နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌအဖြစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အတည်ပြု
ခန့်အပ်ခံရသည့် ဦးမြသိန်းကို ရန်ကုန်မြို့၌ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာတိုင်း(မ်)
အကြီးတန်းလက်ထောက်စာတည်း စန္ဒာလွင်က တွေ့ဆုံမေးမြန်းခဲ့သည်။
* ပထမဆုံး 'ပြည်ထောင်စုအဆင့်' ပြဿနာအပေါ် ဆရာ့အမြင် ပြောပေးပါ။
ဒါကို အခုဒီမှာတော့မပြောတော့ဘူး။ ဒါက အဖွဲ့နဲ့ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
* ဒီမိုကရေစီစနစ် အကောင်အထည် ဖော်ရင် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ဖို့
အရေးကြီးတယ်လို့ ပြောပါတယ်။
ဒီလိုမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေက အသက်ဝင်ဖို့လိုတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို လူတိုင်းလိုက်နာရမှာ။ အသက်ဝင်တယ်ဆိုတာက လှုပ်ရှားအောင်လုပ်တာ၊ လှုပ်ရှား
အောင်လုပ်ဖို့ မဟုတ်ဘူး။ ဥပဒေတွေကို လှုပ်ရှားအောင်လုပ်ဖို့ မဟုတ်ဘူး။ ဥပဒေအတိုင်းကို
လိုက်နာဖို့။
ကျွန်တော့် အယူအဆကတော့ သက်ဝင်လှုပ်ရှား တယ်ဆိုတဲ့ အယူအဆထက်ကို ကျွန်တော်က
ဘာကိုမြင်လဲဆိုတော့ ဥပဒေအတိုင်းလိုက်နာကြဖို့။ လိုက်နာတာက ဥပမာ ဘယ်သူ့ကိုမှ မတရား
မလုပ်တဲ့သူက ဥပဒေကို တော်တော်လိုက်နာတယ်လို့ ပြောနိုင်တယ်။
လွယ်လွယ်လေး ပြောမယ်ဆိုရင် အင်္ဂလိပ်လို ပြောတော့ conscious ခေါ်တာပေါ့။ conscious
ဆိုတာ ကိုယ့်ကိုယ်ကိုယ်က မဟုတ်တာမလုပ်ဘူးလို့ စိတ်ထဲမှာ ခံစားတဲ့သူတွေဟာ ဥပဒေနဲ့အညီ
လုပ်တယ်လို့ ပြောနိုင်တယ်။
* ဥပဒေကြီးတစ်ခုဟာ မတရားဘူးလို့ ယူဆတဲ့သူတွေကျရင် လိုက်နာဖို့ အခက်အခဲ ရှိမှာ
ပေါ့ဆရာ။
မှန်တယ်၊ ဥပဒေဆိုတာက တရားလား၊ မတရားလား ဆိုတဲ့အပေါ်မှာ တည်တယ်။ တချို့ဥပဒေတွေ
က လူတွေ မလိုက်နာအောင် ပြဋ္ဌာန်းထားရင်တော့ ဖြင့် ဒါမတရားဘူးလို့ တချို့က ပြောကြမှာပဲ။
ကိုယ့်အယူအဆနဲ့ကိုယ်၊ သူ့ဘက်နဲ့သူ မှန်နေတာပဲ။ အဲတော့ ဘာဖြစ်သင့်သလဲလို့ ပြဋ္ဌာန်း ပေးရ
တယ်၊ အဲ ပြဋ္ဌာန်းတဲ့အပေါ်မှာ မလိုက်နာရင်၊ ဒီလူအပြစ်ပေ့ါ။ အဲဒီ သဘောပါပဲနော်။
* လူသိတဲ့နမူနာတစ်ခုအနေနဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေထဲမှာ နိုင်ငံအမည် မြန်မာ၊
Myanmar၊ ဒါပေမဲ့အရပ် ပြော ဗမာပြည်၊ နောက် Burma လို့ ဆက်အသုံးတွင်နေတာ
လည်း တချို့ရှိတယ်။ ဒါမျိုးလေးတွေဆို ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာတယ်လို့
ဆိုတာလား၊ မဆိုတာလားဆရာ။
အဲဒါကတော့ ကျွန်တော်ပြောချင်တာ က ဘာလဲဆိုတော့ လူတစ်ယောက်၊ တစ်ယောက်မှာ
Freedom of Expressions တွေ ရှိတယ်။ အဲတော့ ကျွန်တော်တို့က ဒီအသုံးအနှုန်းကို လိုက်နာ
ရမယ်လို့ ဥပဒေက ပြဋ္ဌာန်း ထားရင်တော့ လိုက်နာရမယ်။
အဲဒီ အသုံးအနှုန်းကို လိုက်နာရမယ်လို့ မပြောရင် လိုက်နာစရာလိုမယ် မဟုတ်ဘူး။ ဥပမာ ဒီ
Traders ဟိုတယ်ဗျာ၊ ကျွန်တော် က အက်စ်မပါဘဲ ထရေးဒါဟိုတယ်လို့ ပြောမယ်။ ခင်ဗျားက
ထရေးဒါးစ် ဟိုတယ်ကို ဘာလို့ အက်စ်ထည့်မခေ ါ် လဲလို့ပြောရင် ကျွန်တော့်မှာ အပြစ်ရှိ မလား။
ဥပဒေမှာ အဲဒီအတိုင်း ခေါ်ရမယ်လို့ဆိုပြီးတော့ ပြဋ္ဌာန်းရင်တော့ ဟုတ်မှာပေါ့။
* မတရားဘူးလို့ ယူဆထားသူတွေ ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ကို လူတွေလိုက်နာ
လာအောင်ဆိုရင် ဘယ်လို လုပ်ဆောင်ဖို့ လိုမလဲ။
ကျွန်တော်တို့တစ်တိုင်းပြည်လုံးမှာ ရှိရှိသမျှ လူအားလုံး၊ ရာခိုင်နှုန်းအပြည့် ကတော့ ဘယ်ဥပဒေကို
ရေးရေးအားလုံး က ကျေနပ်မှာမဟုတ်ပါဘူး။ အများက လက်ခံတယ်ဆိုရင် ကျွန်တော်တို့က ဒါ
တော်တော်ကောင်းတဲ့ဥပဒေလို့ ခေါ်ရမှာပေါ့။ ဒါတောင်မှ minority ဆိုတာ ရှိမှာပဲ။ minority တွေ
က ကြိုက်ချင်မှ ကြိုက်မယ်။ ဒါကြောင့် ဘယ်ဟာ တရားသလဲ ဆိုတဲ့အပေါ်မှာ အယူအဆတွေ
အပေါ်မှာပဲ တည်ပါတယ်။ ကိုယ့်ရဲ့ ခံယူချက်တွေအပေါ်မှာပဲ တည်ပါတယ်။
* ဆရာတို့ရဲ့ ရှေ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့အပေါ် ဘယ်လို မြင်ပါသလဲ။
သူ့အယူအဆနဲ့သူ လုပ်သွားတာ မှန်တယ်။ အားလုံးမှန်တယ်။ သူ့အယူအဆနဲ့သူလို့ ပြောတာနော်။
အယူအဆ တွေဆိုတာ အမျိုးမျိုးရှိတယ်။
* လက်ရှိ အခြေခံဥပဒေကို နိုင်ငံသားတွေ နားလည်သိရှိမှု ဘယ်လောက်ရှိတယ်လို့ ဆရာ
သုံးသပ်ပါသလဲ။
ကျွန်တော့်အမြင်အရဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ဥပဒေသမားတွေပင်လျှင်
ကောင်းစွာ မကျေညက်သေးဘူး။ အဲဒါကြောင့်မို့လို့လည်း တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦး၊
တစ်နေရာနဲ့ တစ်နေရာ အငြင်းပွားမှုတွေ ဖြစ်နေတာ။
ဒီလိုလား၊ ဟိုလိုလား၊ ဒါကြောင့်မို့ ကျွန်တော်တို့ ဥပဒေကို လေ့လာကြဖို့လိုတယ်။ လူတိုင်း ဥပဒေ
တတ်ရင် ပိုကောင်းပါတယ်။ ဥပမာ ငါးပါးသီလဆိုပါတော့။ ဗုဒ္ဓဘာသာတွေ ငါးပါးသီလကို လိုက်နာ
ကြတယ်။ သူများအသက် မသတ်ရဘူးဆိုရင် အသက်ဆိုတာ ဘာလဲ။ စဉ်းစားစရာ လာပြန်ပြီ။
အသက်ဆိုတာ လှုပ်ရှားတယ်၊ သွားလာတယ်ဆိုရင် သစ်ပင်တွေလည်းပဲ နေကြာပန်းက နေဘက်
ကို လှည့် နေတာ မဟုတ်ဘူးလား။ အဲတော့ သူ ရော အသက်ရှိသလားပေါ့။ ဆိုတော့ အဲဒါမျိုးတွေ
ကစ အများကြီးစဉ်းစား စရာတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ ဥပဒေရဲ့ လေးနက်မှုတွေ၊ သူ့ရဲ့ အနက်
အဓိပ္ပာယ်တွေ၊ အဲဒါတွေ အများကြီး နားလည်ဖို့ လိုတယ်လေနော်။















