ပြည်တွင်းငွေလဲနှုန်း လက်တွေ့စီးပွားရေးနှင့် တစ်ထပ်တည်းမကျသေး

ပြည်တွင်းငွေလဲနှုန်း လက်တွေ့စီးပွားရေးနှင့် တစ်ထပ်တည်းမကျသေး

ပြည်တွင်း၌ လက်ရှိဘဏ္ဍာနှစ်ဆန်းပိုင်းမှစခါ တရားဝင်လက်ခံ ကျင့်သုံးလျက်ရှိသော အမေရိကန်
တစ်ဒေါ်လာ ကျပ် ၈၅၀ ၀န်းကျင် ငွေလဲနှုန်းသည် လက်တွေ့ စီးပွားရေးနယ်ပယ်နှင့် ပြည်သူများ
အတွက် တစ်ထပ်တည်း အံဝင်မှုရှိမနေသေးကြောင်းနှင့် ငွေကြေးအဖွဲ့အစည်းက ယင်းကိုမျက်ခြည်
မပြတ် အကဲခတ် လေ့လာနေရမည်ဖြစ်ကြောင်း လွှတ်တော် တာဝန်ရှိသူများနှင့် စီးပွားရေး အသိုင်း
အဝိုင်းက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော ငွေလဲနှုန်း မှာ ပြည်သူလူထုနှင့် ပြည်တွင်းသုံးစွဲမှု တန်ဖိုးကို အမှန်တကယ်
အကျိုးမပြု ကြောင်းနှင့် ယင်းမှာ ငွေလဲနှုန်းတွင်သာ မြင့်တက်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြော
သည်။

စီးပွားရေးအတွက်၊ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘဏ်စနစ် ကောင်းမွန်ရန်လိုသကဲ့သို့
ငွေကြေးမူဝါဒ နှင့် ဘဏ္ဍာရေးမူဝါဒများသည်လည်း အရေးကြီးပြီး နိုင်ငံငွေကြေးတန်ဖိုး မလိုအပ်ဘဲ
မြင့်မားအောင် ဖန်တီးပြုလုပ်မှုကို လက်မခံဘဲ နိုင်ငံစီးပွားရေး ဆက်လက်ကောင်း နေအောင် ငွေလဲ
လှယ်နှုန်းကို သင့်တော်သလို ထိန်းညှိပေးခြင်းကို မကျင့်သုံးခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မေးခွန်းထုတ်လိုက်သည်။

"ငွေလဲလှယ်နှုန်းကို သင့်တော်သလို ထိန်းညှိပေးလို့ စီးပွားရေး ကောင်းလာပြီး ဆက်လက်ကောင်း
အောင်လည်း ဆောင်ရွက်နိုင်တဲ့နိုင်ငံများကို သိသာထင်ရှားစွာ တွေ့မြင်နေပါလျက်နဲ့ ကျွန်တော်
တို့နိုင်ငံဟာ ထိုနိုင်ငံများကဲ့သို့ ဘာလို့ မကျင့်သုံးနိုင်ရတာလဲဆိုတဲ့ မေးခွန်းတွေမေးစရာ ဖြစ်လာပါ
တယ်" ဟု သူရဦးရွှေမန်းက ယခုလ ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်း
အဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများနှင့် အလုပ်သမားများ၏ဝင်ငွေ တစ်ဦးချင်း ကို နိုင်ငံခြားငွေနှင့်ဖော်ပြရာတွင် အမြင်
ကောင်းအောင်၊ ကိန်းဂဏန်းများစေရန် တစ်ဒေါ်လာငွေလဲနှုန်း ကျပ် ၈၅၀ ၀န်းကျင်တွင်ပဲ ထားနေ
ခြင်းလား၊ တစ်ဒေါ်လာ ကျပ် ၉၅၀၊ ကျပ် ၁,၀၀၀ နှုန်း ၀န်းကျင်ထားရှိဆောင်ရွက်မှ နိုင်ငံနှင့်ပြည်သူ
အတွက် ကောင်းမည်ကို သိလျက်နှင့် မျက်ကွယ်ပြုနေကြတာလားဆိုသည့် အသံများ၊ ပြည်တွင်း
စိုက်ပျိုးရေး၊ မွေးမြူရေးသမားများသာမက ကုန်ထုတ်လုပ်သူ စီအမ်ပီလုပ်ခ လစာ စားနေသူများ
သည် ငွေလဲလှယ်နှုန်းကြောင့် အခက်အခဲများဖြစ်နေသည်ကို မျက်ကွယ် ပြုထားခြင်းသည်ကောင်း
ကြသလား၊ တာဝန်ကျေကြသလားဆိုသည့် ငြီးတွားသံတွေ ကြားသိနေရကြောင်း ၎င်းကပြော
သည်။

"ဒီအသံတွေဟာလည်း မှန်နေပြီဆိုရင်၊ တကယ်လို့ တာဝန်ယူဖို့၊ တာဝန်ခံဖို့ အခက်အခဲရှိနေကြ
လျှင်လည်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက်ကို ဖော်ဆောင်ပေးပါမယ်လို့ ခံယူထားတဲ့
ကျွန်တော် တို့လွှတ်တော်က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ပေးဖို့ လိုပါပြီ။ လိုပြီလို့ဆိုရင် လိုအပ်
သော ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်မှုတွေ အမြန်လုပ်ဖို့ လိုအပ်ပါကြောင်း တင်ပြလိုပါတယ်" ဟု
၎င်းက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်
က လက်ရှိအနေအထား အရ မြန်မာကျပ်ငွေတန်ဖိုး မြင့်မားနေသည်ဟု ဆိုနိုင်ကြောင်းနှင့်
အကြောင်းရင်းမှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုအပါအဝင် နိုင်ငံခြား ငွေစီးဝင်မှု များပြားနေခြင်းကြောင့်
ဖြစ်ကြောင်း ပြောသည်။

အခြားအရေးကြီးသည့်အချက်မှာ အမေရိကန်ပြည်ထောင်စု က ၎င်းတို့ စီးပွားရေး ပြန်လည်ဦးမော့
အောင်ဆောင်ရွက်ရာတွင် ပျော့ပျောင်းသော ငွေကြေးမူဝါဒကို ကျင့်သုံးသည့်အတွက် အမေရိကန်
ဒေါ်လာတန်ဖိုးမှာ မြန်မာနိုင်ငံ အပါအဝင် အခြားသော နိုင်ငံများနှင့် ငွေကြေးနှင့်လဲလှယ်ရာမှာ
တန်ဖိုးလျော့ကျ နေကြောင်း ၎င်းကပြောသည်။

အစိုးရသည် မြန်မာ့စီးပွားရေးစနစ် တစ်ခုလုံး၏ ၀ယ်လိုအား နှင့် ရောင်းလိုအားအပေါ်အမှန်တကယ်
ထင်ဟပ်စေသော နိုင်ငံခြားငွေနှင့် ကုန်သွယ်မှုများတွင် အတားအဆီးများ လျှော့ချပြီး စစ်မှန်သော
ငွေလဲနှုန်းဖြစ်ပေါ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာကျပ်ငွေ မာလာခြင်းသည် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း စသည့် ကဏ္ဍများမှ နိုင်ငံခြားငွေ
များ စီးဝင်နေခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ မြန်မာနိုင်ငံတွင် အတိုးနှုန်းမြင့်မားခြင်းကြောင့် နိုင်ငံခြား
ငွေများ စီးဝင်နေခြင်းကြောင့်လည်းဖြစ်နိုင်သည်ဟု ဗဟိုဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူမှ ဒါရိုက်တာ
ဦးအောင်သူငြိမ်းက သုံးသပ်ပြောကြားသည်။

"ဦးရွှေမန်းပြောတာကို ကျွန်တော် သဘောမတူပါဘူး။ အဲသလို တော့ ကျွန်တော်မထင်ပါဘူး
(တစ်ဦးချင်းဝင်ငွေမြင့်စေရန် ငွေလဲလှယ်နှုန်း ၈၅၀ ထားခြင်း)။ တကယ်လို့ အစိုးရက ကျပ်ငွေ ဈေး
ကျအောင် ချရင်တောင် ကျချင်မှကျမှာပါ"ဟု ၎င်းကပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် တစ်ဒေါ်လာလျှင် ကျပ် ၈၅၀ နှုန်း ပေါက်နေခြင်းသည် တစ်ဦး
ချင်းဝင်ငွေ မြင့်မားစေရန် ပြုလုပ်သည်ဟု စွပ်စွဲခြင်းမဟုတ်ဘဲ ယခုနှုန်းထားသည် မဖြစ်သင့်သည့်
အတွက် ဘဏ္ဍာရေးပိုင်းက ပြောင်းလဲလိုက ပြောင်းလဲနိုင်ရန် ပြောခြင်းဖြစ်နိုင်သည်ဟု သာပေါင်း
မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောသည်။

"ဗဟိုဘဏ်ဥပဒေပေါ်အောင်လုပ်နေတာ အဲဒါကြောင့်ပဲ။ နောင်လွတ်လပ်တဲ့ဗဟိုဘဏ် သီးခြားပေါ်
လာရင် ဗဟိုဘဏ်က ဒီတစ်ပတ်ထဲ ဒေါ်လာကို ထုတ်ရောင်းမယ်၊ ရွှေကို အရန်ထားမယ် စသဖြင့်
အမျိုးမျိုးလုပ်လို့ရတယ်" ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက ဘဏ္ဍာအခွန်ဝန်ကြီး မီဒီယာများ နှင့် တွေ့ဆုံရာတွင် ဗဟိုဘဏ်ဥပဒေ
သည် လွှတ်တော်အပြီး ထွက်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ပြောသည်။ ယင်းဗဟိုဘဏ်ဥပဒေသစ်
ပေါ်ပေါက်မလာမီ လက်ရှိ ဗဟိုဘဏ်ဥပဒေ ၁၉၉၀ နှင့်ပင် ပြည်တွင်း၌ နှစ်ပေါင်း ၅၀ ကျော် ကြာ
ဈေးကွက်တွင်းအမျိုးမျိုး ဖြစ်ပေါ်နေသော ငွေလဲနှုန်း တစုတစည်းဖြစ်ရေးကို ဧပြီလ၂ရက်နေ့က
ဆောင်ရွက်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး