ဖေဖော်ဝါရီလ ၂၆ ရက် ညနေပိုင်းအချိန်က မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စုတွင်
လယ်ယာမြေပြန်လည်ရယူရန် ကြိုးပမ်းသူ ကျေးရွာသားများနှင့် ၎င်းတို့အား လူစုကွဲစေရန် ပြုလုပ်
ခဲ့ သော ရဲတပ်ဖွဲ့ဝင်တို့ အချင်းပွားရာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ကျေးရွာသား ၁၀ ဦးထက်
မနည်း ဒဏ်ရာရရှိသွား ကြောင်း သိရသည်။
"မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားခုတ်ခံရတဲ့ဒဏ်ရာနဲ့ ဒီနေ့ဆုံးသွားပါတယ်။ ဒဏ်ရာရရဲတပ်ဖွဲ့ဝင်
၂၉ ဦးရှိပြီး ရွာသားတွေဘက်က ၁၁ ဦး ဆေးရုံ တင်ထားရပါတယ်။ အခုအချိန်ထိတော့ သိမ်မွေ့
ညင်သာစွာနဲ့ဖြေရှင်းဖို့ ကြိုးစား နေပါတယ်။ ဒီနေ့အခြေအနေကတော့ ဒီကလွှတ်တော် ကိုယ်စား
လှယ်တွေရော၊ ပါတီတွေရော၊ လယ်သမားအသင်းတွေ ရော၊ လူမှုကူညီရေးအသင်းအဖွဲ့တွေ
စုစုပေါင်း ၂၁ ဖွဲ့လောက် အင်အားနဲ့ပါ ကူညီနေတယ်"ဟု မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး
ဦးညီညီလင်းက ယခုလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
ပလောင်၊ အဓိတ်၊ ပပင်၊ ဇီးကုန်း၊ ကိုဒိုင်းကလေး စသည့် ရွာငါးရွာမှ ကျေးရွာသူရွာသားများမှာ
ဖေဖော်ဝါ ရီလ ၂၁ ရက်နေ့မှ စတင်၍ ၁၉၉၆ ခုနှစ်က ဆုံးရှုံးခဲ့ရသော ၎င်းတို့၏ လယ်ယာမြေများ
ကို ပြန်လည်ရရှိရန် တောင်းဆို ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး ခြောက်ရက်မြောက်သော ဖေဖော်ဝါရီလ
၂၆ ရက်နေ့ တွင် မအူပင်ခရိုင်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါနေ့ ညနေ ၅
နာရီအချိန်ခန့်တွင် ရဲတပ်ဖွဲ့က လူစုခွဲရန် ကြိုးပမ်းစဉ် ရွာသားများနှင့်ရဲတပ်ဖွဲ့ဝင်တို့အကြား
ရိုက်နှက်မှုများ၊ ရော်ဘာကျည်ဆန်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။ အခြေအနေက ငါးကန်တွေချိုးတာ
တို့၊ မီးတွေရှို့တာတို့ လုပ်လာပြီး အပြုအမူတွေကလည်း ကြမ်းတမ်းလာတယ်။ ရွာသားတွေရဲ့
တောင်းဆိုမှုကနေ ပဋိပက္ခအသွင်ဖြစ်လာတယ်။ အဲဒီကနေမှ အကြမ်းဖက် ဆန့်ကျင်တဲ့ အသွင်ကို
ဆောင်လာပါတယ်။ အဲဒါကြောင့် အခြေအနေတွေကို ထိန်းနိုင်အောင် ဥပဒေပညာရှင်တွေနဲ့
တိုင်ပင်ပြီး ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ရပါ တယ်။
"ဥပဒေနဲ့အညီ ပုဒ်မထုတ်ပြီးသွားပေမယ့် လူစုမကွဲသေးတဲ့အတွက် ညနေပိုင်းမှာ ရဲတွေက ဒိုင်းတွေ
နဲ့တိုးပြီး လူစုကွဲအောင်လုပ်တယ်။ လူတွေက ဖယ်ပေးလိုက်ပြီးတော့ ရဲတွေလွန်သွားပြီဆိုမှ ၀ုိင်း
ရိုက်တဲ့အနေအထားမျိုးဖြစ်သွားတယ်။ ပထဝီအနေအထားအရ အခင်းဖြစ်တဲ့ နေရာက ကျဉ်းကျပ်
တော့ ရဲတပ်ဖွဲ့ဝင်အတော်များများ ထိခိုက်ဒဏ်ရာရတယ်။ အဲဒီမှာ ရဲတွေက ရော်ဘာကျည်ဆန်
တွေနဲ့ ပြန်ပစ်တယ်။ ရွာသား ၁၅၀ နီးပါး ကို ရဲအင်အား ၁၀၀ နဲ့ လူစုခွဲ ခဲ့တာပါ"ဟု ဦးညီညီလင်း
က ပြောသည်။
သို့သော် အဆိုပါဖြစ်ရပ်တွင် ပါ၀င်ခဲ့သူ ပလောင်ရွာမှ ကိုမောင်ကြိုင်ကမူ ရဲတပ်ဖွဲ့ဝင်များဘက်က
ကျေးရွာသူ အမျိုးသမီးများအား စတင်ရိုက်နှက်သဖြင့် ရွာသားများက ပြန်လည်ခုခံရာမှ ဖြစ်ပွားခြင်း
ဖြစ်သည်ဟု ဆိုသည်။
"ကျွန်တော်တို့ လုပ်ကိုင်နေရင်းကနေ ယူသွားတဲ့ လယ်တွေကို တကယ်လည်း ဘာမှမလုပ်ထားပါ
ဘူး။ နှစ်ပေါင်းများစွာ အဲဒီမြေအများစုကို ပစ်ထားပြီးတော့ လယ်ယာမြေတွေမှာ ရေတွေ ၀င်နေ
တယ်။ မြက်ပင်၊ ပေါင်းပင် အရှည်ကြီးတွေ ပေါက်နေတယ်။ အဲဒီတော့ လယ်စိုက်လို့ ရအောင်ဆိုပြီး
ကျွန်တော်တို့ ၂၂ ရက်နေ့က ရေတွေထွက်သွားအောင် တာရိုးတွေ ဖောက်ချလိုက်တယ်။ မြက်ပင်၊
ပေါင်းပင်တွေကို မီးရှို့ ရှင်းလင်းတယ်။ ၂၃ ရက်လောက်ကတည်းက ရဲတွေရောက်လာပြီး နောက်
ဆုတ်ပေးဖို့၊ လုပ်ထားတဲ့ မြောင်းတွေ ပြန်ပိတ်ပေးဖို့တွေ ပြောတယ်။ နောက်ပြီး ၀ါးစည်းရိုးကာပြီး
ရွာသား တွေ ၀င်မလာဖို့ပြောတယ်။ ကျွန်တော်တို့ မဝင်ပါဘူး။ ၂၆ ရက်နေ့ ညနေမှာတော့ ရဲတွေ
က အဲဒီ ၀ါးစည်းရိုးကနေ ထွက်လာပြီး လူစုခွဲတယ်။ ကျွန်တော်တို့ နှစ်ဖက်ခွဲပြီး ရှောင် ပေးလိုက်
တော့ အမျိုးသမီးတစ်ယောက်ကို စရိုက်တယ်။ ကျွန်တော်တို့ဘက်က ပြန်ခုခံတော့ သေနတ်နဲ့
စပစ်တယ်" ဟု ကိုမောင်ကြိုင်က ပြောသည်။
စုစုပေါင်း ဧက ၄၆၀ ကျော် အဆိုပါလယ် မြေများမှာ ယခင်က မြေလွတ်မြေရိုင်းများ ဖြစ်ခဲ့ဖူးပြီး
ညောင်တုန်းကျွန်း ရေနက်ကွင်းဖော်ထုတ်ရေးစီမံကိန်းဟု ဆိုကာ လယ်စိုက်စေခဲ့ကြောင်း၊
ရွာလေးရွာမှ လယ်သမား ၂၀၀ ကျော်မှာ အဆိုပါ မြေများအား ကိုယ်တိုင်ခုတ်ထွင်ရှင်းလင်းကာ
လယ်ယာမြေအဆင့်ရောက်အောင် ပြုပြင်စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို သုံးနှစ်
လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် အော့ချတ်ဒ်ကုမ္ပဏီက ၎င်းတို့ပိုင်မြေများဖြစ် သည်ဟုဆိုကာ
သိမ်းယူခဲ့ကြောင်း၊ လယ်ယာမြေများအား မြေတူးစက်ဖြင့် ဖျက်ဆီးခဲ့ပြီး အများစုကို အသုံးမချဘဲ
ထားခဲ့ကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်တို့ ငါးကန်တွေကို ဖျက်ဆီးခဲ့တာ မဟုတ်ဘူး။ တကယ် ငါးမွေးတဲ့ကန်၊ ငါးရှိတဲ့ကန် က
မီးရှို့လို့မရဘူး။ ကျွန်တော်တို့က ဘာမှမလုပ်ဘဲထားတဲ့ နွံတွေနဲ့ ကန်ကိုပဲ ရေဖောက်ချခဲ့ တာ"ဟု
ပလောင်ရွာမှ ကိုကျော်ဌေးက ပြောသည်။
"ကျွန်တော့်ကို ချွန်တဲ့အရာတစ်ခုခုနဲ့ ထိုးလိုက်တယ်။ အခြေအနေက ရှုပ်နေတော့ ဓားလား၊
ဘာလဲမသေချာဘူး။ သေနတ်မှန်တာ နှစ်ယောက်ရှိတယ်။ ရော်ဘာကျည်ဆန်ဆိုပေ မယ့် ၀ါးကိုင်း
တောင်ပြတ်တယ်။ ၁၉၉၆ တုန်းက ကုမ္ပဏီနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး သိမ်းလိုက်တော့
ကျွန်တော်တို့တွေ နေ့စား လုပ်လိုက်၊ စပါးရိတ်ချိန်ကျရင် သွားကူလိုက်၊ ၀ုိင်းလုပ်ဝိုင်းစားအဖြစ်နဲ့
နေခဲ့ရတယ်။ ဘယ်မှလည်း တိုင်လို့ ပြောလို့မရခဲ့ဘူး"ဟု တံတောင်ဆစ်နှင့် လက်ဖျံမှ ဒဏ်ရာများ
ကြောင့် မအူပင် ဆေးရုံတွင် တက်ရောက်ကုသနေသူ ကိုကျော်ဌေးက ပြောသည်။
"လက်ရှိအခြေအနေကတော့ ဆေးရုံတင် ထားရတာ ရွာသား ၁၅ ဦး ရှိပါတယ်။ အမျိုးသမီး ငါးဦး
ပါတယ်။ အပြင်မှာလည်း ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိနေပါတယ်။ ဆေးရုံတင်ရတဲ့အထိ မဟုတ်
ပေမယ့် လန့်ပြီး တောထဲမှာ သွားပုန်းနေတဲ့သူတွေထဲမှာရော၊ အပြင်မှာ ရှိနေတဲ့သူတွေထဲမှာပါ
ဒဏ်ရာရသူတွေ တော်တော်များများ ရှိတယ်"ဟု ဒဏ်ရာရသူများအား ဆေးကုသရန်အတွက်
အကူအညီပေး နေသော မအူပင်မြို့နယ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းကွန်ရက် (Maubin
NGO network)မှ ကိုသူက ယခုလ ၂၇ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
"ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ ဆိုတာ အကျဉ်းချုံးပြောရရင်တော့ တားဆီးနှောင့်ယှက်ထိခိုက်ခြင်း
ဖြစ်သည့်အရာကို ဖြစ်စေ၊ ဟန့်တား နှောင့်ယှက်ခြင်းဖြစ်သည်ဟု စိုးရိမ်ရန်ရှိ သည့်အရာကိုဖြစ်စေ၊
လူ့အသက်၊ ကျန်းမာမှု၊ သို့မဟုတ် လုံခြံုမှုကို ထိခိုက်အန္တရာယ်ဖြစ်စေမည့် လက္ခဏာရှိသည့်အရာ
ကိုဖြစ်စေ စသဖြင့် မဖြစ်ပွားစေရန် တားဆီးနိုင်တဲ့ ဥပဒေလို့ ပြော နိုင်ပါတယ်။ အသေးစိတ်ကိုတော့
ဥပဒေစာအုပ်ထဲမှာ သေချာလေ့လာမှရမယ်။ ဒီဥပဒေကို ရုန်းရင်းဆန်ခတ်မှု လက်စွဲပါ စာအုပ်နဲ့
အညီ တာဝန်ပေးအပ်ခံရတဲ့ တရားသူကြီး၊ သို့မဟုတ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအရာရှိ
တစ်ဦးဦးက ဆောင်ရွက်နိုင်တယ်"ဟု တရားလွှတ်တော်ရှေ့နေ၊ စာရေးဆရာ ဦးဟန်ညွန့် (ဥပဒေ)
က ပြောသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလင်းကမူ ယခုကိစ္စသည် ယခင်အစိုးရလက်ထက် မြေယာ အမှုမှ
စတင်ခါ ဖြစ်ပွားလာခြင်းဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာမြေကော်မရှင်
များနှင့် ညှိနှိုင်း၍ တရားသဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။















