အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ နိုင်ငံလုံးဆိုင်ရာ အထွေထွေညီလာခံ ကျင်းပရန် ရက်ပိုင်းသာ
လိုတော့သည့် အချိန်တွင် ညီလာခံတက်မည့် ကိုယ်စားလှယ်လေးဦးကို ညီလာခံကျင်းပရေး
ကော်မရှင်က မတ် ၅ ရက်တွင် ကိုယ်စားလှယ်အဖြစ်မှရပ်စဲသည့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကော်မရှင်၏ ကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အမျိုးသား ညီလာခံကိုယ်စား
လှယ်သုံးဦးဖြစ်သည့် လမ်းမတော်မြို့နယ်မှ ဦးခင်မောင်ဝင်း၊ ရွှေပြည်သာမြို့နယ်မှ ဦးသန့်ဇင်၊
မြောက်ပိုင်းခရိုင်မှ ဦးခင်မောင်ရှိန် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်မှ အမျိုးသမီး
ကိုယ်စားလှယ် ဖြစ်သူ ဒေါ်မိမိကြီးတို့ ပါ၀င်သည်။
ယင်းကြေညာချက်တွင် ထုတ်ပယ်ခံရသည့်သူများသည် အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲ
ပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများရှိသည်ဟု ခိုင်လုံသောသက်သေများရရှိထား
၍ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ကို ရပ်စဲလိုက် ခြင်းဖြစ်ကြောင်း
ပါရှိသည်။
ဘီဘီစီသတင်းဌာန မတ်လ ၅ ရက် နေ့သတင်းတွင် ဗဟိုညီလာခံကျင်းပရေး ကော်မရှင်တစ်ဦး
ဖြစ်သူ ဦးအုန်းကြိုင်ကို မေးမြန်းခဲ့ရာ၌ ညီလာခံတွင် ဒီမိုကရေစီ နည်းကျကျရွေးချယ် တင်မြောက်
နိုင်ရန်အတွက် သက်ဆိုင်ရာ ကိုယ်စားလှယ်များ၏ လှုပ်ရှားဆောင်ရွက်မှုအချက်အလက်များနှင့်
ပြည့်ပြည့်စုံစုံ ဖြန့်ဝေရန် စီစဉ်ထားသော်လည်း ကိုယ်စားလှယ်တချို့သည် သီးခြား မဲဆွယ်မှုများ
ပြုလုပ်နေသည်ဟု သတင်းရရှိခဲ့သောကြောင့် ယခုကဲ့သို့ အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း
၎င်းက ဖြေကြားခဲ့သည်။
ထိုကြေညာချက် ထွက်ပေါ်လာပြီး နောက်ထုတ်ပယ်ခံရသူတချို့အနက် ရန်ကုန်တိုင်းဒေသကြီး
မြောက်ပိုင်းခရိုင်မှ ဗဟိုညီလာခံကိုယ်စားလှယ် ဦးခင်မောင်ရှိန်က မတ်လ ၆ ရက်နေ့တွင် သတင်း
ထောက်များနှင့် တွေ့ဆုံပြီး ၎င်း၏ ထုချေလွှာကို ဖြန့်ဝေခဲ့သည်။
အဆိုပါ ထုချေလွှာတွင် ၎င်းသည် ၁၉၉၈ ခုနှစ်ခန့်မှ စတင်ခါ အင်းစိန်မြို့ နယ်အဖွဲ့ချုပ်ဝင်တစ်ဦး
အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလတွင် မရမ်းကုန်း
မြို့နယ်မှ ၀င်ရောက်ယှဉ် ပြိုင်သည့် ဒေါက်တာမေဝင်းမြင့်အတွက် ရွေးကောက်ပွဲအောင်နိုင်ရေး
တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ် ကြောင်း၊ အဖွဲ့ချုပ်မှ စွပ်စွဲပြောဆိုသကဲ့ သို့သိရှိခြင်း
မရှိပါကြောင်း ရေးသား ဖော်ပြထားသည်။
ပါတီ၏နာယကတစ်ဦးလည်းဖြစ်သူ သတင်းစာဆရာ ဦးဝင်းတင်က ယခု ဖြစ်ပေါ်နေသော ကိစ္စရပ်
များသည် ရုတ်တရက် ဖြစ်ပေါ်လာသော ဖြစ်ရပ်များဖြစ်သဖြင့် ၎င်းအနေဖြင့်လည်း အံ့ဩမိကြောင်း
ပြောသည်။
"အခု အရေးယူခံရတဲ့သူတွေထဲက တစ်ယောက်ပဲ နာမည်သာသိတာ၊ လူတောင်မမြင်ဖူးဘူး။ ဘာမှ
ဝေဖန်စရာမရှိဘူး။ ဒါပေမဲ့ အခုလို ဖြစ်ပေါ်ပုံကိုလည်း မလိုလားဘူး။ ကောင်းတယ်လို့လည်း မယူဆ
ဘူး။ မှန်တယ်လို့ကော ဖြစ်သင့်တယ်လို့ကော မယူဆဘူး' ဟု ဦးဝင်းတင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၏ ၂၅ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ် နိုင်ငံလုံး
ဆိုင်ရာညီလာခံကို လာမည့် မတ်လ ၈ ရက်မှ ၁၀ ရက်နေ့ အထိ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ
စားသောက်ဆိုင်ခန်းမ၌ ပြုလုပ်သွားမည်ဖြစ်သည်။















