Ready ငါးသေတ္တာစက်ရုံ ရပ်နားရဖွယ်ရှိနေ

Ready ငါးသေတ္တာစက်ရုံ ရပ်နားရဖွယ်ရှိနေ

ပြည်တွင်း စားသောက်ကုန်ဈေးကွက်အတွင်း နာမည်ရစားသောက်ကုန် ထုတ်လုပ်သည့် Ready
ငါးသေတ္တာ စက်ရုံနေရာအား ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး
ကော်မရှင်က Mega  Marine ကုမ္ပဏီသို့ တန်ဖိုးငွေ ကျပ်သန်း ၃,၂၉၀ ဖြင့် လေလံတင်ရောင်းချခဲ့
ခြင်းကြောင့် စက်ရုံကို လက်ရှိလည်ပတ်လျက်ရှိသော Myanmar Makro Industry ကုမ္ပဏီ
လီမိတက်အနေဖြင့် လုပ်ငန်းရပ်ဆိုင်းရမည့်အနေအထားနှင့် ကြံုတွေ့နေရပြီး စက်ရုံအလုပ်သမား
များအတွက်လည်း အခက်အခဲများနှင့် ကြံုတွေ့လာရမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ အုပ်ချုပ်မှု
ဒါရိုက်တာဖြစ်သူ ဦးမိုးမြင့်ကျော်က ပြောသည်။

"ကျွန်တော်တို့စက်ရုံမှာ အလုပ်သမား ၂၁၄ ယောက်ရှိပါတယ်။ သူတို့ကို မှီခို နေတဲ့ မိသားစုတွေက
လည်း ၁,၀၀၀ ကျော်လောက် ရှိပါတယ်။ စက်ရုံသာ ပိတ် လိုက်ရင် ဒီအလုပ်သမားတွေ ဘယ်လို
လုပ်ကြမလဲ။ ကျွန်တော်တို့ဆီမှာ အလုပ် လုပ်တဲ့ အလုပ်သမားအကုန်လုံးနီးပါးက ကျွန်တော်တို့နဲ့
၁၀ နှစ်ကျော် လက်တွဲ ပြီး အလုပ်လုပ်လာတဲ့ သူတွေပါ။ နောက်ပြီး ကျွန်တော်တို့ဒီစက်ရုံအတွက်
နိုင်ငံတကာအရည်အသွေးမီ စည်သွတ်ဘူး တွေထုတ်နိုင်အောင် ငွေကြေးအမြောက် အမြားကို
လည်း ရင်းနှီးမြှုပ်နှံထားရပါတယ်။ ကာလပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် ကျပ်သိန်းပေါင်းတစ်သောင်း
လောက် ကိုရှိပါတယ်" ဟု ဦးမိုးမြင့်ကျော်က ပြောသည်။

Myanmar Makro Industry ကုမ္ပဏီ လီမိတက်သည် ၁၉၉၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် မွေးမြူ
ရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းပိုင်သော
သာကေတ စည်သွတ်စက်ရုံမြေနေရာ၊ အဆောက်အအုံနှင့် စက်ပစ္စည်းများကို မြန်မာနိုင်ငံရင်းနှီး
မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တစ်နှစ်ငှားရမ်းခငွေ ကျပ် ၉ ဒသမ ၅ သန်းဖြင့် မွေးမြူရေးအစား
အစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းထံမှ အငှားစာချုပ်ကနဦးသက်တမ်း နှစ် (၂၀) ဖြင့် ငှားရမ်းခဲ့ပြီး
ပြန်လည်ပြုပြင်ကာ Ready ငါးသေတ္တာအပါအဝင် စည်သွတ်ဘူးအမျိုးမျိုးကို ထုတ်လုပ် ရောင်းချခဲ့
ခြင်းဖြစ်ကြောင်း ဦးမိုးမြင့်ကျော် က ပြောသည်။

၂၀၀၈ ခုနှစ်တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ပုဂ္ဂလိကပိုင်ပြုလုပ်ရန် စက်ရုံများစာရင်းကို
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနထံမှ တောင်းခံခဲ့ပြီးနောက်ပိုင်း အဆိုပါစည်သွတ်စက်ရုံ စာချုပ်
သက်တမ်းမပြည့်မီ ၂၀၁၁ ခုနှစ်တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် က လေလံခေါ်ယူကာ
လေလံဈေးအများဆုံး ကျပ်သန်း ၃,၂၉၀ ပေးနိုင် သော Mega Marine ကုမ္ပဏီသို့ ရောင်းချခဲ့ခြင်း
ဖြစ်သည်။

"ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင် က ၂၀၁၁ မှာ လေလံတင်ရောင်းချမယ် ဆိုတာ ကျွန်တော်တို့
သိရတဲ့အချိန်မှာ စက်ရုံကို လက်လွတ်ဆုံးရှုံးရမှာစိုးလို့ လေလံမပစ်ခင်ကတည်းက ကျွန်တော်တို့ကို
ပဲ တိုက်ရိုက်ရောင်းချပေးဖို့နဲ့ အမြင့် ဆုံးလေလံဈေးမှာ ကျွန်တော်တို့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေကိုခုနှိမ်ပြီး
ရောင်းပေးဖို့ ကျွန်တော်တို့ကုမ္ပဏီဘက်က အသနားခံခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကို
ဘာတစ်ခုမှ အကြောင်းမပြန်ဘဲနဲ့ လေလံ အမြင့်ဆုံးပေးတဲ့ Mega Marine ကုမ္ပဏီ ကိုပဲ ရောင်းခဲ့
တယ်" ဟု ၎င်းက ပြောသည်။

စည်သွတ်စက်ရုံအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က လေလံတင် ရောင်းချရာတွင် Myanmar
Makro Industry က ကျပ်သန်း ၁,၂၀၀ အဆိုပြု ခဲ့သော်လည်း အဆိုပါစည်သွတ်စက်ရုံ မြေနေရာ
အား ၀ယ်ယူခွင့်မရခြင်းဖြစ်ပြီး ၀ယ်ယူနိုင်ခဲ့သော Mega Marine ကုမ္ပဏီကလည်း ၂၀၁၂ ခုနှစ်၊
ဇန်နဝါရီ လ ၃၀ ရက်နေ့က ငွေကို အပြီးပေးချေခဲ့ ကြောင်း မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်း
လုပ်ငန်းမှ အထွေထွေ မန်နေဂျာဖြစ်သူ ဒေါက်တာပြည့်စုံ က ပြောသည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က Myanmar  Makro  Industry ကုမ္ပဏီလီမိတက်မှ
လုပ်ကိုင်လျက်ရှိ သော စည်သွတ်ဘူးလုပ်ငန်းကို အဆိုပါ နေရာမှ ၁၅ ရက်အတွင်းဖယ်ရှားပေးရန်
တရားလွှတ်တော်ရှေ့နေတစ်ဦး ငှားရမ်းကာ သတိပေးစာပေးပို့ခဲ့ကြောင်းလည်း ဒေါက်တာပြည့်စုံက
ပြောကြားသည်။

Myanmar  Makro  Industry ကုမ္ပဏီလီမိတက်က ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သာကေတ စည်သွတ်စက်ရုံအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး
ကော်မရှင်မှ လေလံပစ်ခဲ့ခြင်းအား ပြန်လည်စိစစ်သုံးသပ်ဆုံးဖြတ်ပေးရန် အသနားခံ တင်ပြခဲ့သည်။

အဆိုပါ အသနားခံစာနှင့်ပတ်သက်၍ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အဆိုပါ ကိစ္စကို
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ပုဂ္ဂလိကပိုင်ပြု လုပ်ရေးကော်မရှင် နှင့် Myanmar Makro
Industry ကုမ္ပဏီလီမိတက်တို့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ
လ ၂၀ ရက်နေ့တွင် ပြန်လည် ညွှန်ကြားခဲ့သည်။

"ကျွန်တော်တို့ဘက်က စက်ရုံအတွက် ရင်းနှီးမြှုပ်နှံထားရတာတွေကလည်း ငွေကြေးအမြောက်
အမြားရှိတဲ့အတွက် ဒီလေလံဈေးကို မတတ်နိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံတော်သမ္မတဆီကိုလည်း
အသနားခံစာတင်ထားပါတယ်။ မတတ်သာတဲ့ အဆုံးကျရင်လည်း ကျွန်တော်တို့ စွန့်လွှတ်ဖို့
ဆုံးဖြတ်ထားပါတယ်။

"စက်ရုံဝန်ထမ်းတွေရဲ့ ဘဝနဲ့ ကျွန်တော်တို့ရဲ့ အောင်မြင်နေတဲ့ ကုန်ချောဈေးကွက်မှာ မပျောက်
သွားဖို့ အတွက် လုံလောက်တဲ့အချိန်ဖြစ်တဲ့ ကနဦးသက်တမ်းကုန်ဆုံးမယ့် ၂၀၁၇ ခုနှစ်အထိ ခွင့်ပြု
စေချင်ပါတယ်"ဟု ဦးမိုးမြင့်ကျော်က ပြောသည်။

Myanmar  Makro  Industry ကုမ္ပဏီ လီမိတက်သည် စက်ရုံငှားရမ်းစဉ် ကာလအတွင်း
အဆောက်အအုံများ ပြင်ဆင် ခြင်း၊ စက်ပစ္စည်းများ တိုးချဲ့ခြင်း၊ လမ်းဖောက်ခြင်းများအတွက် ရင်းနှီး
မြှုပ်နှံငွေကျပ် ၃၃၇ ဒသမ ၁၆ သန်းအား အသုံးပြုခဲ့ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြော
သည်။

"နိုင်ငံတော်ကလည်း ပွင့်လင်းမြင်သာမှု ရှိလာတဲ့အချိန်မှာ နိုင်ငံတော်အနေနဲ့ SME လုပ်ငန်းတွေကို
မြှောက်စားရမယ့် အချိန်လို့ထင်ပါတယ်။ ရိုက်သတ် ဖျက်ဆီးရမယ့် အချိန်မဟုတ်ပါဘူး။ ဒါပေမဲ့
အခုတော့ ကျွန်တော်တို့ကို ရဲတပ်ဖွဲ့နဲ့ ၀င်ရောက်ဖမ်းဆီးမယ်ဆိုတာ မဖြစ်သင့်ပါဘူး။

"ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းကို ကျပ်သုံး လေးရာလောက် နဲ့ လူတိုင်းစားသုံးနိုင်
အောင် ထုတ်လုပ် နေတာပါ။ နောက်ပြီး သား၊ ငါး ရှားပါးတဲ့ တောင်ပေါ်ဒေသအထိ မြန်မာပြည်
နိုင်ငံအနှံ့အပြား ဖြန့်ချိထုတ်ဝေနေတဲ့ ထုတ်ကုန်ပစ္စည်းတွေပါ။ ကျွန်တော်တို့ကို အများကြီးကူညီ
ပေးသင့်ပါတယ်"ဟု ဦးမိုးမြင့်ကျော်က ပြောသည်။

Myanmar  Makro  Industry သည် Ready စည်သွတ်ငါးသေတ္တာ အပြင် Ocean ငါးသေတ္တာ၊
Bravo ငရုတ်ဆီအမျိုးမျိုး စသည့် စားသောက် ကုန်ပစ္စည်းများအား ထုတ်လုပ်ကာ ပြည်တွင်း
ဈေးကွက်သို့ ဖြန့်ချိလျက်ရှိပြီး တစ်လလျှင် ငါးသေတ္တာဘူးတစ်သိန်းကျော် ထုတ်လုပ်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး