စာသင်ကျောင်းများ၌ တိုင်းရင်းသားဘာသာစကားကို မူလတန်းကလေးများ၏ သင်ယူနိုင်မှုစွမ်းရည်
အလိုက် ကျောင်းချိန်ပြင်ပတွင် သင်ကြားပေးရန် လျာထားကြောင်း ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက မတ်လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော တိုင်းရင်းသား
ဘာသာ သင်ကြားရေး ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။
မူလတန်းအောက်အဆင့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ကျောင်းသား၊ ကျောင်းသူများအား
တိုင်းရင်းသားစာ သင်ကြားနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များထဲတွင်ပါသည့် သင်ခန်းစာများ
ကို မွန်၊ စကော ကရင်၊ အရှေ့ပိုးကရင်၊ အနောက် ပိုးကရင်၊ ကယား၊ ကယော၊ ကယန်း၊ ပလောင်၊
လားဟူ၊ တီးတိန် ချင်း၊ ဟားခါး ချင်း၊ ဖလမ်းချင်း၊ တိုင်းလုံရှမ်း၊ ဂုံရှမ်း၊ တိုင်းလိုင်ရှမ်း၊ တိုင်းခန္တီးရှမ်း၊
တိုင်းဆာ ရှမ်း၊ ဂျိမ်းဖောကချင်၊ လာချိဒ်ကချင်၊ ရဝမ် ကချင်၊ လီဆူးကချင်၊ ဇိုင်ပါးကချင်၊ လော်ဝေါ်
ကချင်၊ ရခိုင်၊ ခမီ၊ သက်၊ ပအိုးဝ်၊ ဓနု၊ အင်းသားစာပေများဖြင့် အစု အဖွဲ့အလိုက် စုဆောင်းနေကြပြီ
ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် အခြားကျန်ရှိနေသော သက်ဆိုင်ရာ တိုင်းရင်းသားဘာသာများအတွက် ကျွမ်းကျင်သူများက
ဆက်သွယ်ပါက ဘာသာရပ်ကျွမ်းကျင်သူများနှင့် ညှိနှိုင်းကာ ကျောင်းသုံးစာအုပ် သင်ခန်းစာများ
ပြုစုပေးသွားမည်ဖြစ်သည်။
တိုင်းရင်းသားဘာသာစကား စာပေ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများသည် ပြည်ထောင်စု၏
အမွေအနှစ်များပင်ဖြစ်ပြီး ယင်းအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ပေးမှသာ
တိမ်ကောပပျောက်မသွားဘဲ ခိုင်မြဲတည်တံ့ ရှင်သန်နေမည်ဖြစ်၍ မျက်မှောက်ကာလ တိုင်းရင်းသား
လူငယ် မောင်မယ်များအား တိုင်းရင်းသား ဘာသာစကား၊ စာပေများ သင်ကြားပေးရန် လိုအပ်လာ
ပြီဖြစ်သည်ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဆိုပါဆွေးနွေးပွဲ၌ ပြောသည်။
တိုင်းရင်းသားဘာသာစကား၊ စာပေသင်ကြားမှုများနှင့်ပတ်သက်ပြီး ခေတ်အဆက်ဆက် ဆောင်
ရွက်ခဲ့သော်လည်း ၁၉၈၁-၈၂ ပညာသင်နှစ်မှစပြီး သူငယ်တန်းတွင် အင်္ဂလိပ်စာ စတင်သင်ကြား
ပေးချိန် တိုးလာခြင်းကြောင့် တိုင်းရင်းသားဘာသာသင်ချိန် မပါရှိတော့သည် ကို ယနေ့ထက်တိုင်
အောင် တွေ့ရှိရသည်ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
အခြေခံပညာကျောင်းများ၌ တိုင်းရင်းသား ဘာသာစကားနှင့် စာပေများသင်ကြားရေးအစီအစဉ်ကို
လာမည့် ပညာသင်နှစ်တွင် စတင်ဖွယ်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
"တိုင်းရင်းသားဘာသာတွေနဲ့ သင်ခန်းစာပြုစုဖို့ ပညာရှင်တွေ၊ သက်ဆိုင်ရာ တိုင်းရင်းသားစာပေ
ကော်မတီတွေ၊ ဒေသအစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အဓိကတော့ သင်ယူမယ့်သူ
ရယ်၊ နေရာရယ်၊ သင်ကြားပေးမယ့်သူရယ်ပေါ့။ ဒီအချက်တွေက အရေးကြီးပါတယ်။ အနီးစပ်ဆုံး
လာမယ့် ပညာသင်နှစ်မှာ စတင်သင်ကြားပေးနိုင်ဖို့ ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ ဘာသာ
စကားသင်ကြားတဲ့ အချိန်တစ်ချိန်အနေနဲ့ ကျောင်းပြင်ပချိန်မှာ သင်ကြားပေးသွားမှာပါ"ဟု
ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က မြန်မာတိုင်း(မ်)
ကို ပြောသည်။
အစိုးရ အခြေခံပညာကျောင်းများ၌ တိုင်းရင်းသားဘာသာစကား သင်ကြားရေးနှင့်ပတ်သက်၍
သက်ဆိုင်ရာ တိုင်းရင်းသားအချို့အား မေးမြန်းခဲ့ရာ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီဥက္ကဋ္ဌ
ဒေါက်တာအေးမောင်က "ကောင်းပါတယ်။ မိခင်ဘာသာစကားနဲ့ သင်ပေးတော့ တိုင်းရင်းသား
ကလေးတွေလည်း ပိုတတ်လွယ်မှာပေါ့။ တိုင်းရင်းသား ချစ်ကြည်ရေးကိုလည်း အထောက်အကူ
ပြုနိုင်ပါတယ်" ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။
"ယေဘုယျအားဖြင့်တော့ ကောင်းပါတယ်။ တိုင်းရင်းသားပေါင်းစုံ စုပေါင်း နေထိုင်တဲ့ ပြည်ထောင်စု
နိုင်ငံဖြစ်တဲ့အတွက် မူအရ ကျောင်းတိုင်းမှာ တိုင်းရင်းသားဘာသာစကား သင်ပေးတဲ့အချိန် တစ်ချိန်
ရှိသင့်တယ်ထင်တယ်။ ဒါပေမဲ့ အခုအစီအစဉ်က ဘယ်လိုလဲမသိသေးဘူးပေါ့။ နေရာတိုင်းမှာ
သင်ချင်တဲ့လူရှိလို့ တောင်းဆိုလာခဲ့ရင် သက်ဆိုင်ရာ တိုင်းရင်းဘာသာစကားမှာ ကျွမ်းကျင်မှု
ရှိတဲ့သူ လုံလောက်ပါ့မလားဆိုတာတော့ တွေးမိတယ်။ နောက်ပြီး ပိုလေးနက်တဲ့ အပိုင်းက
သင်ခန်းစာတွေကို ဘာသာပြန်ပြီး သင်မှာလား၊ ဘယ်လိုသင်မှာလဲ၊ အဲဒါ အခက်အခဲရှိမယ်ထင်
တယ်။
"ကျောင်းသင်ခန်းစာတွေကို တိုင်းရင်းသား ဘာသာစကားတစ်မျိုးစီတိုင်းနဲ့ အပြည့်အစုံသင်ကြားဖို့
တော်တော် ခက်ခဲမယ်။ တိုင်းရင်းသားစာပေသင်ကြားတယ်ဆိုတာထက် တိုင်းရင်းသားစကား
သင်ချင်တဲ့သူတွေအတွက် သီးသန့်ဘာသာစကား သင်ကြားတဲ့ အချိန်တစ်ချိန်အနေနဲ့ဆို ပိုအဆင်
ပြေမယ်ထင်တယ်" ဟု မန္တလေးမြို့ ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ၊ လက်ရှိ
တွင်လည်း ရှမ်းစာ သင်ကြားပေးနေသည့် ဦးစိုင်းအောင်မိန်း(မိုတိုင်း)က ပြောသည်။















