ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု အမျိုးသမီး
ကွန်ရက် မှ ပါ၀င်ခွင့်ရရှိရေးအတွက် နှစ်ဖက် ခေါင်းဆောင်များထံ ယင်းကွန်ရက်မှ တောင်းဆိုလိုက်
သည်။
ပြည်နယ်နှင့်တိုင်း အသီးသီးမှ အဖွဲ့အစည်း ၃၁ ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသော ယင်းကွန်ရက်
သည် ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါ၀င်ခွင့်ရရန် အချက်ခြောက်ချက်ပါ၀င်
သော တောင်းဆိုချက်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ကချင်လွတ် မြောက်ရေးတပ်မတော်မှ
ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စလွပ်ဂွမ်မော်ထံ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တစ်ပြိုင်နက် ပေးပို့
တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အချက်ခြောက်ချက်ပါ၀င်သော အဆိုပါတောင်းဆိုချက်သည် ဖေဖော်ဝါရီလ ၄ ရက်နေ့
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ကေအိုင်အိုတို့ တွေ့ဆုံဆွေးနွေးပွဲ
၌ နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အချက် ငါးချက်ပါ "ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌
အရပ်ဘက် အဖွဲ့အစည်းများပါ၀င်ရေး၊ စောင့်ကြည့် ရေးအဖွဲ့များပါရှိရေး" ဆိုသည့် အချက်အား
အခြေခံတောင်းဆိုခြင်းဖြစ် ကြောင်း သိရသည်။
"ကချင်က မြန်မာပြည်ရဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခုပါ။ ဒီလိုကိစ္စကို ဖြေရှင်းတဲ့အခါ အမျိုးသမီး
တွေကိုလည်း အမျိုးသားတွေနဲ့တန်းတူ ပါ၀င်ခွင့်ပေးဖို့၊ အကြံဉာဏ်တွေရယူဖို့ တိုက်တွန်းထားတာ
ပါ။ ကျွန်မတို့ အမျိုးသမီးတွေအနေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လေ့လာသူအဖြစ် တရားဝင်
တက်ရောက်နိုင်ဖို့၊ ဒုက္ခသည်စခန်းတွေမှာ မော်နီတာအဖြစ် စောင့်ကြည့် ဆောင်ရွက်သွားဖို့ စီစဉ်
နေပါတယ်"ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ အမျိုးသမီးဌာနမှ
မနီလာသိန်းက ပြောသည်။
မြန်မာနိုင်ငံသည် ပြည်တွင်းစစ်နှင့် လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခများကို နှစ်ပေါင်းများစွာ ရင်ဆိုင်
ကြံုတွေ့ခဲ့ရပြီး အဆိုပါ ပဋိပက္ခများတွင် အဓိက ပေးဆပ်လိုက်ရသည့် သားကောင်များစွာမှာ
အမျိုးသမီးနှင့် ကလေးသူငယ်များပင် ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ပေးဆပ် နေရဆဲပင်ဖြစ်
ကြောင်း၊ သို့ဖြစ်၍ အမျိုးသမီးနှင့် ကလေးငယ်များကို သားကောင် ဖြစ်စေသည့် ကချင်စစ်ပွဲများ
ရပ်ဆိုင်းစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကွန်ရက်အဖွဲ့ဝင်များအား ပါ၀င်ခွင့်ပြုရန် အလေး
အနက် တောင်းဆိုကြောင်း ဖော်ပြထားသည်။















