ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ အာဏာခွဲဝေအပ်နှင်းမှုများနှင့် ပတ်သက်
ပြီး မကြာမီ ၀န်ကြီးဌာနအချို့တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်ရှိကြောင်း သမ္မတပြောရေးဆိုခွင့်
ရှိသူ ဦးရဲထွဋ်က ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ထုတ်ဖော်ပြောသည်။
အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့် အစိုးရနှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများ
အာဏာခွဲဝေအပ်နှင်းမှုကို အသေးစိတ်ဖော်ပြထားရာ အချို့ဝန်ကြီးဌာနများတွင် ပြည်ထောင်စု
အဆင့်က တိုက်ရိုက်စီမံခန့်ခွဲမှုမပြု တော့ဘဲ အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက
လာမည့် ဘဏ္ဍာနှစ်မှ စတင်ကိုင်တွယ်နိုင်ဖွယ်ရှိ ကြောင်း သတင်းများလည်း ထွက်ပေါ် နေသည်။
"ကြားတာကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ အစိုးရတွေက အဲဒီမှာရှိတဲ့ အစိုးရ
၀န်ထမ်းတွေရဲ့ လစာဘတ်ဂျက်တွေကအစ ကိုင်တွယ်မယ်လို့ကြားရတယ်။ အဲဒီသတင်းထွက်လာ
ပေမယ့် အတိအကျမသိရသေးဘူး။ လာမယ့် ဧပြီလဆန်းဆိုရင်တော့ သိနိုင်မှာပါ"ဟု အမည်မဖော်
လိုသူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆည်မြောင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး က
ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈ အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက
လုပ်ဆောင်ခွင့်ရှိသည့်ကဏ္ဍများကို ဇယား-၂ နှင့် ဖော်ပြ ထားပြီး ပုဒ်မ ၂၅၆ မှာတော့ တိုင်းဒေသ
ကြီးနှင့် ပြည်နယ်အစိုးရများသည် မိမိ ဒေသအတွင်းမှာရှိသည့် နယ်ဘက် ၀န်ထမ်းအဖွဲ့အစည်းတွေ
ကို ဥပဒေနှင့် အညီ ကြီးကြပ်၊ စစ်ဆေးနိုင်ခွင့် ပေးထား သောကြောင့် ဖြစ်နိုင်ခြေရှိကြောင်းလည်း
သုံးသပ်ရသည်။
"၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ မှာ နိုင်ငံတော်သမ္မတက အစိုးရအဖွဲဲ့အစည်းများ စီမံအုပ်ချုပ်
မှု ပိုမိုကောင်း မွန်ရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ၊ ဌာန
ဆိုင်ရာအကြီးအကဲများကို မိန့်ခွန်းပြောတဲ့အခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ အုပ်ချုပ်ရေးအာဏာ
ခွဲဝေအပ်နှင်းမှုများ ဆောင်ရွက်ရာမှာ ပြည်ထောင်စုဝန်ကြီးဌာန အလိုက် တာဝန်ယူဆောင်ရွက်ရ
မယ့် လုပ်ငန်း တွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက တာဝန်ယူလုပ်ဆောင်ရမယ့် လုပ်ငန်း
များကို စနစ်တကျ သတ်မှတ်ဖို့၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး
လုပ်နည်း၊ မူဘောင်များ ထိန်းသိမ်းမှုကို အဓိကတာဝန်ခံဖို့၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေက
၀န်ထမ်းအဖွဲ့အစည်းတွေကို ကြီးကြပ်ပြီး ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်" ဟု ဦးရဲထွဋ်က
မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။
"အဲဒီညွှန်ကြားချက်များကို အကောင်အထည်ဖော်တဲ့အနေနဲ့ အချို့ဝန်ကြီးဌာနများမှာ ပြင်ဆင်မှု
တချို့ လုပ်ဆောင်ဖို့ ရှိပါတယ်။ အသေးစိတ်တော့ မသိရ သေးပါဘူး။ လစာကိစ္စမျိုးကျတော့
ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်ရဲ့ ရန်ပုံငွေခွဲဝေမှုများနဲ့လည်း ဆက်စပ် နေပါတယ်"ဟု ၎င်းက
ပြောသည်။
သို့ရာတွင် ဦးရဲထွဋ်က မည်သည့် ၀န်ကြီးဌာနများတွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်မည်ဆိုသည်ကို
မူ ထည့်သွင်း ပြောဆိုခြင်း မရှိခဲ့ချေ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာ
၀န်ကြီး ဦးဇော်အေးမောင်ကမူ အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်သည့် ပြုပြင်ပြောင်းလဲမှုကို ပိုမို
သိသာစေရန်အတွက် အာဏာခွဲဝေရာတွင် ပြည်ထောင်စုအစိုးရက ဘတ်ဂျက်တစ်ခုတည်းကိုပဲ
ကိုင်တွယ်ရန် လုပ်ဆောင်ခြင်းမဟုတ်ဘဲ အဆိုပါ၀န်ထမ်းများနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှု လုပ်ပိုင်
ခွင့်ကအစ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံသို့ ပေးအပ်သင့် ကြောင်း ပြောသည်။
"အမှန်က တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေကို ဘတ်ဂျက်တစ်ခုတည်း ကိုင်ပြီး လုပ်ဆိုတာ
ထက် ဒီဝန်ထမ်းတွေ နဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုအဆင့်ဆင့် လုပ်ခွင့်ရအောင် ခွင့်ပေးသင့်ပါတယ်။
ဒါမှ ဘယ်ဝန်ထမ်းက ဘယ်လောက် တော်ပြီး ဘာတွေလုပ်နေတယ်။ ရာထူးတိုးပေးဖို့ကအစ
လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
လက်ရှိကာလတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် သစ်တောရေးရာ၊ လျှပ်စစ်ဓာတ်
အား ပေးရေးအဖွဲ့ အစရှိသည်တို့ကို လစာ ငွေများ ကိုင်တွယ် ထုတ်ပေးလျက်ရှိနေပြီး စီမံခန့်ခွဲခွင့်
ကိုမူ ပြည်ထောင်စုအစိုးရ က ချုပ်ကိုင်ထားဆဲ ဖြစ်သည်။
"၀န်ထမ်းလစာ ပေးတာကတော့ ဘယ်ဌာနက ဘယ်လောက်ဘတ်ဂျက်ဆိုတာ တက်လာရင် ပေးရ
တာပါပဲ။ ဒါပေမဲ့ အဓိကကျတာက ၀န်ထမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်သူက ဘာလုပ်တယ် ဆိုတာ
ကို လေ့လာပြီး စီမံခွင့်ရဖို့ အရေးကြီးပါတယ်"ဟု ဦးဇော်အေးမောင်က ပြောသည်။
အရပ်သားအစိုးရ တက်လာပြီး နောက် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်
အစိုးရများ ဖွဲ့စည်းပြီးဖြစ်သော်လည်း ယခုအချိန်အထိ ၀န်ကြီးဌာနများတွင် ပြည်ထောင်စုအဆင့်က
သာ လုပ်ပိုင်ခွင့်များကို ထိန်းသိမ်းထားဆဲဖြစ်နေကြောင်း လေ့လာသူများက ဆိုသည်။















