တောင်သူလယ်သမားဆိုင်ရာ ကြေညာချက် သမ္မတနှင့်တာဝန်ရှိသူများထံ အကြံပြုတောင်းဆို

တောင်သူလယ်သမားဆိုင်ရာ ကြေညာချက် သမ္မတနှင့်တာဝန်ရှိသူများထံ အကြံပြုတောင်းဆို

"မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားနှီးနှောဖလှယ်ပွဲ"ကို ရန်ကုန်မြို့တွင် နှစ်ရက်တာ
ကျင်းပခဲ့ရာ ဆွေးနွေးပွဲအပြီးတွင် ထွက်ပေါ်လာသောကဏ္ဍ ခြောက်ခုပါ၀င်သည့် ကြေညာချက်
အား နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရတာဝန်ရှိ
သူများထံ အကြံပြု တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူလယ်သမား၏ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖေဖော်ဝါရီ လ၂၅ ရက်မှ ၂၆ အထိ
ကျင်းပခဲ့သော အဆိုပါနှီးနှောဖလှယ်ပွဲတွင် ပြည်နယ် နှင့်တိုင်းအသီးသီးမှ တောင်သူလယ်သမား
ကိုယ်စားလှယ်များ၊ လယ်သမားအရေးလှုပ်ရှားဆောင်ရွက်သူများ၊ နိုင်ငံရေးသမားများ၊ စိုက်ပျိုးရေး၊
မိုးလေဝသ နှင့် ဥပဒေပညာရှင်များအပါအဝင် လူဦးရေနှစ်ရာခန့် တက်ရောက်ကာ တောင်သူ
လယ်သမားများ၏ လက်ရှိ ကြံုတွေ့နေရသောအခက်အခဲများ၊ တောင်သူရေးရာမူဝါဒများ၊ ဥပဒေ
များကို ဆွေးနွေးခဲ့ကြသည်။

"တောင်သူလယ်သမားတွေ ကြံုတွေ့ နေရတဲ့အခက်အခဲ၊ အောင်မြင်မှု၊ ဆန္ဒ တွေကို တစ်စု
တစ်စည်းတည်း ပေါ်ထွက်လာစေချင်တဲ့အတွက် တစ်နိုင်ငံလုံးက တောင်သူလယ်သမားတွေပါ၀င်
တဲ့ ဒီပွဲကိုကျင်းပဖြစ်တာ။ တောင်သူလယ် သမားတွေအတွက် အဓိကအရေးကြီးတဲ့ ကဏ္ဍခြောက်
ခု အပေါ် အခြေခံဆွေးနွေး ကြတာပါ။ ဆွေးနွေးပွဲအပြီးထွက်ပေါ် လာတဲ့ကြေညာချက်ကိုလည်း
မကြာခင် တာဝန်ရှိတဲ့သူတွေလက်ထဲ ရောက် အောင် ပို့သွားဖို့ အားလုံးသဘောတူခဲ့တယ်"ဟု
ပြင်ဦးလွင်တောင်သူလယ်သမား အသိပညာဖွ့ံဖြိုးတိုးတက်ရေး ကွန်ရက်မှ ကိုစည်သူက ပြော
သည်။

နှစ်ရက်တာကာလအတွင်း တောင်သူလယ်သမားများသည် တောင်သူနှင့် စိုက်ပျိုးနည်းပညာ၊
စိုက်ပျိုးရေးမူဝါဒ၊ လယ်ယာမြေဆုံးရှုံးမှု၊ လယ်ယာမြေ ဥပဒေ၊ ချေးငွေနှင့်အာမခံဈေးကွက် စသည့်
ကဏ္ဍခြောက်ခုနှင့် ပတ်သက်၍ တောင်သူများ လက်ရှိကြံုတွေ့နေရ သောပြဿနာများနှင့် အစိုးရ
သို့ အ ကြံပြု တောင်းဆိုချက်များကို ထည့်သွင်းကာ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ လယ်သမားတွေ အတွက် စိန်ခေါ်နေတဲ့ အခက်အခဲဆို တာက လယ်ယာမြေသိမ်း
ဆည်းမှု တစ်ခုတည်းမဟုတ်ဘူး။ ချေးငွေနဲ့စိုက်ပျိုးရေး မူဝါဒတွေ၊ အာမခံချက်ရှိတဲ့ဈေးကွက် ဖြစ်
ထွန်းလာဖို့စတဲ့ အချက်တွေကလည်း အရေးပါတဲ့ အချက်တွေပါပဲ"ဟု တောင်သူ ကိုရဲထင်ကျော်
က ပြောသည်။

တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရာတွင် ခေတ်နှင့်လျော်ညီသော အသိပညာအားနည်း
သဖြင့် အစိုးရမှ စနစ်တကျ စိုက်ပျိုးနည်းပညာများပ့ံပိုး ပေးရန်၊ လယ်ယာမြေမှုခင်းဖြစ်သော မြေပိုင်
ဆိုင်မှုပြဿနာများ ရှိနေပါက လယ်ယာမြေ မှတ်ပုံတင်ကာလကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းပေး
ရန်၊ ခွဲခြားမှုမရှိဘဲ အတိုးမဲ့နှစ်ရှည်ချေးငွေ ထုတ်ပေးရန်၊ စစ်တပ်၊ ကုမ္ပဏီနှင့် အစိုးရဝန်ကြီး ဌာနများ
မှ စီမံကိန်းများအကြောင်း ပြကာ တောင်သူလယ်သမားများထံမှ သိမ်းယူထားသော လယ်ယာမြေ
များအား လယ်မြေ၊ ယာမြေမခွဲ ခြားဘဲ ကာလ ပေါက်ဈေးနှင့်အညီ အပြည့်အဝပေးရန်၊ လယ်ယာ
မြေဥပဒေပါ အချို့အချက်များအား ပြင်ဆင်ပြဋ္ဌာန်းပေးရန်စသည့် ၎င်းတို့၏အခက်အခဲများအား
တင်ပြ တောင်းဆိုခဲ့ကြသည်။

"ကျွန်တော်တို့ အခုအားလုံးသဘောတူထားတာက အခုကျွန်တော်တို့ပြန် ရောက်တာနဲ့ ကိုယ့်
လယ်မြေတွေကို တစ်ပြိုင်တည်းမှတ်ပုံတင်ဖို့ပဲ"ဟု ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှ
တောင်သူ ဦးအောင်ကြီးက ပြောသည်။

ထို့ပြင် အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားကွန်ရက်တစ်ခုဖွဲ့စည်း
ရန် တက်ရောက်လာသော ကိုယ်စားလှယ်များက သဘောတူခဲ့ကြောင်း သိရသည်။

"ပြဿနာတွေကတော့ အများကြီးပါပဲ။ အခုလိုမျိုးလုပ်တဲ့အတွက် စကား ပြောခွင့်တွေရတယ်။
အားလုံးပါ၀င်တဲ့ အတွက်လည်း တိုင်းရင်းသားအားလုံး ပါ၀င်တဲ့ ရည်မှန်းချက်ပန်းတိုင်ကိုဖော်
ဆောင်ဖို့ ခိုင်မာတဲ့မူဝါဒတွေ ပေါ်ပေါက်လာမယ်လို့ ယုံကြည်တယ်။ အားလုံးရဲ့ ဆန္ဒသဘောထား
တွေကို တစုတစည်းတည်း ထွက်ပေါ်လာဖို့ မျှော်လင့်တယ်" ဟု ကချင်ပြည်နယ်မှ တောင်သူ
ဦးလဖိုင်ဇော်တောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး