နေပြည်တော်အတွက် ဘတ်ဂျက်လျာထားချက် ဝေဖန်ခံရ

နေပြည်တော်အတွက် ဘတ်ဂျက်လျာထားချက် ဝေဖန်ခံရ

သမ္မတ၏တိုက်ရိုက်ကွပ်ကွဲမှုအောက်၌ ရှိသော နေပြည်တော်ကောင်စီနယ်မြေ ၂၀၁၃-၁၄ ခုနှစ်
အတွက် ဘတ်ဂျက် လျာထားချက်သည် လိုအပ်သည်ထက် ပိုမိုများပြားနေသည်ဟု ယခုလ
၂၅ ရက် နှင့် ၂၆ ရက်နေ့တို့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ၌
လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြားခဲ့သည်။

"နေပြည်တော် တည်ဆောက်ရေး အတွက် မဖြစ်မနေ အသုံးပြရမယ်ဆို လက်ရှိလျာထားချက်ရဲ့
၁၀ ရာခိုင်နှုန်းသာ ခွင့်ပြုသင့်ပါတယ်"ဟု ဒိုက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးမင်းဆွေက ပြောသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်း ကဏ္ဍ လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီး မြှုပ်နှံမှုလျာထားချက်
ကျပ်ဘီလျံ ၅,၀၀၀ ကျော်တွင် နေပြည်တော်ကော်စီ၏လျာထားချက် ကျပ်ဘီလျံ ၁၇၈ ကျော် နှင့်
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ အဆိုပြုတောင်းခံချက် ကျပ် ၁ ဒသမ ၅ ဘီလျံ
ပါ၀င်နေသည်ဟု ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားခဲ့
သည်။

ထို့ကြောင့် ပထမဦးစွာအနေဖြင့် နောက်ဆက်တွဲအခန်း ၂(က)ပါလုပ်ငန်း စီမံကိန်းလျာထားချက်
တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏အဆိုပြုလျာထားချက် ကျပ် ၁ ဒသမ ၅ ဘီလျံ
ကို ခေါင်းစဉ်ပယ်ဖျက်၍ နေပြည်တော်ကောင်စီ၏ လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်
ခေါင်းစဉ် အောက်သို့ ပြောင်းလဲလျာထား သတ်မှတ်ရန် ဦးမင်းသူက အဆိုတင်သွင်းခဲ့သည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီသည် နေပြည်တော်ကောင်စီ ၏ လက်အောက်ဌာန
တစ်ခုအဖြစ် သတ်မှတ်ထားနိုင်သကဲ့သို့ နိုင်ငံတော်သမ္မတ ရုံးနှင့် နေပြည်တော်ကောင်စီသည်
အဆင့်တူသော သီးခြားပြည်ထောင်စု အဆင့်အဖွဲ့များဖြစ်သည်ကြောင်း တွေ့ရသည်ဟု ဦးမင်းသူ
က ပြောသည်။

နေပြည်တော်ကောင်စီနှင့် သက်ဆိုင်သော စီမံကိန်းရင်းနှီးမြှုပ်နှံမှုလျာထားချက် ကျပ် ၂၀ ဘီလျံကို
နိုင်ငံတော် သမ္မတ ရုံးခေါင်းစဉ်အောက်တွင် ထည့်သွင်းဖော်ပြထားသဖြင့် ပြည်ထောင်စုလွှတ်တော်
ဥပဒေကြမ်း ပူးပေါင်းကော်မတီ ထောက်ပြချက်ကြောင့် နေပြည်တော် ကောင်စီမှမူနှင့် အခြေခံ
သဘောဆွေးနွေးရှင်းလင်းရာတွင် နေပြည်တော်ကောင်စီ လျာထားချက်တွင် ပြန်လည် ထည့်သွင်း
ပေးမည်ဟု ကတိပြုသွားပြီး ဖြစ်သည်ဟု ဦးမင်းသူက ပြောသည်။

ထို့ပြင် လူဦးရေ တစ်သိန်းပင်မပြည့် သေးသည့် နေပြည်တော်ကောင်စီနယ် မြေတွင် ကျပ်သန်း
၁၂ ဘီလျံကျော် ကုန်ကျမည့် ခုတင် ၅၀၀ ဆံ့ ဆေးရုံ သုံးရုံနှင့် ပင်စင်စား တပ်မတော်အငြိမ်းစား
ဆေးရုံများ တည်ဆောက်ခြင်းအစား နိုင်ငံအနှံ့ရှိ အမှန်တကယ်လိုအပ်နေသည့် အရေးကြီးသော
ဆေးရုံတိုးချဲ့မှု လုပ်ငန်းများအတွက် လွှဲပြောင်းအသုံးပြုရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ ဗညားအောင်မိုးက တိုက်တွန်းခဲ့သည်။

ပြည်နယ်ခုနစ်ခုတွင် ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၂ ဘီလျံကျော်သာဖြစ်ပြီး နေပြည်တော် ရင်းနှီးမြှုပ်နှံမှု၏
၆၈ ဒသမ ၈၃ ရာခိုင်နှုန်းသာရှိသည့်အတွက် ဆင်းရဲ နွမ်းပါးမှုကွာဟမှု လျှော့ချရေးအတွက်
နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုတစ်ဝက်ခန့်ကို ပြည်နယ်ခုနစ်ခုသို့ လွှဲပြောင်းပေးရန် ဒေါက်တာ
ဗညားအောင်မိုးက တင်ပြခဲ့သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းတွင် နေပြည်တော် ကောင်စီ၏ လုပ်ငန်းလျာ
ထားချက် ၂၀ အနက် လျာထားငွေ ကျပ်သန်း ၁၇၈,၃၀၀ အနက် ၂၂ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း
ကြား လျှော့ချခွင့်ပြု၍ ယင်း ငွေများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်းရဲမှုလျှော့ချရေး၊
ကျေး လက်ဒေသ ဖွံ့ဖြိုးရေးများ၌ လျာထား အသုံးပြုရန်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်း
အား ပြန်လည်ရေးဆွဲ တင်ပြရန် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီအတွင်းရေးမှူး
ဦးမောင် တိုးက ပြောသည်။

နေပြည်တော်ကောင်စီ နယ်မြေတွင် ၂၀၁၄ အာဆီယံအစည်းအဝေးအတွက် တည်ဆောက်နေ
သော ရူဘီဟော၊ သီရိ ငါးမြို့နယ်တွင် အိမ်ရာများ၊ မြို့ကွက်သစ် တည်ဆောက်ရေးများအတွက်
ကျပ် ဘီလျံ ၈၀ နှင့် တစ်မိုင်လျှင် ရ၇၂ သန်း ကုန်ကျမည့် နေပြည်တော်လမ်းများ ဖောက်လုပ်ရေး
အတွက် ကျပ်ဘီလျံ ၈၀ ခန့် လျာထားသော်လည်း ဒေသဖွံ့ဖြိုးရေး အတွက် ၁၈ ဘီလျံခန့်သာ
လျာထား သတ်မှတ်ထားသည်ဟု ကိုယ်စားလှယ်များက ပြောသည်။

"နိုင်ငံတော်အတွက်နဲ့ ၀န်ထမ်း ပြည်သူများအတွက် အဆောက်အအုံ အိမ်ရာအသစ်များ တည်
ဆောက်ရေးအတွက် အထူးစိစစ်ဖြတ်တောက်ရန် မလိုအပ်သော်လည်း နေပြည်တော်လမ်းများ
ဖောက်လုပ်နေမှုအတွက် စိစစ်ဖြတ် တောက်ရန်လိုပါတယ်" ဟု ဦးမင်းသူက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး