အွန်လိုင်းမီဒီယာများကြောင့် ရုပ်/သံ နှင့် ပုံနှိပ်မီဒီယာတို့ ကြော်ငြာဝင်ငွေနှင့် စောင်ရေများ ကျဆင်း
ပြီး ရှင်သန်အောင် မြင်ဖို့ ခက်ခဲစေသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရချိန်တွင် မြန်မာ့သတင်းနှင့်
စာနယ်ဇင်းလုပ်ငန်း (NPE)သည် ဂျပန် နိုင်ငံ ကျိုဒိုသတင်းအေဂျင်စီ (Kyodo News) နှင့် ပူးပေါင်း
ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (Memorandun of Understanding) လက်မှတ်ထိုး
လိုက် ခြင်းသည် နှစ်နိုင်ငံအကြား သတင်းနည်းပညာနှင့် ပတ်သက်၍ ကြီးမားတိုးတက် ပြောင်းလဲမှု
ဖြစ်လာနိုင်ကြောင်း Kyodo News ၏ နိုင်ငံတကာဆက်ဆံရေးဌာန မှ မန်နေဂျင်းဒါရိုက်တာ Mr.
Tomoki Ueda က ပြောသည်။
"နိုင်ငံတကာ မီဒီယာလုပ်ငန်းတွေမှာ အွန်လိုင်းမီဒီယာတွေကြောင့် ရုပ်/သံ နဲ့ မီဒီယာနဲ့ ပုံနှိပ်မီဒီယာ
တွေရဲ့ ကြော်ငြာ ၀င်ငွေတွေ၊ စောင်ရေတွေ ကျဆင်းနေပါတယ်။ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှ
နိုင်ငံတွေမှာပါ ဒီသဘောမျိုးအလားတူ ဖြစ်လာတော့မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုစိန်ခေါ်မှု
တွေကို ရင်ဆိုင်လာရတဲ့ အခြေအနေမျိုး မှာ သတင်းအေဂျင်စီတွေအနေနဲ့ တိကျမှန်ကန်ပြီး ဘက်
လိုက်မှုမရှိတဲ့ သတင်းအချက်အလက်တွေကို အမြန်ဆုံး ထုတ်လွှင့်ဖြန့်ချိဖို့အတွက် မဖြစ်မနေ
ဆောင်ရွက်ကြရပါမယ်။ အခုလို နှစ်နိုင်ငံသတင်းအချက်အလက်တွေကို ဖလှယ်ဖို့၊ ပူးပေါင်းဆောင်
ရွက်ကြဖို့ သဘောတူလက်မှတ်ထိုးလိုက်ခြင်းကြောင့် မြန်မာ- ဂျပန် နှစ်နိုင်ငံအကြား သတင်းနည်း
ပညာဆိုင်ရာ တိုးတက်ကြီးမားသော အပြောင်းအလဲကြီးတစ်ခု အလျင်အမြန် ပေါ်ပေါက်လာနိုင်ပါ
တယ်"ဟု ၎င်းက ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းနှင့် Kyodo News တို့
နေပြည်တော်၊ ရတနာသိင်္ဃဟိုတယ် ၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် MoU လက်မှတ်ထိုးပွဲ၌
ပြောကြားခဲ့သည်။
NPE နှင့် Kyodo New တို့သည် ယခုကဲ့သို့ MoU ထိုးလိုက်ခြင်းအားဖြင့် သတင်းအချက်အလက်
နှင့် ဓာတ်ပုံများအား တရားဝင်အပြန်အလှန်ရယူအသုံး ပြုခြင်းအပြင် သတင်းနည်းပညာဆိုင်ရာ
သင်တန်းများပို့ချခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည့် အကျိုးထူးများလည်း တရားဝင်ရရှိကြ
မည်ဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံအစိုးရရဲ့ ခွင့်ပြုချက်ရခဲ့ရင် Kyodo News ရဲ့ Branch office ကို ရန်ကုန်မှာဖွင့်နိုင်ဖို့
မျှော်လင့်ထားပါတယ်။ ဖွင့်နိုင်ပြီဆိုရင် အဲဒီရုံးခွဲဟာ ကျွန်တော်တို့ရဲ့ ၄၃ ခုမြောက် ရုံးခွဲ ဖြစ်လာပါ
လိမ့်မယ်။ အခုလို ရုံးခွဲဖွင့်ခြင်းဟာလည်း မြန်မာနိုင်ငံနဲ့ပါဆိုရင် ၄၃ နိုင်ငံ ဖြစ်လာပါမယ်"ဟု Mr.
Tomoki Ueda က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား သတင်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခင်က ဆောင်ရွက်
ခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ Kyodo News နှင့် MoU ရေးထိုးခြင်းသည် ဂျပန်-မြန်မာ နှစ်နိုင်ငံ
သတင်းမီဒီယာဆက်ဆံမှု သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်လိုက် ခြင်းပင်ဖြစ်ကြောင်းလည်း
ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး က အဆိုပါ MoU ထိုးပွဲ အခမ်းအနားတွင်
ပြောကြားသည်။
"သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအနေ နဲ့ အိန္ဒိယနိုင်ငံ PTI သတင်းဌာနနဲ့ ၁၉၆၇ ခုနှစ်မှာလည်း
ကောင်း၊ လာအိုသတင်းဌာန (KPL) နဲ့ ၁၉၉၈ ခုနှစ်မှာ လည်းကောင်း၊ ဘက်မလိုက်သတင်းဌာန
(NNN)နဲ့ ၂၀၀၆ ခုနှစ်မှာလည်းကောင်း၊ ဆင်ဟွာ သတင်းဌာနနဲ့ ၂၀၀၇ ခုနှစ်မှာလည်းကောင်း MoU
တွေ လက်မှတ်ရေးထိုးပြီး သတင်းဖလှယ်မှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဘရူနိုင်းနိုင်ငံ၊
မလေးရှားနိုင်ငံတို့နဲ့လည်း MoU တွေ ရေးထိုးနိုင်ခဲ့ပေမယ့် လုပ်ငန်းဆောင်ရွက်မှုပိုင်းမှာ ပီပီပြင်ပြင်
မရှိသေးပါဘူး။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွေနဲ့လည်း မူကြမ်း တွေ အပြန်အလှန်
ပေးပို့ကမ်းလှမ်းနေဆဲ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။















