလွင်တို့တွင် ဖေဖော်ဝါရီ
၂၆ ရက်မှ မတ်လ ၅ ရက် နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။

"ပထမအကြိမ်မှာ ကျောင်းတွေက အားထည့်တာကိုတွေ့ရတော့ ဒုတိယအကြိမ်နဲ့ ဒီကျောင်းနှစ်
ကျောင်းကို ထပ်တိုးပြီး ကင်းထောက်သင်တန်းပေးဖို့ စီစဉ် ခဲ့တာပါ။ ကလေးတွေရဲ့ အကျင့်စာရိတ္တ၊
ပင်ကိုစွမ်းရည်တွေ၊ ယဉ်ကျေးမှုနဲ့ အပြုအမူကောင်းတွေ၊ လူမှုရေးစိတ်ဓာတ်တွေကို ရရှိစေဖို့ပါ။
ကင်းထောက်ဟာ နိုင်ငံရေး၊ စစ်ရေးမဟုတ်ဘူး။ အမိန့်နဲ့ သွားနေတာ မဟုတ်ဘူး။ အသိစိတ်ဓာတ်နဲ့
လူမှုရေးစိတ်ဓာတ်နဲ့ သွားနေတာပါ။ ဥပမာ- တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် ကြီးသူကို ငယ်
သူက လေးစားသမှုနဲ့ အလေးပြုပြီး အရိုအသေပေးတယ်။ ဒါဟာ အမိန့်သဘောမပါပါဘူး။ ကလေး
တွေကိုလည်း ဆန္ဒရှိမှ၊ မိဘက ခွင့်ပြုမှ ကင်းထောက်သင်တန်းကို တက်ခွင့်ပေးတယ်။ လူမှုရေး
စိတ်ဓာတ်မရှိဘဲ ကင်း ထောက်ဖြစ်ရင်လည်း အလကားပဲ။ ကျင့်ဝတ်တွေကို မစောင့်ထိန်းနိုင်ဘဲနဲ့
ကင်းထောက်မဖြစ်နိုင်ဘူး"ဟု အမှတ် (၁) အခြေခံဦးစီးဌာန အငြိမ်းစားညွှန် ကြားရေးမှူးချုပ်၊ ပညာ
တန်ဆောင် အုပ်ချုပ်ရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ညိုက မြန်မာတိုင်း(မ်)ကို ပြေ သည်။

အလားတူ သင်တန်း၏ အောင်မြင်ရလဒ်များကို အခြေခံ၍ ၂၀၁၃ ခုနှစ် ပညာသင်နှစ်တွင် အခြေခံ
ပညာကျောင်းများ၌ ကင်းထောက်သင်တန်းများကို ထပ်မံတိုးချဲ့သွားရန်ဟူသော ပညာရေး ၀န်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး၏ အမှာစကားအရ ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ၎င်းက
ပြောသည်။

ကင်းထောက် ရှစ်ရက်သင်တန်းတွင် ဆဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူ ၁၀၀ အားလေ့ကျင့်ပေး
မည်ဖြစ်သည်။ ကင်းထောက်များဆိုင်ရာ ရုံးခန်းကို အထက(၄) အလုံမြို့နယ်တွင် ဖွင့်လှစ်သွားမည်
ဖြစ်ပြီး ကင်းထောက်ဆိုင်ရာ လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ညှိနှိုင်း၍
ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သော ကင်းထောက်များတွေ့ဆုံပွဲ၌ ကင်းထောက်ဟောင်းကြီး
များအနေဖြင့် ကင်းထောက်အဖွဲ့အသစ်ဖွဲ့စည်းခြင်း ကို ၀မ်းသာကြိုဆိုကြောင်းနှင့် မိမိတို့ တတ်နိုင်
သည့်ဘက်မှ အားပေးကူညီသွားမည်ဖြစ်ကြောင်း ပြောသည်။

၇၃ နှစ်အရွယ် ကင်းထောက်ဟောင်းကြီးတစ်ဦးဖြစ်သော ဦးလှဌေးက "ကင်းထောက်ဆိုတာ လူ
ထွက်လို့မရဘူး။ တစ်ကြိမ်ကင်းထောက်ဆိုရင် တစ်သက်လုံး ကင်းထောက်ပဲလို့ ခံယူထားတယ်။
ကင်းထောက်စိတ်ဓာတ်က ဖျောက်ဖျက်လို့မရဘူး။ လက်ရှိအချိန်လည်း ဒီစိတ်ဓာတ်နဲ့ပဲ နေတယ်။
ဘဘဆို မက်ထရစ်ပဲ အောင်တယ်။ ပညာတတ်ကြီး မဟုတ်ပေဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကိုတော့
မနိမ့်ကျ အောင် အမြဲကြိုးစားတယ်။ စိတ်ဓာတ် ကောင်းဖို့က ကိုယ်ကျင့်ကောင်းဖို့လိုတယ်။ ကင်း
ထောက်က သင်ပေးတဲ့ အလေ့အကျင့်ကောင်းတွေ၊ ထားရှိရမယ့် စိတ်ဓာတ်တွေကို ကလေးတွေ
လေ့ကျင့်ယူသင့်တယ်။ ကင်းထောက်အဖွဲ့ ပြန်ဖွဲ့တယ်ဆိုတာ ကြားကတည်းက မြန်မာပြည်
ကောင်းပြီလို့ ခံယူမိတယ်" ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။

အလားတူ အမျိုးသမီးကင်းထောက်ဟောင်းများဖြစ်သော ဒေါ်မိမိခိုင်၊ ဒေါ်သိန်းသိန်းဝင်းတို့ကလည်း
ကင်းထောက်နှင့်ပတ်သက်သော အတွေ့အကြံုများကို လူငယ်များအား လက်ဆင့်ကမ်းခွင့်ရသည့်
အတွက် ၀မ်းသာရပြီး ကင်းထောက်များ ပြန်လည်တွေ့ဆုံပွဲ ကြောင့် အားအင်သစ်များ ပြန်လည်
ရရှိလာကြောင်း ပြောသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကင်း ထောက်သင်တန်းဆင်းခဲ့သော လမ်းမတော် အထက(၁)မှ
ကင်းထောက် မောင်မယ်များဖြစ်ကြသည့် မောင်ဟိန်းတေဇာ၊ မောင်သူရိန်၊ မောင်ဝေဖြိုးဦး၊
မနန်းအိအိ၀င်း၊ မငွေရတုနှင့် မသီရိဇင် တို့က ကင်းထောက်သင်တန်းသည် စိတ်ဝင်စားစရာကောင်း
သည့်အပြင် မိမိတို့အတွက် အကျိုးရှိသော ရှေးဦးသူနာပြုစုနည်း၊ ကြိုးချည်နည်း၊ တဲထိုးနည်းနှင့်
အလံနှင့် အချက်ပြနည်းများကို လေ့လာသင်ယူခဲ့ရကြောင်း၊ အများကူညီရန် အဆင်သင့်ဖြစ်နေရ
သော ကင်းထောက် လူငယ်များ ဖြစ်ခွင့်ရသည့်အတွက် ၀မ်းသာကြောင်း ပြောသည်။

"ကျောင်းထဲမှာ တဲထိုးပြီး လေ့ကျင့်ခန်း ဆင်းခဲ့ရတယ်။ အခုပွဲမှာ အခြား ကျောင်းတွေက အပြင်ကို
လေ့လာရေးအနေနဲ့ ထွက်တယ်ဆိုတော့ သားတို့လည်း အားကျတယ်။ နောက်တစ်ခါ ထွက်ခွင့်ရ
ရင်ကောင်းမယ်။ လေ့ကျင့် ပေးတဲ့ ဆရာမတွေနဲ့ ပိုပြီး အတူတူနေလို့ရမယ်။ မေးချင်တာ မေးလို့ရ
မယ်" ဟု ၎င်းတို့က ပြောသည်။

ကင်းထောက် တစ်ဦးချင်းစီသည် ကင်းထောက်အရည်အချင်းများ ပြည်စုံနေပြီဆိုပါက နိုင်ငံအတွက်
အားကိုး အားထားပြုရမည့် လူမှုဝန်ထမ်းစိတ် ဓာတ်ပြည့်ဝသော နိုင်ငံသားကောင်းများ ဖြစ်လာရန်
ရည်ရွယ်ကြောင်း ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက အခမ်းအနား
တွင် ပြောသည်။

"ကင်းထောက်ဝတ်စုံ ၀တ်မထားပေမယ့် ကင်းထောက်စိတ်ဓာတ်ဟာ အမြဲကိန်းအောင်းနေတဲ့
အရင်ကင်းထောက်ကြီးတွေရဲ့ အတွေ့အကြံု၊ ကင်းထောက်စိတ်ဓာတ်တွေကို ကင်းထောက်လူငယ်
တွေကို သိစေချင်၊ အတုယူစေချင်ပါတယ်။ လူမှုရေးလုုပ်ငန်းတွေအတွက် အမြဲအဆင်သင့်ရှိနေစေဖို့
ကင်းထောက် ရဲ့ ဆောင်ပုဒ်အတိုင်း၊ ကင်းထောက်ကြီးများနှင့် အပြန်အလှန် ညှိနှိုင်းတိုင်ပင်ခြင်း
အကြံဉာဏ်များရယူခြင်းများကို တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် ပြုလုပ်သွားဖို့ ရှိတယ်။ လာမည့်
ဧပြီလမှာ နေပြည်တော်မှာ ကျင်းပမယ့် လူငယ်များတွေ့ဆုံပွဲမှာလည်း ပြည်နယ်နှင့်တိုင်းဒေသကြီး
ကင်း ထောက် ၅၀၀ နဲ့ ဘက်စုံလူရည်ချွန် ၅၀၀ ကို တက်ရောက်ဖို့ ဖိတ်ကြားသွားဖို့ ရှိပါတယ်"ဟု
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပြောသည်။

၂၀၁၂ ပညာသင်နှစ်တွင် မြို့နယ် ၁၈ မြိုနယ်ရှိ ကျောင်း ၁၈ ကျောင်းမှ ဆဋ္ဌမ တန်းကျောင်းသား
၅၀၊ ကျောင်းသူ ၅၀ စုစုပေါင်းဦးရေ ၁,၈၀၀ ဦးတို့အား ကင်း ထောက်လူငယ်များအဖြစ် လေ့ကျင့်
သင်ကြားပေးနိုင်ခဲ့သည်။

ကင်းထောက်သင်တန်းကို ကျောင်းများတွင် ပြန်လည်ပို့ချနိုင်ရန်အတွက် အမှတ်(၁) အခြေခံပညာ
ဦးစီးဌာနမှ ၁၈ ဦး၊ အမှတ်(၂) အခြေခံပညာဦးစီးဌာနမှ ၅၃ ဦး၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ
ခုနစ်ဦး၊ စုစုပေါင်း ၉၈ ဦး အား လေ့ကျင့်ပေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး