အခက်အခဲများရှိနေသော်လည်း သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအား ရပ်ဆိုင်းရန် အစီအစဉ်မရှိဟု ဂျပန်ပြောကြား

အခက်အခဲများရှိနေသော်လည်း သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအား ရပ်ဆိုင်းရန် အစီအစဉ်မရှိဟု ဂျပန်ပြောကြား

သန်လျင်နှင့် ကျောက်တန်းမြို့နယ်တို့၌ တည်ဆောက်မည့် သီလဝါ အထူးစီးပွား ရေးဇုန်စီမံကိန်းကို
လက်ရှိဒေသခံများ နှင့် ညှိနှိုင်းရန် ကြိုးစားနေသောကြောင့် လုပ်ငန်းများ မစတင်နိုင်သေးသော်
လည်း အဆိုပါအထူးစီးပွားရေးဇုန်ကို ရပ်ဆိုင်းမည့် အစီအစဉ်မရှိဟု ဂျပန်နိုင်ငံ အစိုးရကိုယ်စား
မြန်မာပြည်ဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"လက်ရှိ အခက်အခဲတွေ၊ ပြဿနာ တွေကို တွေ့ကြံုနေရတာ မှန်ပေမယ့် သီလဝါအထူးစီးပွားရေး
ဇုန်ကို ရပ်ဆိုင်းပစ်ဖို့အတွေးတော့ မရှိပါဘူး။ ဒီစီမံကိန်းကို အကောင်အထည်ဖော်မှာပါ" ဟု မြန်မာ
နိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Minister-Counsellor/ Deputy Chief of Mission မစ္စတာ အီချိရို
မာရူယာမာ က မတ်လ ၁ ရက် မြန်မာတိုင်း(မ်)နှင့် သီးသန့်တွေ့ဆုံစဉ် ပြောသည်။

"ဒီစီမံကိန်းက မြန်မာပြည်နဲ့ မြန်မာ ပြည်သူတွေအတွက်ရော၊ ဂျပန်အတွက်ရော အရမ်းကို အရေး
ကြီးပါတယ်။ ဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး ပြည်သူလူထုရဲ့ နားလည်မှုနဲ့
ထောက်ခံမှုကို လိုချင်ပါတယ်။ နားလည်မှုနဲ့ပဲ အဆင်ပြေအောင် ဆောင်ရွက်ချင်ပါတယ်"ဟု ၎င်းက
ဆက်လက် ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း မြေသည် မြန်မာပြည်ပိုင်နက်ရှိ မြန်မာ အစိုးရပိုင်မြေဖြစ်သည့်
အတွက် မြန်မာအစိုးရကသာ ဖြေရှင်းရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"မြေက အစိုးရပိုင်ဆိုတော့ ဒီလို ကန့်ကွက်မှုတွေရှိလာတဲ့အခါ ဖြေရှင်းရမှာ က မြန်မာအစိုးရပါ။
ဒီစီမံကိန်းက အစိုးရ နဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်တာမို့ ကန့်ကွက်မှုတွေကို
ရှင်းရတဲ့အခါ မြန်မာအစိုးရကပဲ အဓိက တာဝန်ရှိနေပါတယ်။ ဒါပေမဲ့ လိုအပ်တယ်ဆိုရင် ဂျပန်
ဘက်က အကြံဉာဏ် တွေ ပေးချင်ပါတယ်"ဟု မစ္စတာ အီချိရို မာရူယာမာက ပြောသည်။

နှစ်နိုင်ငံပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ လုပ်သည့်အခါ အစိုးရ နှင့် ပြည်သူအကြား
ကန့်ကွက်မှုများရှိ လာခြင်းသည် မည်သည့်နိုင်ငံတွင်မဆို ကြံုတွေ့ရနိုင်သည့်ကိစ္စများဖြစ်သော
ကြောင့် ၎င်းတို့အနေဖြင့် နားလည်နိုင် ကြောင်းနှင့် ယခုကိစ္စကိုမူ မှန်ကန်သော နည်းလမ်းဖြင့်
အမြန်ဆုံးဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

"ဒီစီမံကိန်းက မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်သလို ဂျပန်ဘက်ကလည်း သိပ်ပြီး အတွေ့အကြံု
ရှိသေးတာမဟုတ်ဘူး။ တောင်သူလယ်သမား ပြဿနာတင်မကပါဘူး။ တခြားပြဿနာတွေလည်း
အများကြီး ရှိနေနိုင်ပါတယ်။ ဒါက ဘယ် နိုင်ငံမှာမဆို ဒီလိုလုပ်ငန်းတွေလုပ်ရင် ကြံုတွေ့ရနိုင်တဲ့
ကိစ္စပါ။ ကျွန်တော်တို့ နားလည်ပါတယ်"ဟု ၎င်းက ဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ပေါ်လာပါက အရှေ့တောင်အာရှတွင် ဒုတိယအကြီး
ဆုံး စီးပွားရေးဇုန်ဖြစ်လာလိမ့်မည်ဟု ခန့်မှန်း ပြောဆိုနေကြသည့်အလျောက် အဆိုပါ စီမံကိန်းကို
အခက်အခဲများကြားမှ စံပြ စီမံကိန်းအဖြစ် ဂျပန်နိုင်ငံအနေဖြင့် မြန်မာစိုးရနှင့် ပူးပေါင်းဆောင်ရွက်
လို ကြောင်း ၎င်းကပြောသည်။

"ဒီစီမံကိန်းအတွက် တခြားအခက်အခဲတွေဆိုရာမှာ မီးပုံမှန်မလာဘူး၊ ရေ အခက်အခဲ၊ ဆက်သွယ်
ရေး အခက်အခဲ၊ အခြေခံအအောက်အအုံ မရှိသေးတာ တွေ ရှိနေတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဂျပန်
အစိုးရကတာဝန်ယူပြီး သီလဝါ စီးပွားရေးဇုန်ကို ဆောက်လိုက်ရင် နိုင်ငံတကာက ကုမ္ပဏီတွေပါ
စိတ်ချလက်ချ ၀င်လာနိုင်တယ်။ မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ အများကြီး
ရှိတယ်။ မြန်မာနိုင်ငံမှာ ဒီဇုန်မျိုးတစ်ခုမှ မရှိသေးဘူး။ တကယ်ကောင်းအောင် စံပြဖြစ်အောင်
ဆောက်ချင်တယ်။ မြန်မာ နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဆိုပေမယ့် အခုအချိန်မှာ အစိုးရကလည်း အများ
ကြီး ပြုပြင်ပြောင်းလဲနေတယ်။ မြန်မာပြည်သူ တွေဟာ ကြိုးစားလိုစိတ်ရှိတယ်၊ စည်းကမ်းရှိတယ်၊
ကြိုးစားတယ်။ အချိန်ခဏအတွင်းမှာ အများကြီး ဖွံ့ဖြိုးတိုးတက်သွားမယ်လို့ ကျွန်တော် တကယ်
ယုံကြည်တယ်"ဟု မစ္စတာအီချိရို မာရူယာမာက ပြောသည်။

စက်ရုံများအတွက် လိုအပ်သော ကျွမ်းကျင်ပညာရှင်နှင့် နည်းပညာရှင်များကို ဂျပန်နိုင်ငံမှ ခေါ်
ဆောင်လာမည် ဖြစ်သော်လည်း အုပ်ချုပ်ရေးပိုင်းတွင် ဂျပန်လူမျိုးများနှင့်သာ အုပ်ချုပ်သွားရန်
စိတ်ကူးမရှိဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ စက်ရုံဆောက်ဖို့ သက်သက်လာမှာ မဟုတ်ပါဘူး။ နည်းပညာတွေပါ လက်ဆင့်
ကမ်းမှာပါ။ နည်းပညာမလိုတဲ့ အလုပ်သမား၊ နည်းပညာသုံးတဲ့ အလုပ်သမား၊ အုပ်ချုပ်ရေးပိုင်း
ဆိုပြီး ရှိရာမှာ အကုန်လုံး ဂျပန်လူမျိုးနဲ့လုပ်လို့ မရဘူး။ အစပထမပိုင်းမှာတော့ ဂျပန် လူမျိုးရှိမယ်။
နောက်ပိုင်းမှာတော့ မြန်မာလူမျိုးထဲကပဲ နည်းပညာရတဲ့ ၀န်ထမ်းကို မွေးထုတ်ရမှာပါ။ ဒါ မြန်မာ
နိုင်ငံပါ။ ကျွန်တော်တို့အနေနဲ့ မြန်မာလူမျိုးတွေ မပါဘဲ လုပ်လို့မရဘူး။

"မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံအများစုဟာ အထည်ချုပ်စက်ရုံတွေပါ။ အထည်ချုပ်ဟာ နည်းပညာမလို
ဘူး။ စက်ပဲချုပ်တတ်ရင် ရပြီ။ ဒါကြောင့် မြန်မာလူမျိုး အလုပ်သမားတွေဟာ ဒီလိုနေရာမျိုး တွေမှာ
ပဲ ရှိနေရတာ။ ဂျပန်က ဒါမျိုး မဆောက်ချင်ဘူး။ ဥပမာဆို မော်တော်ကားစက်ရုံပေါ့။ မော်တော်ကား
စက်ရုံဟာ နည်းပညာ အရမ်းသုံးရတယ်။ နည်းပညာလက်ဆင့်ကမ်းနိုင်မယ့် ဒီလိုစက်ရုံ မျိုးကိုပဲ
ဆောက်ချင်တယ်" ဟု မစ္စတာ အီချိရို မာရူယာမာက ပြောသည်။

ဂျပန်နိုင်ငံအနေဖြင့် အဆိုပါစီးပွားရေးဇုန် တည်ဆောက်ရာတွင် နည်းပညာ သင်တန်းကျောင်းများ
ကိုပါ ထည့်သွင်းတည်ဆောက်ရန် ရည်ရွယ်ထားပြီး အရည်အသွေးမြင့် ၀န်ထမ်းများ မွေးထုတ်သွား
ရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

"အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ပေါ်ပေါက်လာမယ်ဆိုပေမယ့် ဒီအတိုင်းပေးမှာကို
ပြောတာမဟုတ်ပါဘူး။ ကောင်းတဲ့အလုပ်ဆိုတာ ကြိုးစားမှ ရနိုင်မှာပါ" ဟု ၎င်းကပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန်အတွက် သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု အကဲဖြတ်မှု
(Environmental Impact Assessment - EIA) များကို မကြာမီစတင်သွားမည်ဖြစ်ပြီး မိုးရာသီ
အမီ ပြုလုပ်ချင်ကြောင်း ၎င်းကပြောသည်။

"သဘာဝလေ့လာရေးက အနည်းဆုံး ခြောက်လတော့ ကြာမယ်။ မကြာခင် စလုပ်တော့မယ်။
မိုးတွင်းမရောက်ခင်ကတည်းက စပြီး မိုးတွင်းမှာပဲ လုပ်ချင်ပါတယ်။ အဲဒါဆို ရှစ်လပိုင်း၊ ကိုးလပိုင်း
လောက်ဆိုပြီးပြီ။ ဒါပြီးမှ ဖွံ့ဖြိုးရေးတွေ စလုပ်နိုင်မှာဖြစ်တယ်"ဟု မစ္စတာအီချိရို မာရူယာမာက
ပြောသည်။

"ဒီမှာစက်ရုံတွေများတယ်။ ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ ကုမ္ပဏီအများစုက ကိုယ်ကျိုးအတွက်ပဲ
အလုပ်လုပ်ချင်ကြတယ်။ သီလဝါကို အဲဒီလိုမဖြစ်စေချင်ဘူး။ စံပြစီးပွားရေးဇုန်တစ်ခု ဖြစ်စေချင်ပါ
တယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး