သင့်လျော်သည့်အချိန်တွင် သူရဦးရွှေမန်းသို့ ဥက္ကဋ္ဌရာထူး လွှဲမည်ဟုဆို

သင့်လျော်သည့်အချိန်တွင် သူရဦးရွှေမန်းသို့ ဥက္ကဋ္ဌရာထူး လွှဲမည်ဟုဆို

ပြည်ထောင်စုလွှတ်တော်၌ အမတ် နေရာ အများဆုံးနေရာရထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်သည် လက်ရှိပါတီဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းအား သင့်လျော်သည့်အချိန်တွင် လွှဲပြောင်းပေးသွားမည်ဟု ပါတီဗဟိုကော်မတီဝင်
တစ်ဦးက ပြောသည်။

"သင့်လျော်တဲ့အချိန်မှာ ပါတီဥက္ကဋ္ဌ တာဝန်ကို စွန့်လွှတ်မယ်။ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူး
လွှဲပေးမယ် ပြောထားတာပါ။ အခုထိတော့ စာနဲ့ထုတ်ပြန်တာ မရှိသေးပါဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ
ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ သူရ ဦးအောင်ကိုက ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးရဲထွဋ်အား မြန်မာတိုင်း(မ်)က အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေး မြန်းခဲ့သော်
လည်း ယနေ့အထိ အကြောင်းတစ်စုံတစ်ရာပြန်ကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ၏ ပထမ အကြိမ်ညီလာခံတွင်
သမ္မတ ဦးသိန်းစိန် အား ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီ
ဖွဲ့စည်းပုံစည်းမျဉ်းများနှင့် မကိုက်ညီဟု မီဒီယာများ၊ အွန်လိုင်းများနှင့် အခြား ပါတီအချို့က ဝေဖန်
မှုများရှိခဲ့သည်ဟု သူရဦးအောင်ကိုက ပြောသည်။

"သမ္မတက ပါတီဥက္ကဋ္ဌတာဝန်သာ ယူထားတာ၊ ပါတီတာဝန်တွေ မလုပ်ဘူး။ သို့သော်လည်း
အခြေခံဥပဒေမှာက ပါ၀င်ဆောင်ရွက်ခြင်းမပြုရဆိုတော့ ဆောင်ရွက်ခြင်းတော့မပြုဘူး။ ဥက္ကဋ္ဌ
အနေနဲ့ ပါ၀င်တဲ့သဘောတော့ သက်ရောက်နေပါဆို တော့ သင့်လျော်တဲ့အချိန်မှာ ပါတီဥက္ကဋ္ဌ
တာဝန် ကို စွန့်လွှတ်မယ်လို့ ပြောထားတာရှိပါတယ်"ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ တွင် နိုင်ငံတော်သမ္မတ၊ သို့မဟုတ် ဒုတိယသမ္မတများသည်
နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ၊ သို့မဟုတ် ဒုတိယသမ္မတများအဖြစ်
ရွေးချယ်တင်မြှောက်ခြင်းခံရသည့် နေ့မှစ၍ မိမိတို့သက်တမ်းအတွင်း ပါတီလုပ်ငန်းများတွင် ပါ၀င်
ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

အခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ ဋ တွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီ တစ်ခုခု၏
အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့် နေ့မှစ၍ မိမိရာထူး
သက်တမ်းအတွင်း ယင်း ပါတီအဖွဲ့ အစည်း၏ ပါတီလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ခြင်းမပြုရဟု
ဖော်ပြထားသည်။

ယင်းပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်
က ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုပေးပါရန် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဆဋ္ဌမပုံမှန်
အစည်းအဝေး စတုတ္ထမြောက်နေတွင် အဆိုတင်သွင်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသာလျှင် အဆိုကို အဓိပ္ပာယ်ဖွင့်ရန် သင့်လျော်ပြီး ဥပဒေနှင့်
ညီညွတ်မည်ဟု သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြန်လည်ရှင်းလင်းခဲ့
သည်။

အဆိုကို လွှတ်တော်တွင်း ဆွေးနွေးခွင့်ပြုမည် မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး
ပေါ်ပေါက်လာလျှင် ဖွင့်ဆိုချက် တောင်းခံသွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က
အဆိုပါနေ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ ၂၅ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သင့်တော်သည်ဟု အဆိုပြု
ခဲ့သူ ဦးမြသိန်းအား အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သဖြင့် မကြာမီ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ဆက်လက် ဆောင်ရွက်ဖွယ်ရှိသည်ဟု ပုသိမ် ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

"အဲဒီကိစ္စတွေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကျွန်တော်က ခုံရုံးကိုတင်သွင်းခွင့်မရှိဘူး။ ဒါကြောင့် တင်သွင်း
ခွင့်ရှိတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးထံ အဆိုတင်တော့ လွှတ်တော်မှာ မှတ်တမ်းတင်ထားပြီး
ဆောင်ရွက်ပေးမယ် ပြောပါတယ်" ဟု ဦးဝင်းမြင့်က ပြောသည်။

"အခုထိတော့ ဥက္ကဋ္ဌကြီးက ဘာမှ မပြောသေးပါဘူး။ ကျွန်တော်ကလည်း သွားမမေးဖြစ်သေးပါ
ဘူး"ဟု ၎င်းက ဖြည့်စွက်ပြောသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ ပြည်ထောင်စုအဆင့် တာဝန်တွေယူလို့ရှိရင် ပါတီ တာဝန်တွေ
ထမ်းဆောင်ခြင်းမပြုရဆိုပါတယ်။ ပါတီကထွက်ပါလို့ မပါပါဘူး"ဟု ပါတီဒုတိယ ဥက္ကဋ္ဌတစ်ဦး
ဖြစ်သူ ဦးဌေးဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး