အင်းစိန်(ရွာမ)ရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် အမှတ်(၃)သံမဏိ စက်ရုံဝင်းအတွင်း အပ်နှံ
ယာဉ်အိုယာဉ်ဟောင်းများ ဖျက်ဆီးစုပုံထားရာနေရာတွင် ယခုလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅
မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မွန်းတည့်ချိန်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
"မနက် ၁၀ နာရီ ၄၅ မှာ စလောင်တယ်။ မီးကိုတော့ ၁၂ နာရီဝန်းကျင် လောက်မှာ ငြိှမ်းနိုင်ခဲ့တယ်။
မီးကြွင်းမီး ကျန်ကတော့ ငြိှမ်းတုန်းပါပဲ။ စလောင်တဲ့ နေရာကို မသိရသေးတော့ ရှာဖွေပြီး ငြှိမ်းနေ
တယ်"ဟု မီးငြိှမ်းသတ်ရာတွင် ပါ၀င်ခဲ့သည့် ကမာရွတ်မြို့နယ်၊ အရန် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ
တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့် သံမဏိစက်ရုံတည်ရှိရာ အဆိုပါခြံဝင်းမှာ ဖျက်ဆီးရန် ပုံထားသော
ယာဉ်အို ယာဉ်ဟောင်းများဖြင့် ပြည့်နှက်နေသည့်အတွက် မီးသတ်ကားများ မဝင်နိုင်ခြင်းကြောင့်
မီးသတ်တပ်ဖွဲ့ဝင်များမှာ မော်တော်ယာဉ်ဟောင်းများ စုပုံထားရာ နေရာသို့ မီးသတ်ပိုက်များ ယူ
ဆောင်ကာ မီးငြိှမ်းသတ်ခဲ့ရသည်။
"ဒီကားတွေပုံထားတဲ့ အပုံအောက် ခြေအတွင်းဘက်ထဲက စလောင်တယ်လို့ ယူဆတယ်။
အဲဒါကြောင့် အခု ကား တွေကို ကရိန်းနဲ့ဖယ်ပြီး ရှင်းနေတယ်။ မီးတောက်က ခဏပဲတက်သွားပြီး
တောက်လျှောက် မီးခိုးတွေပဲထွက်နေတာဆိုတော့ ကားအပုံကိုရှင်းပြီး အောက်ခြေကို ငြိှမ်းသတ်ဖို့
ကြိုးစားနေတဲ့ အခြေအနေပါ။ မီးသတ်ပိုက်ပဲ အထဲကို ယူသွားလို့ရတယ်။ မီးလောင်တဲ့ ကားပုံရှိတဲ့
နေရာက ၀င်ပေါက်နဲ့လှမ်းတဲ့အပြင် အဲဒီနေရာကိုဝင်ဖို့လည်းခက်တော့ မီးသတ်ဝန်ထမ်းတွေက နံရံ
ကို ကျော်တက်ပြီး အထဲကို ၀င်ရတယ်" ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ကား အစီး ၄၀ ကျော် လာရောက်
ကြောင်း ၎င်းက ပြောသည်။
မီးလောင်ရာနေရာတွင် ရှိနေသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ၀န်ထမ်းတစ်ဦးက ထိခိုက်
ဒဏ်ရာရသူ မရှိကြောင်း ပြောသည်။
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (နြဃ) မှ စုမှူးအဆင့်ရှိ ဦးအောင်သိန်းထွေးက ဖျက်ဆီးထားသော
ယာဉ်အို ယာဉ်ဟောင်းများ၏ ဆီတိုင်ကီများထဲတွင် ဆီလက်ကျန်အနည်းငယ်စီ ရှိနေ သေးပြီး
မီးကူးစက်မည်ကို စိုးရိမ်ရသဖြင့် ၎င်းတို့အနေဖြင့် စောင့်ကြည့်ရမည်ဖြစ် ကြောင်း ပြောသည်။
"လောလောဆယ် ဘယ်ကစလောင် မှန်း မသိသေးဘူး။ ကျွန်တော်တို့ ရောက် လာတဲ့အချိန်မှာ
မီးခိုးတွေ အူတက်နေပြီ။ ကားတွေက ဖျက်ဆီးဖို့ထားတယ်ဆိုပေမယ့် ဆီတိုင်ကီတွေထဲမှာ ဆီ
လက်ကျန် တွေ ရှိနေသေးတယ်" ဟု ဦးအောင်သိန်းထွေးက ဆိုသည်။
အဆိုပါအမှတ်(၃) သံမဏိ စက်ရုံဝင်း မှာ လေးမိုင်ပတ်လည်ရှိပြီး သိုလှောင်ထားသော ကားစီးရေ
စုစုပေါင်း တစ်သိန်း ကျော်ရှိကြောင်း ၎င်းက ပြောသည်။
"၀င်းထဲမှာ ကားတွေက အရမ်းပြည့်ကျပ်နေပြီး အသွားအလာလည်း မလွယ်ဘူး။ မီးက ဒီထက်ကြီး
ရင် ဒုက္ခရောက်ပြီ။ အပ်နှံလက်ခံထားတဲ့ကားကများနေပြီး နိုင်အောင်မဖျက်နိုင်သေးဘူး။ နောက်ပြီး
ကားထဲမှာက ဘက်ထရီတွေ မဖြုတ်ရ သေးဘူးထင်တာပဲ။ ဆီတိုင်ကီထဲမှာလည်း ဆီအကပ်
အသတ်လေးတွေ ရှိနေဦးမယ်လို့ ထင်တယ်"ဟု အခင်း ဖြစ်ပွားရာနေရာတွင် ရှိနေသော အင်းစိန်
မြို့နယ်၌ နေထိုင်သူတစ်ဦးကပြောသည်။
မီးကြွင်းမီးကျန်များအား မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ငြိှမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်
အကြောင်းအရင်းကိုမူ စုံစမ်းဆဲဖြစ်ကြောင်း ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး
မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
















