FDI ဥပဒေ ပြဋ္ဌာန်းပြီးဖြစ်၍ ရင်းနှီးမြှုပ်နှံမှုတို့ ၀င်ရောက်လာတော့မည်ဖြစ်သည်။ သို့ရာတွင် မျှော်
မှန်းထားသော ရင်းနှီး မြှုပ်နှံမှုမျိုးရရှိရန် နိုင်ငံအတွင်းက အခင်းအကျင်းများအပေါ် ယုံကြည်မှုရှိဖို့လို
ကြောင်း၊ တရားစီရင်မှု အခင်းအကျင်း အဆင့်အတန်းမီဖို့နှင့် တရားရေးမဏ္ဍိုင် ပိုမိုခိုင်မာဖို့လည်း
လိုအပ်ကြောင်း ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် က
မတ်လ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး၏ ၁၇ ရက်မြောက်နေ့တွင်
လွှတ်တော်သို့ ပြောကြားသည်။
"စီးပွားရေး အောင်မြင်ဖို့ဆိုတာ တကယ်တော့ ယုံကြည်မှုအပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုပဲ
ဥပဒေတွေ ပြဋ္ဌာန်း ပြဋ္ဌာန်း၊ ဘယ်လိုစာချုပ်တွေကိုပဲ လက်မှတ်ထိုး လက်မှတ်ထိုး နောက်ဆုံးကျ
တော့ ရင်းနှီးမြှုပ်နှံဖို့စဉ်းစားတဲ့သူတွေ က ကျွန်မတို့နိုင်ငံအတွင်းက အခင်းအကျင်းအပေါ် ယုံကြည်
မှုရှိမှသာ ကျွန်မတို့ မျှော်မှန်းတဲ့ မျှော်လင့်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုရမှာပါ။ အခုဆိုရင် နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှု ဥပဒေအရ ကျွန်မတို့ဆီကို ၀င်လာမယ့်၊ အရင်းအနှီးတွေလည်းရှိ နေပြီ။ အခုလို 1958
New York Convention ကို ကျွန်မတို့နိုင်ငံက ၀င်မယ်ဆိုရင် ဒီလိုဝင်တဲ့အတွက် အကျိုးသက်
ရောက်မှုတွေကို ခံစားရမယ်ဆိုပေမယ့် ပြည့်ပြည့်ဝဝခံစားနိုင်ဖို့ဆိုတာက ပြည်တွင်း အခင်းအကျင်း
ကလည်း ပြည့်စုံဖို့ လိုအပ်ပါတယ်။
"ပြည်တွင်းရဲ့ တရားစီရင်မှု ယန္တရား၊ တရားစီရင်မှု အခင်းအကျင်းဟာ အဆင့်အတန်းမီဖို့ လိုပါ
တယ်။ ကျွန်မတို့ရဲ့ တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးတော့ခိုင်မာဖို့ လိုသလို ကျွန်မတို့ဘက်ကနေ
ပြင်ဆင်သင့်တဲ့ကိစ္စတွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံအတွင်း အင်အားတွေ၊
အတွင်းအရည်အချင်း တွေကို မြှင့်တင်နိုင်မှ နိုင်ငံခြားကနေပြီး ရောက်လာမယ့် အခွင့်အရေးတွေ
ဟာ ကျွန်မတို့ နိုင်ငံသူနိုင်သားတွေအတွက် အပြည့်အဝ အကျိုးပြုနိုင်မှာဖြစ်ပါတယ်" ဟု ပြည်သူ့
လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်း
စုကြည် က ပြောသည်။
Convention on the Recognition Enforcement of Foreign Arbitral Awards, 1958
(New York Convention) သို့ အဖွဲ့ဝင်အဖြစ် မြန်မာ နိုင်ငံက ၀င်ရောက်ရေးနှင့် ပတ်သက်ပြီး
ပြည်ထောင်စုလွှတ်တော်၌ ကိုယ်စားလှယ်ခုနစ်ဦးတို့ ဆွေးနွေးကြရာတွင် ပါ၀င်ဆွေးနွေးခဲ့ရာ
၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ၃-၁-၂၀၁၂ ခုနှစ်၌ စတင်အဆိုတင်သွင်းခဲ့
ပြီး လွှတ်တော်၌ အောင်မြင်စွာ ဆွေးနွေးအတည်ပြုခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးပို့ခဲ့ရာ
၂၂-၁-၂၀၁၃ တွင် နိုင်ငံတော် သမ္မတရုံး က ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့လာသော
၎င်း "1958 New York Convention သို့ မြန်မာနိုင်ငံ ၀င်ရောက်ရေး" အဆိုကို ၅-၃-၂၀၁၃ တွင်
ပြည်ထောင်စုလွှတ်တော်က အတည်ပြု နိုင်ခဲ့ကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံက ထိုသို့ဝင်ရောက်ခြင်းကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ သို့မဟုတ်
အခြားစီးပွားရေးလုပ်ငန်းများတွင် နှစ်ဦးနှစ်ဖက် သဘောတူညှိနှိုင်းပေးသည့် ပြည်တွင်း ပြည်ပ
ခုံသမာဓိများ၏ စီရင်ဆုံးဖြတ်ခြင်းကို မျှတစွာ ရရှိကြမည်ဖြစ်သည်။
"ဒီ ခုံသမာဓိရုံးနဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တာရှိခဲ့လို့ရှိရင်ထပ်ပြီးတော့ ပြည်တွင်းမှာ လုပ်ရမယ့်
အလုပ်တွေလည်း ရှိပါတယ်။ ပြည်တွင်းရဲ့ တရားစီရင်အုပ်ချုပ်မှုယန္တရား၊ တရားစီရင်မှု အခင်း
အကျင်းဟာ အဆင့်အတန်းမီဖို့ လိုသလို ကျွန်မတို့ ပြည်တွင်းမှာလည်း ဒီလိုခုံရုံးတွေဟာ ဘယ်လို
လုပ်တယ်၊ ဘယ်လိုနည်းနဲ့ ဆုံးဖြတ်တယ်ဆိုတာ တွေကိုလည်း ကျေကျေလည်လည် နားလည်ဖို့
လိုပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးတော့ ခိုင်မာဖို့လိုသလို ဥပဒေပညာ
ရှင်တွေကလည်း ဒီလိုခုံရုံးတွေနဲ့ပတ်သက်လို့ ပိုပြီးတော့ ပညာတွေဖြည့်စွက်ဖို့ လိုမယ်လို့ ထင်ပါ
တယ်"ဟုလည် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။















