မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် လူနေမှုတိုးတက်လာစေရေး ကော်မတီများ ဖွဲ့စည်းရန်ညွှန်ကြား

မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် လူနေမှုတိုးတက်လာစေရေး ကော်မတီများ ဖွဲ့စည်းရန်ညွှန်ကြား

မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှု အထောက်အကူပြု
ကော်မတီများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဖွဲ့စည်းကြရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး
များထံ နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန် ညွှန်ကြားလိုက်သည်။

တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊
သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ထိုသူ
များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၊ ပုဒ်မခွဲ က နှင့် ဂ တို့အရ အမျိုးသားစီးပွားတိုးတက်ရေး
အတွက် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စသည့် အင်အားစုများ ပူးပေါင်း ကာ အဆိုပါ
အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းရမည်ဖြစ်သည်။

ထိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အဓိက ဖွဲ့စည်းရခြင်းမှာ ပြည်သူတို့၏
လူမှု အဆင့်အတန်း မြှင့်တင်ရေးကို ဆောင်ရွက်နိုင်ရန်ဖြစ်သည်။

"ဒီလို ကော်မတီဖွဲ့မယ်ဆိုတာတော့ သေချာမသိဘူး။ ဒါပေမဲ့ လူမှုရေး အထောက်အကူပြုဖို့
အတွက်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေ ရွေးပြီးကတည်းက ကြားပါတယ်။ အဲဒီကော်မတီမှာ ပါနိုင်တာက
အရင် ရပ်ကွက်တွေထဲက သမာသမတ်ရှိတဲ့ ရပ်မိရပ်ဖတွေ ပြန်ပါနိုင်မယ်လို့ ကြားတယ်"ဟု
မရမ်းကုန်းမြို့နယ် အတွင်းရှိ ရပ်ကွက်ကြီးတစ်ခုမှ ရပ်မိ ရပ်ဖတစ်ဦးဖြစ်သူ ဦးမြင့်က ပြောသည်။

ယခင် ရပ်ကွက်အတွင်းရှိ လူမှုရေးလုပ်ငန်းများအတွက် ရေးရာအဖွဲ့အသွင် ဖွဲ့စည်းမည်ဟု ယူဆ
ခဲ့သော်လည်း ယခု နိုင်ငံတော်သမ္မတရုံးက တရားဝင် ကြေညာပြီဖြစ်သောကြောင့် ကော်မတီ
အနေဖြင့် တရားဝင်ရပ်တည်မည်ဖြစ် ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို မြို့နယ်အဆင့်
အုပ်ချုပ်ရေးမှူးများက တရားဝင် ညွှန်ကြားလိမ့်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့် အမိန့်ကြေညာချက်အရ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီဆိုပါက အဖွဲ့ဝင် အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ကိုးဦးဖြင့် လည်းကောင်း၊ ရပ်ကွက်
သို့မဟုတ် ကျေးရွာကော်မတီဆိုပါက အနည်းဆုံး ငါးဦးမှ အများဆုံး ခုနစ်ဦး အထိလည်းကောင်း
ဖွဲ့စည်းရမည်ဖြစ်သည်။ "

ကျွန်တော်တို့ ရေစကြိုဘက်မှာတော့ ညွှန်ကြားချက်က ဒီနေ့အထိတော့ မလာ သေးဘူး။ ဒါပေမဲ့
ညွှန်ကြားချက်လာရင်လည်း ဒီမှာက ကော်မတီဖွဲ့ဖို့က ပေးထားတဲ့အချိန် လုံလောက်ပါတယ်။
ရွာမှာ လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့အဖွဲ့ တွေရှိတော့ ပြန်ပြီးတော့ ကော်မတီဖွဲ့ရင်လည်း လွယ်
ပါတယ်" ဟု မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကုက္ကိုလ်စုရွာမှ ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးဘုန်းမြင့်က ပြောသည်။

အချို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူး ရွေးစဉ်ကာလကပင် ဒေသ၏ရွေးချယ်မှု
နှင့် မကိုက်ညီခဲ့မှုများ ရှိခဲ့သောကြောင့် ထိုဒေသများတွင်မူ ယခု ပေးထားသည့် တစ်လသည်
လုံလောက်ချင်မှ လုံလောက်နိုင်မည်ဟ ု၎င်းကပြောသည်။

"ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးတုန်းက ပြည်သူက ရွေးချယ်ရတဲ့စနစ်နဲ့ အသားမကျသေးခဲ့တော့
တချို့နေရာတွေမှာ ပြဿနာတွေရှိခဲ့တယ်။ အခုတော့ အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို
အုပ်ချုပ်ရေး သင်တန်းတွေ ပေးနေပါပြီ"ဟု ဦးဘုန်းမြင့်က ပြောသည်။

ယခုလို ကော်မတီများ ဖွဲ့စည်းစေခြင်း ကြောင့် ကျေးရွာများတွင် ဆင်းရဲမွဲတေမှုကို တစ်နည်းတစ်ဖုံ
လျော့ကျစေမည် ဖြစ်ကြောင်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး