မွန်အမျိုးသားနေ့ကို ခမ်းနားစွာ ကျင်းပ

မွန်အမျိုးသားနေ့ကို ခမ်းနားစွာ ကျင်းပ

အစဉ်အလာနဲ့ ထင်ရှားခဲ့တဲ့ မွန်လူမျိုး များရဲ့ (၆၆)ကြိမ်မြောက် မွန်အမျိုးသား နေ့ကို ဖေဖော်ဝါရီ
၂၆ရက်နေ့၊ ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ပြည်သူ့ရင်ပြင်မှာ ကြီးကျယ်ခမ်းနားစွာ ရိုးရာယဉ်ကျေးမှု၊
ဓလေ့ထုံးတမ်းများနဲ့ ကျင်းပခဲ့ပါတယ်။

၎င်းပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ခါ ပျော်ပွဲရွှင်ပွဲများ၊ ပြဇာတ်များနဲ့ မွန်အမျိုးသားရေး
ကော်မတီအတွက် ရန်ပုံငွေရရှိရန် အကြိုကျင်းပခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ တော့
မွန်အမျိုးသားအဖွဲ့ဝင်များ၊ အကြီး အကဲများနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက်
ချီးမြှင့်ခဲ့ပါတယ်။

ပထမဦးစွာ မွန်အမျိုးသားကော်မတီ မှ အကြီးအကဲများက အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာ
နိုင်ငံအလံကို အားလုံးအလေးပြုစေပြီး မွန်အလံကို လည်း အလေးပြုစေခဲ့ပါတယ်။

ပွဲသို့ တက်ရောက် လာသူအများစုမှာလည်း မွန်လူမျိုးများဖြစ်ပြီး အဖြူနဲ့ ပန်းရောင်စပ်ထားတဲ့ မွန်
ရိုးရာဝတ်စုံများကို မိန်းကလေး၊ ယောကျ်ားကလေး အကုန်လုံး အမြတ်တနိုးဝတ်ဆင်ထားတာကို
လည်း မြင်တွေ့ရပါတယ်။

"မြန်မာနိုင်ငံမှာ မွန်လူမျိုးတွေဟာ ဘီစီ၂၀၀၀ ကတည်းက မြန်မာပြည်ကို ၀င်ရောက်နေထိုင်ခဲ့တဲ့
တိုင်းရင်းသား လူမျိုးဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသား တွေရဲ့ ဘာသာစကားအားလုံးထဲမှာ မွန်
စာပေဝေါဟာရတွေ တွေ့ရတဲ့ အထောက်အထားအရ တစ်ပြည်လုံး နေရာအနှံ့အပြားမှာ နေထိုင်
ခဲ့တယ်ဆိုတဲ့ အချက်ကလည်း ငြင်းလို့မရပါဘူး" လို့ ဒေါက်တာမင်းတင်မွန်က မွန်လူမျိုးတွေ ရဲ့
ထင်ရှားတဲ့ သမိုင်းကို ရှင်းလင်းပြောပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က "အခုတလော ကျွန်မအမျိုးသားနေ့တွေ တက်ရတာ နည်းနည်းများနေ
ပါတယ်။ ဒါပေမဲ့ ကျန်တဲ့တိုင်းရင်းသားတွေနဲ့ အမျိုးစပ်ကြည့်တာ ဗမာကလွဲလို့ ဘယ်လိုမှ အမျိုး
မတော်ဘဲ မွန်နဲ့ကတော့ မေမေ့ဘက်က စပ်လိုက်ရင် နည်းနည်း အမျိုးတော်တယ်"လို့ ပြောလိုက်
တာနဲ့ ပရိသတ်သတ်များရဲ့ ကျေနပ်အော်ဟစ်သံတွေကတော့ ညံနေအောင်ပါပဲ။

"မြန်မာနိုင်ငံမှာ တစ်ဦးတည်းသော မွန်ဘုရင်မ ရှင်စောပုက မွန်အမျိုးသမီးကြီးပါ။ အဲဒါကြောင့်
အများကြီး ဂုဏ်ယူပြီး မွန်အမျိုးသားနေ့ကို တက်တဲ့အခါ မှာ မွန်အမျိုးသမီးနေ့ကို တက်တယ်လို့ပဲ
ခံယူတယ်" လို့လည်း သူက ရယ်မောပြီး ပြောခဲ့ပါသေးတယ်။

အဲနောက်မှာတော့ ဖျော်ဖြေရေးအစီ အစဉ်တွေ စတင်ခဲ့ပါတယ်။ အခမ်းအနား တက်ရောက်လာတဲ့
မဇင်မိုးဝါက "နယ်က ကျောင်းလာတက် တာဆိုတော့ ကိုယ့်လူမျိုးတူ သူငယ်ချင်း တွေနဲ့ပဲ ထမင်း
ချက်စားတာလောက် လုပ်ခဲ့ပါတယ်။ ဒီလိုမျိုးပွဲကို လာတက်တာတော့ ပထမဆုံးပါပဲ"လို့ ပြောပါ
တယ်။

အခုလိုမျိုးပွဲကို ခမ်းနားကြီးကျယ် အောင်လုပ်ပေးလို့လည်း အရမ်းသဘောကျပြီး မွန်လူမျိုးတွေ
အားလုံး တစ်နေရာတည်းမှာ အခုလိုကျင်းပခွင့်ရတဲ့အတွက်လည်း ပျော်ပါတယ်လို့ သူက ပြောပါ
တယ်။

ဒီပွဲအတွက် လွန်ခဲ့တဲ့ သုံးလခန့်က စီစဉ်ခဲ့တာဖြစ်တယ်လို့ မွန်အမျိုးသား ကော်မတီမှ အဖွဲ့ဝင်
ဒေါ်မိကွန်ချစ်က ပြောပါတယ်။

မွန်အမျိုးသားနေ့ကို ၂၀၁၂ ခုနှစ်မှ စတင်ခါ တရားဝင်ကျင်းပခွင့်ပြုခဲ့တာ ဖြစ်ပြီး အခုနှစ်နဲ့ ဆိုရင်
တော့ ဒုတိယအကြိမ်မြောက် တရားဝင်အခမ်းအနား ကို ကျင်းပခြင်း ဖြစ်ပါတယ်။

သာသနာသက္ကရာဇ် ၁၁၆ ခုနှစ် (အေဒီ-၅၇၃) တပို့တွဲလပြည့်ကျော် ၁ ရက်နေ့မှာ မွန်ဘုရင်
သမလ၊ ၀ိမလ ညီနောင်နှစ်ပါးတို့ ဟံသာဝတီ(ပဲခူး) မြို့ကို စတင်တည်ထောင်ခဲ့တဲ့ ခုနှစ်ရက်ကို
မွန်ပညာရှိများနဲ့ ရဟန်းများက မွန်အမျိုးသားနေ့လို့ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်မှ စတင်ခါ နှစ်စဉ် မွန်လူမျိုးများက ကျင်းပပြုလုပ်ခဲ့တာ အခုဆို (၆၆)ကြိမ်မြောက်
တိုင်ခဲ့ပြီ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး