လွန်ခဲ့သော ရက်သတ္တနှစ်ပတ်ခန့်မှစ၍ မော်တော်ယာဉ်တင်သွင်းခွင့် (စလစ်) ဈေးများမြင့်တက်လာ
ခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ခါ 'လ' အက္ခရာ ကားများ စတင်အပ်နှံခွင့်ပြုသည်ဟု
ကြေညာသော်လည်း ကား ဟောင်းအပ်နှံလိုသူ နည်းပါးနေသည်ဟု ဟံသာဝတီကားဝိုင်းမှ ကား
၀ယ်ရောင်းများက ပြောသည်။
"အက္ခရာ အရမ်းမနိမ့်တော့ စီးလို့ ရနေသေးတယ်။ အပ်ပြီးရင်လည်း ငွေက ထပ်လိုက်ရဦးမှာ။
မလိုက်နိုင်သေးတော့ သွားမအပ်တော့ဘူးပေါ့"ဟု ကားဝယ် ရောင်းအကျိုးဆောင် ဦးအောင်မြတ်က
ပြောသည်။
ဈေးကွက်အတွင်း ကားဟောင်းအပ်နှံ လိုသူ နည်းပါးလာခြင်းကြောင့် စလစ် ရှားပါးလာပြီး စလစ်
ဈေးမြင့်တက်ခြင်းသည် ကားအရောင်းစင်တာများတွင် ကျန်ရှိနေသေးသော တင်သွင်းပြီး မော်ဒယ်
နိမ့်ကားများအတွက် စိန်ခေါ်မှုဖြစ်လာနိုင်သည်ဟု ရန်ကုန်မြို့တော် အတွင်းရှိ ကားအရောင်းစင်တာ
ပိုင်ရှင်များက သုံးသပ်သည်။
ယာဉ်အိုယာဉ်ဟောင်း စတင်အပ်နှံခဲ့စဉ်အခါတွင် မော်တော်ကား အရောင်း စင်တာများအနေဖြင့်
စလစ်ဖြင့်ဝယ်ယူရသော ၂၀၀၇ အောက် မော်ဒယ်ကား များတင်သွင်းထားသည်မှာ ဈေးကွက်
အတွင်း ကားအစီးရေ သောင်းဂဏန်း နီးပါးကျန်ရှိနေသေးပြီး ကားဟောင်း အပ်နှံပြီး ထွက်ရှိလာ
သော စလစ် ဈေးကွက်သည် အဆိုပါကားများ ရောင်းချနိုင်ခြင်းနှင့် တိုက်ရိုက်ဆက်နွှယ် ပတ်သက်
လျက်ရှိကြောင်း ရန်ကုန်မြို့ တော်အတွင်းရှိ မော်တော်ကားအရောင်း စင်တာပိုင်ရှင်များက ပြော
သည်။
"လူတွေက ကားဟောင်းအပ်တယ်ဆိုတာ ကားက ချံုးချံုးကျနေပြီ။ လမ်းဘေး ထိုးရပ်ထားရတဲ့
အဆင့် အက္ခရာအနိမ့် တွေဆိုရင် ပျော်ပျော်ကြီးသွားအပ်ကြလိမ့်မယ်။ အခုက အက္ခရာ တဖြည်း
ဖြည်း မြင့်လာတယ်။ အခုအပ်တာလက်ခံမယ့် 'လ' အက္ခရာဆိုရင် စူပါစလွန်း (၁၉၉၀ မော်ဒယ်)
လောက်တွေပါသေးတယ်။ ဒီကားတွေကစီးလို့ ရနေသေးတယ်။ လာအပ်မှာမဟုတ်ဘူး။ လာအပ်
ရင်လည်း ကားပြန်သွင်းဖို့က နောက်ထပ် သိန်းတစ်ရာကျော်လောက် လက်ထဲရှိမှ ဖြစ်မယ်။ ဒီတော့
တော်ရုံစီးလို့ရနေရင် လာမအပ်တော့ဘူး။ လာမအပ်ရင် ဈေးကွက်ထဲ စလစ်ရှားလာမယ်။ စလစ်
ရှားလာတာနဲ့အမျှ ကားအရောင်းစင်တာ တွေမှာ သောင်တင်နေတဲ့ ၂၀၀၇ မော်ဒယ်အောက်ကား
တွေ ဘယ်လို ရောင်းတော့မလဲ။ နောက်ပိုင်းမှာ ကားအပ်တဲ့သူနည်းလာပြီး စလစ်ရှားပါး လာတာနဲ့
အမျှ ကားအရောင်းစင်တာတွေမှာ သွင်းထားတဲ့ မော်ဒယ်အနိမ့်ကား တွေ ပြဿနာတက်လိမ့်မယ်"
ဟု The Farmer ကားအရောင်းစင်တာပိုင်ရှင် ဒေါက်တာစိုးထွန်းက မြန်မာတိုင်း(မ်) ကိုပြောသည်။
မြန်မာ မော်တော်ကားရောင်းဝယ်ရေး အသင်း(ဗဟို) ဘဏ္ဍာရေးမှူး ဦးသိန်းသန်း က "အဓိကက
တော့ ကုန်ကြမ်းရှားလာတာ။ ကားဟောင်းအပ်နှံသူနည်းလာတာ။ အက္ခရာကလည်း
ကုန်သလောက် ရှိနေပြီလေ။ အခု 'လ' အက္ခရာအပ်ပြီး ရင် 'သ' 'အ' ကျန်တယ်။ ပြီးရင် '၁က'
'၂က' စသည်ဖြင့်ပေ့ါ။ အခုစလစ်ဈေးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ၉၇ သိန်း ၀န်းကျင်ရှိတယ်။
'လ' အက္ခရာ အပ်နှံဖို့ မပြောခင်က ၈၅ သိန်းကျော်မှာ ဈေးက ကစားနေတာ"ဟု ပြောသည်။
"ပုံမှန်အားဖြင့် စလစ်ဈေးက ကား ဟောင်းအပ်နှံခွင့်ပြုတဲ့အချိန်မှာ မူလ ဈေးထက် ၁၀ သိန်းဝန်းကျင်
လောက် မြင့်တတ်တယ်။ အခု'လ' အက္ခရာ အပ်နှံ ခွင့်ပေးပြီဆို စလစ်ဈေးမြင့်လာမယ်။ အဲဒါပြီးရင်
နည်းနည်းပြန်ကျမယ်၊ နောက်ထပ်အက္ခရာတစ်ခုထပ်ပြီး အပ်နှံခွင့်မပြုခင်အချိန်ထိပေါ့"ဟု
ဦးသိန်းသန်းက ပြောသည်။
ဒေါက်တာစိုးထွန်းက "ကားတွေ ရောင်းမကုန်လို့ နှစ်နှစ်ပြည့်ရင် ဂျပန်ကို ပြန်ပို့လို့ရတယ်ဆိုပေမယ့်
အကုန်ကျခံ ပြီး ပို့မှာမဟုတ်ဘူး။ ဒီဈေးကွက်ထဲမှာပဲ ရအောင် ရောင်းသွားကြမှာ။ နောက်ပိုင်းကျရင်
ကားဟောင်းအပ်တဲ့စနစ်က အလုပ်ဖြစ်မှာမဟုတ်တော့ဘူး။ ကား အရောင်းစင်တာက ကားတွေကို
ဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ထပ်စဉ်းစားရ တော့မယ်"ဟု ပြောသည်။















