ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အာရှဆင်ကောင်ရေ သိသာစွာကျဆင်း

ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အာရှဆင်ကောင်ရေ သိသာစွာကျဆင်း

မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားတွင် ဆင်များ ပျံ့နှံ့ကျက်စားလေ့ရှိသော်လည်း နှစ်ပေါင်း ၂၀ အတွင်း
ဆင်ကောင် ရေ ၂,၀၀၀ နီးပါး ကျဆင်းသွားကြောင်း သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်
ထိန်းသိမ်းရေးဌာနမှ သိရသည်။

ယခုကဲ့သို ကျဆင်းသွားရသည့် အဓိကအချက်မှာ ဆင်မုဆိုးများ၏ ပစ်မှတ်ဖြစ်သော မျိုးပွားခြင်း
တွင် အဓိက ကျသည့် ဆင်ထီးများ ဦးရေ ကျဆင်း သွားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အာဖရိကဆင်နှင့် အာရှဆင် နှစ်မျိုးရှိရာ မြန်မာနိုင်ငံ၌ အာရှဆင်များ နေထိုင်ကျက်
စားလေ့ရှိပြီး ယခုကဲ့သို့ ဆင်ထီးများသည် မုဆိုးများ၏ အဓိကသားကောင် ပစ်မှတ်ဖြစ်ရခြင်းမှာ
အာရှဆင်များ၏ ဆင်ထီးများတွင်သာ အစွယ်ပါရှိသောကြောင့် ဖြစ်သည်။

၁၉၆၀ ပြည့်နှစ်မှ ၁၉၇၀ အတွင်း တောဆင်ရိုင်းကောင်ရေ ၆,၀၀၀ ကျော်ရှိပြီး ပြည်နယ်နှင့်တိုင်း
ဒေသကြီးများ၌ စာရင်းကောက်ယူမှုအရ ၁၉၉၁ တွင် ဆင်ကောင်ရေ ၄,၆၃၉ ရှိပြီး လက်ရှိတွင်
၃,၀၀၀ ခန့်သာရှိမည်ဟု ခန့်မှန်းထားရာ နှစ် ၂၀ အတွင်း ဆင်ကောင်ရေ ၂,၀၀၀ နီးပါးခန့် သိသာစွာ
ကျဆင်းလာကြောင်း သိရသည်။

"ဆင်ကောင်ရေ ကျနေတယ်ဆိုတာကတော့ အမှန်ပဲ။ အစိုးရစာရင်းအရ လက်ရှိမှာ ဆင်ကောင်ရေ
၃,၀၀၀ ကျော်လောက် ခန့်မှန်းထားပေမယ့် ပြင်ပကလည်း ၂,၅၀၀ လောက် ရှိမယ်လို့ ခန့်မှန်း ပြော
ဆိုတာတွေရှိတယ်"ဟု တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေများ အသင်းမှ စီမံကိန်းအရာရှိ
ဦးနေမျိုးရွှေ က ပြောသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဆင်ပစ်ခတ်သတ်ဖြတ်ခံရမှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံရ
သည့် အဓိကအကြောင်းရင်းမှာ ဆင်စွယ်လိုချင်သော ကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း ဆင်ပစ်ခတ်သတ်ဖြတ်ခံရမှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း
သိရသည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ တစ်လအတွင်းမှာပင် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ တောဆင်ရိုင်း
သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။

"အခုနောက်ပိုင်းမှာ ဆင်တွေကို ဂိုဏ်းဖွဲ့ပြီး ဖမ်းဆီးပစ်ခတ်လာတာ တွေ့ရတယ်။ ဆယ်စွယ်နဲ့လုပ်
တဲ့ပစ္စည်းတွေက တန်ဖိုးကြီးတယ်။ ဆင်စွယ်နဲ့လုပ်တဲ့ ပန်းပု၊ ဆံထိုး၊ သွားကြားထိုးတံ စတဲ့ ပစ္စည်း
တွေအပြင် တိုင်းရင်းဆေးဖော်တဲ့ နေရာတွေမှာလည်း သုံးကြတယ်။ အထူးသဖြင့် ဂျပန်တွေဆိုရင်
ဆင်စွယ်နဲ့လုပ်တဲ့ တူကို အရမ်းကြိုက်တယ်"ဟု ဦးနေမျိုးရွှေက ပြောသည်။

မြန်မာနိုင်ငံ၌ အာရှဆင်များအား တောရိုင်းတိရစ္ဆာန်အဖြစ် ဥပဒေအရ ကာကွယ်ထားပြီး မြန်မာနိုင်ငံ
အဖွဲ့ဝင် ဖြစ်သည့် မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များဆိုင်ရာ နိုင်ငံ
တကာကုန်သွယ်မှု ကွန်ဗင်းရှင်း(ဆိုက်တီး)၏  Appendix(I) အရလည်း ဆင်နှင့် ၎င်း၏ ကိုယ်
အင်္ဂါ အစိတ်အပိုင်းများအား ရောင်းဝယ် ဖောက်ကားမှုကို လုံးဝတားမြစ်ထားသည်။

ဆင်များအား ပစ်ခတ်ဖမ်းဆီးမှုနှင့် ၎င်းတို့၏အစိတ်အပိုင်းများအား တရားမဝင် ရောင်းဝယ်ခြင်းများ
တွေ့ရှိရပါက တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ
ထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ် ခုနစ်နှစ်အထိ၊ ကျပ်ငါးသောင်း၊ သို့မဟုတ် ထောင်ဒဏ်၊
ငွေဒဏ် နှစ်ရပ်စလုံး ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

သို့သော် ဆင်စွယ်တစ်ပိဿာ၏ လက်ရှိကာလပေါက်ဈေးမှာ ကျပ်ငါး သိန်းကျော်ရှိပြီး ၁၅ ပိဿာ
အလေးချိန်ရှိသည့် ဆင်စွယ်တစ်ခုလျှင် ကျပ်သိန်း ၆၀ မှ ၁၀၀ ကြားရှိသဖြင့် တရားမဝင် ဖမ်းဆီး
သတ်ဖြတ်မှုများ ပိုမိုများလာခြင်း ဖြစ်ကြောင်း သိရသည်။

အများအားဖြင့် ဆင်စွယ်ဖြင့် ပြုလုပ်ထားသော ပစ္စည်းများအား ကမ္ဘာလှည့် ခရီးသွားများ အဓိက
ဦးတည်သော ဘုရားပုထိုးများနှင့် လေဆိပ်များရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင် ရောင်း
ချနေသည့်အပြင် မန္တလေး၊ မြဝတီ၊ တာချီလိတ် စသည့် နယ်စပ်မြို့များ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ
များသို့ တရားမဝင် ရောင်းဝယ်မှုပြုလုပ်နေ ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ မှ ဆင်စွယ်ပစ္စည်းများကိုလည်း မြန်မာ နိုင်ငံမှတစ်ဆင့် နယ်စပ်နိုင်ငံများသို့
ရောင်းဝယ်ခြင်းလည်းရှိသည်။

မြန်မာနိုင်ငံ၌ တောဆင်ရိုင်းများအား တရားမဝင် သတ်ဖြတ်မှုနှင့် ၎င်းတို့၏ အစိတ်အပိုင်းများအား
တရားမဝင် ရောင်းဝယ်မှုများ မြင့်တက်လာခြင်းမှာ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏
တရားဥပဒေအရ ထိရောက်စွာ နှိမ်နင်းမှုအားနည်းခြင်းကြောင့် ဖြစ်ကြောင်း ၂၀၀၈ ခုနှစ်၌ ထုတ်ပြန်
သော တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့ (TRAFFIC) ၏
အစီရင်ခံစာတွင် ဖော်ပြထားသည်။

"မြန်မာနိုင်ငံက အာရှဆင်တွေ အခုလို တရားမဝင် ဖမ်းဆီးသတ်ဖြတ် ခံနေရတာတွေဟာ ဒီဆင်
တွေ မျိုးသုဉ်းစေဖို့ ဦးတည်နေတာပါပဲ"ဟု IUCN အဖွဲ့၏ အာရှဆင်များဆိုင်ရာ ကျွမ်းကျင်သူ ပူးတွဲ
ဥက္ကဋ္ဌ Mr.Ajay Desai က ပြောသည်။

"တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ဖမ်းဆီးရောင်းဝယ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေက ရှိပြီးသားပါ။
ဥပဒေအရဆိုရင် ထောင်ဒဏ် ခုနစ်နှစ်အထိချလို့ရတာ တွေရှိတယ်။ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်
ပေးတာမျိုး လုပ်သင့်တယ်" ဟု ဦးနေမျိုးရွှေက ပြောသည်။

အစိုးရဌာနအနေဖြင့် လက်ရှိတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်မှုများနှင့် ပတ်သက်
သော ဥပဒေများအား ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် နိုင်ငံ
တွင်းနှင့် နယ်စပ်ဖြတ်ကျော် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုများ ထိန်းချုပ်ရန် 'နိုင်ငံအဆင့်
တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင်ရောင်းဝယ်မှုများ ဥပဒေအရ ထိရောက်စွာ
အရေးယူတားဆီးရေး လုပ်ငန်းအဖွဲ့'ကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိ
ကြောင်း သိရသည်။

"ဌာနအနေနဲ့ တရားမဝင် ရောင်းဝယ်တာကို ဖမ်းဆီးရတာ မရှိပါဘူး။ တပ်မတော်နဲ့ ပူးပေါင်းစစ်ဆင်
ရေးမှာ ဖမ်းဆီးရမိတဲ့ မှတ်ပုံတင်မဲ့ လေ့ကျင့်ပြီး ဆင်လက်ခံတာ၊ ပုဂ္ဂလိကကို ဆင်ဖမ်းခွင့် ပြုပြီး ပိုမို
ဖမ်းထားတဲ့ ဆင်တွေကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့တယ်"ဟု သဘာဝဝန်းကျင်နှင့် သား
ငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောသည်။

"လေဆိပ်အချို့နဲ့ ဈေးအချို့မှာ ရောင်းဝယ်နေတဲ့ ဆင်စွယ် အစိတ်အပိုင်းတွေကိုလည်း ကာလ
စည်းမျဉ်း တစ်ခုသတ်မှတ်ပြီး အတုအစစ်ခွဲခြားပြီး တရားဝင်ဖြစ်လာစေဖို့ စီစဉ်သွားမယ်"ဟု ၎င်းက
ပြောသည်။

အာရှတွင် မြန်မာနိုင်ငံသည် ဒုတိယ ဆင်ကောင်ရေ အများဆုံးပိုင်ဆိုင်သော နိုင်ငံဖြစ်ပြီး တောဆင်
ကောင်ရေ အများအပြားနေထိုင်ကျက်စားသည့် နယ်မြေများဖြစ်သည့် ရွှေဥဒေါင်း ဘေးမဲ့တော၊
အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်၊ ရခိုင်ရိုးမ ဆင်ဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း
တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့ကို သဘာဝနယ်မြေများအဖြစ် သတ်မှတ်ထားကြောင်း သိရ
သည်။

ထို့ပြင် ပဲခူးရိုးမ၌ မြောက်ဇာမရီ ဆင်ထိန်းသိမ်းရေး သဘာဝနယ်မြေ အဖြစ် ထူထောင်ရန် စီစဉ်
လျက်ရှိ ကြောင်း သိရသည်။

ဆင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လက်ရှိရင်ဆိုင်ရသော အခက်အခဲများမှာ ဂေဟစနစ် ကျဉ်း
မြောင်းလာခြင်း၊ တရားမဝင် အမဲလိုက် သတ်ဖြစ်ခြင်းနဲ့ ဆင်စားကျက်နယ်မြေများအတွင်း ရွှေ
သတ္တုတူးဖော်ခြင်း၊ လူများဝင်ရောက် နေထိုင်ခြင်း၊ ဆင်ကူးသန်းရာ လမ်းကြောင်းများ
ပြတ်တောက်သွားခြင်း စသည်တို့ကြောင့်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး