အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းစေ မည့် နိုင်ငံရေးအပြောင်းအလဲကြီးများ ကို အဟန့်အတားမရှိ
ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရန် ပြစ်ဒဏ်များ လျော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်များ
အကြိမ်ကြိမ် ပေးခြင်းထက် လုံးဝကွင်း လုံးကျွတ် လွတ်ငြိမ်းစေမည့် အထွေထွေ လွတ်ငြိမ်းချမ်းသာ
ခွင့်အမိန့် ထုတ်ပြန် နိုင်ရန် အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်
၏ မေးခွန်းနှင့် ပတ်သက်ပြီး ထိုလွတ်ငြိမ်းချမ်းသာခွင့်အတွက် ထောက်ခံချက်ပေး နိုင်သည့် အမျိုး
သားကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ အဖွဲ့ဝင် သူရဦးရွှေမန်း က စွမ်းအားရှိသ၍ဆက်လက်
ဆောင် ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
'မိမိ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ အမျိုးသားကာကွယ်
ရေးနဲ့၊ လုံခြံုရေးကောင်စီ အဖွဲ့ဝင်တစ်ယောက် အနေနဲ့ မိမိတို့ဆောင်ရွက်တဲ့နေရာမှာ စာနာ
ထောက်ထားခြင်း၊ ကျေးဇူးတင်ရှိ ခြင်း၊ ကျေးဇူးကို အသိအမှတ်ပြုခြင်း၊ ခွင့်လွှတ်စာနာခြင်းများဟာ
ကောင်းတဲ့ အခြင်းအရာများဖြစ်တယ်လို့ ခံယူပြီး အခု ဦးခိုင်မောင်ရည် မေးခွန်းအပေါ် မိမိစွမ်းအားရှိ
သ၍ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
"မိမိတို့ရဲ့ လွှတ်တော်မှာ ဆောင်ရွက် ပြောဆိုနေကြတဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုး
သားပြန်လည် သင့်မြတ်ရေးဟာ တစ်နိုင်ငံလုံးအတွက် တကယ့်ကို လိုအပ်တဲ့ကိစ္စများ ဖြစ်ပါတယ်။
ဒီလိုအခြေခံပြီး ပြီးခဲ့တဲ့ အတိတ်ကာလ အခြေအနေပေါ် သင်ပုန်းချေတယ် ဆိုတာထက် ပြန်လည်
သုံးသပ် သင်ခန်းစာယူပြီး နောင်ဤကဲ့သို့ မဖြစ်ရေးကို ရှေ့ရှုဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ပြောကြားအပ်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဦးခိုင်မောင်ရည်၏ မေးခွန်းတွင် 'နိုင်ငံရေးအပြောင်းအလဲနှင့် စီးပွားရေး အပြောင်းအလဲတို့ကို
တစ်ပြိုင်တည်း အကောင်အထည်ဖော်ရမည့် နိုင်ငံရေး အနေအထားသို့ ရောက်ရှိနေကြောင်း ယခု
အခါ အုပ်ချုပ်ရေးစနစ်ပြောင်းခဲ့ပြီ ဖြစ်သော်လည်း စီးပွားရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး
လည်ပတ်မှုပုံစံတို့မှာ ယခင်အတိုင်းပင် ရှိနေဆဲဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာပြီး ပြည်သူအားလုံး
ယုံကြည်ကိုးစားသည့် အုပ်ချုပ်မှုပုံစံသို့ ကူးပြောင်းရောက်ရှိရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား
စီရင်ရေးကဏ္ဍများ ရှိ အဟန့်အတားများကို ဖယ်ရှားနိုင်ဖို့ လိုကြောင်း၊ ထို့အတူပင် အကြိမ်ကြိမ်
ပြစ်ဒဏ်များ လျော့ပေါ့ပြီး လွတ်ငြိမ်း ချမ်းသာခွင့်များ ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပရှိ ဆန့်ကျင်
ဘက် နိုင်ငံရေးအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခြင်း၊ အဖွဲ့
အစည်းအသီးသီး၏ ပြည်ဝင်ပြည်ထွက်မှုများ၊ ပြည်တော် ပြန်ဝင်ရောက်မှုများ ပေါ်ပေါက်လာခြင်း
တို့လည်း တွေ့ရှိ ရပါကြောင်း သို့ရာတွင် ကွင်းလုံးကျွတ် ခွင့်ပြုချက်မျိုး မရှိသေးကြောင်း၊ ပြည်သူ့
အကျိုး ရှေးရှုသည့် ဥပဒေပြုရေး၊ ဘက်မလိုက်သော တရားစီရင်ရေးများ၊ အမှန်တကယ် ဖြစ်ထွန်း
ပေါ်ပေါက်စေရန် နိုင်ငံတော်နှင့်စပ်ဆိုင်သည့် အမှုအခင်းများကို ပြည်သူတို့ ပွင့်လင်းမြင်သာစွာသိရှိ
ရေးအတွက် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မှုများကို မျှတမှန်ကန်စွာ ဆောင်ရွက်ပေးစေလို
ကြောင်း စသည့် ရည်ညွှန်းချက်များ ပါ၀င်ပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်
ထုတ်ပြန်နိုင်ပါရန် ဤမေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
၎င်း၏ မေးခွန်းအပေါ် နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးစိုးမောင်က
'လောလောဆယ် အစီအစဉ်မရှိသေးပါ' ဟု တစ်ခွန်းတည်း သော စကားရပ်ဖြင့် တိုတောင်းစွာ
ပြောကြားအပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က လွှတ်တော်သို့ အထက်ပါ
အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။















