မြန်မာနိုင်ငံဆရာဝန်အသင်းမြေနေရာကို ပုဂ္ဂလိကထံသို့ လွှဲပြောင်းရောင်းချမည် ဆိုခြင်းကို တာဝန်ရှိသူများက ငြင်းဆို

မြန်မာနိုင်ငံဆရာဝန်အသင်းမြေနေရာကို ပုဂ္ဂလိကထံသို့ လွှဲပြောင်းရောင်းချမည် ဆိုခြင်းကို တာဝန်ရှိသူများက ငြင်းဆို

မြန်မာနိုင်ငံ ဆရာဝန်အသင်းပိုင် မြေနေရာကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချမည်ဆိုခြင်းမှာ လုံးဝ
မဟုတ်မှန်ကြောင်း ဆရာဝန်အသင်းမှတာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့
သော သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုခဲ့သည်။

ရန်ကုန်မြို့ သိမ်ဖြူလမ်း ဆရာဝန်အသင်း ခန်းမဆောင်အေတွင် မြန်မာ နိုင်ငံ ဆရာဝန်အသင်း
အကျိုးစီးပွား ကာကွယ်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကိစ္စခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့်
သတင်းစာရှင်းလင်းပွဲတွင် အသင်းကြီးကို လက်ညှိုးထိုးရောင်းချနေသည်ဟူသော ဝေဖန်ချက်များ
ကို တရားဝင် ငြင်းဆိုသည်ဟု အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များက ပြောသည်။

"တာဝန်ရှိသူများ ပူးပေါင်းပြီး မြိုးမြိုး မြက်မြက်ရနေကြတယ်၊ လုပ်စားနေကြတယ်လို့ ပြောကြားခြင်း
ဟာ လက်ရှိအလုပ်အမှုဆောင်အဖွဲ့အပေါ် ထင်ကြေးပေး ပုဂ္ဂိုလ်ရေးအရ စော်ကားတိုက်ခိုက်မှုများ
သာဖြစ်ပါတယ်"ဟု မြန်မာ နိုင်ငံ ဆရာဝန်အသင်း အထွေထွေ အတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ
မြင့်သောင်းက ပြောသည်။

အဆိုပါဝေဖန်ချက်များသည် အပတ်စဉ်ထုတ် ဂျာနယ်များနှင့် အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီးနောက်
တွင် ယခုကဲ့သို့ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း မြေနေရာအား အကျိုးရှိစွာအသုံးချရေး မူဝါဒကို လွန်ခဲ့သည့် လေးနှစ်
ကျော်ခန့် က အတည်ပြုပြီးဖြစ်ကာ ဆရာဝန်အသင်းပိုင် မြေနေရာတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့်
အထပ်မြင့်အဆောက်အအုံ တည်ဆောက်ကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့်အပေါ်
မော်လမြိုင်မြို့၌ ကျင်းပခဲ့သော ဆရာဝန်ညီလာခံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ
ကိုယ်စားလှယ်များက သဘောတူညီပြီးဖြစ်သည်ဟု ဒေါက်တာ မြင့်သောင်းက ပြောသည်။

ဆရာဝန်အသင်းကြီး၏ များပြားလာ သော အသင်းဝင်များအတွက် နေရာထိုင်ခင်း လိုအပ်လာခြင်း၊
ဆေးပညာပြန့်ပွား ရေးအတွက် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ရန်၊ ပညာတော်သင်များ စေလွှတ်
ရန်နှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ရန်ပုံ ငွေ လိုအပ်လာခြင်း၊ ရေရှည်
အကျိုးစီးပွား အတွက် အမှီအခိုကင်းမဲ့သော ရင်းနှီး မြှုပ်နှံမှုနှင့် လုံလောက်သောဝင်ငွေ ရရှိရန်
လိုအပ်ခြင်း စသည်တို့ကြောင့် အကျိုးတူ ပူးပေါင်းမှုကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ၎င်းက
ပြောသည်။

ပူးပေါင်းဆောင်ရွက်ရန် ပြည်တွင်း လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားခြင်းမရှိဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံ
သူများကိုသာ ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥပဒေ၊ နည်းဥပဒေများကို လေ့လာလျက်ရှိ
သည်ဟု ၎င်းကပြောသည်။

ယခုအခါတွင် ကမ်းလှမ်းထားသည့် ပြည်ပကုမ္ပဏီလေးခုနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး မည်သည့်
ကုမ္ပဏီနှင့်မှ သဘောတူစာချုပ် လက်ခံဆောင်ရွက် ခြင်း မရှိသေးဟု သိရသည်။

အသင်းပိုင်မြေနေရာကို ရောင်းချမည်မဟုတ်ဘဲ အကျိုးတူပူးပေါင်းခြင်းဖြင့် အသင်း၏ အကျိုးစီးပွား
အတွက် လုပ်ဆောင်သွားမည်ဟု အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က ပြောသည်။

"အသင်းကြီးရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်မှုတွေကို အသင်းနဲ့ဝေးကွာ နေကြသူအနည်းစုက
မီဒီယာတွေမှာ ရေးသား ဖော်ပြနေကြတာကြောင့် အခုလို ရှင်းလင်းရခြင်းဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။

အများစုမှ ကန့်ကွက်သည် ဆိုသည်မှာလည်း မူဘောင်အတွင်းမှ ဒီမိုကရေစီ နည်းလမ်းတကျ
ကန့်ကွက်မှု မမည်ဘဲ အုပ်စုဖွဲ့ ဂိုဏ်းဂဏကွဲ သွေးခွဲစည်းရုံး ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အသင်းသားရပိုင်ခွင့်အရ ကိုယ်တိုင် လာရောက်ဆွေးနွေးမှုမရှိဘဲ နားစွန် နားဖျား ရိပ်ဖမ်းသံဖမ်းဖြင့်
ရေးသားပြောဆိုနေသည်ကို တွေ့ရသည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် ပတ်သက်သော ကိစ္စရပ်များကို ပြည်တွင်း ဂျာနယ်များတွင်
ရေးသားခဲ့သော အသင်းဝင်တစ်ဦးဖြစ်သူ ဒေါက်တာ အောင်ခင်ဆင့်က အသင်းတာဝန်ရှိသူများ
ဘက်မှ အသင်းဝင်များအပေါ် တိကျမှန်ကန်သော သတင်းပေးမှုနှင့် ပွင့်လင်း မြင်သာမှု အားနည်းခဲ့
၍ယခုကဲ့သို့ ဝေဖန်ချက်များ ပေါ်ပေါက်လာရခြင်းဖြစ်သည် ဟု မြန်မာတိုင်း(မ်)ကို ဖေဖော်ဝါရီလ
၂၂ ရက်နေ့က ပြောသည်။

"အသင်းဝင်တွေကို ဒီအကြောင်းတွေ ကို ဂဃနဏ အရင်ဆုံး အသိပေးဖို့ အရေးကြီးပါတယ်။
ကျွန်တော်တို့ကို အသိမပေးဘဲနဲ့ နိုင်ငံခြားက လက်ဝါးကြီး အုပ်တော့မယ်၊ ရောင်းစားတော့မယ်လို့
သတင်းတွေထွက်နေတဲ့အတွက် ဒီလို စွပ်စွဲချက်တွေ ပေါ်ပေါက်လာတာပါ" ဟု ၎င်းက ပြောသည်။

ထို့ပြင် ၎င်းက အသင်းကြီးက စီစဉ်လျက်ရှိသော အကျိုးတူပူးပေါင်းမှုများကို အသင်း၏ဂုဏ်သိက္ခာ
အား မထိခိုက်ပါ က လက်ခံသွားမည်ဟု ပြောသည်။

"ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး အသင်းကြီးရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေမယ့် ပူးပေါင်းဆောင်
ရွက်မှုတွေ လုပ်မယ်ဆိုရင် ဆရာဝန်များ စုပေါင်းလက်မှတ် ရေးထိုးပြီး ဆရာဝန်အသင်း ဥက္ကဋ္ဌနဲ့
ကျန်းမာရေးဝန်ကြီးဆီ တင်ပြသွားမှာပါ" ဟု ၎င်းက ပြောသည်။

"ရှေးယခင်ကတည်းက ပိုင်ဆိုင်ခဲ့တဲ့ ဆရာဝန်အသင်းကြီးကို ထိန်းသိမ်းလိုတဲ့ဆန္ဒ၊ ဂုဏ်သိိက္ခာ
တက်စေချင်တဲ့ ဆန္ဒက ဆရာဝန်တိုင်းမှာရှိပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းကို ၁၉၄၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော်အတွင်း
အဖွဲ့ဝင်အရေအတွက် ၁၈ယဝဝ၀ ခန့် ရှိနေကာ ဘာသာရပ်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ ၃၃ ဖွဲ့ဖြင့်
ဆောင်ရွက်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး